ချဉ်ငန်စပ်အရသာရှိတဲ့ဟင်းဖြစ်တဲ့အတွက် ဒီဟင်းတစ်ခွက်ချက်ပြီး တို့စရာ အသီးအနှံလေးတွေ ပြင်ဆင်လိုက်ရင် ပြည့်စုံတဲ့ထမင်းဝိုင်းလေးဖြစ်ပါပြီ။
လိုအပ်တဲ့ပစ္စည်းတွေကတော့ သရက်သီး၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်အဖြူ၊ ကြက်သွန်အနီ၊ ချင်း၊ ဆီ၊ဆား၊ အရသာမှုန့်၊ ဆနွင်းမှုန့်၊ ငါးပိ၊ နှစ်သက်ရာငါးတစ်မျိုးမျိုး ဖြစ်ပါတယ်။
ရန်ကုန်က ငါးချက်စားရင် ချင်းထည့်ချက်ကြတာဖြစ်တဲ့အတွက် အိုးသူကြီးက လိုအပ်တဲ့ပစ္စည်းတွေမှာ ချင်းကို ထည့်လိုက်တာပါ။ အိုးသူကြီးတို့ မြေလတ်ဒေသကတော့ ငါးချက်တဲ့အခါ ချင်းမထည့်တဲ့အတွက် အိုးသူကြီးကတော့ ချင်းမထည့်ထားပါဘူး။
ငါးကိုလည်း အရိုးနည်းပြီး အသားများတဲ့ ဘယ်ငါးနဲ့မဆို ချက်လို့ရပါတယ်။ အိုးသူကြီးကတော့ ငါးကြင်းဖြူကို အသုံးပြုထားပါတယ်။
ချက်ဖို့ အရွယ်တော်ခုတ်ထားတဲ့ ငါးကြင်းဖြူကို ဆား၊ နနွင်း၊ အရသာမှုန့် ထည့်နယ်ပြီးနှပ်ထားပါ။ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို သင့်တော်သလို လှီးထားပါ။ သရက်သီးစိမ်းကို ပါးပါးလှီးထားပါ ။ ဒီနေရာမှာ အချို့က အခွံကိုမလှီးဘဲ ဒီအတိုင်းထည့်ပါတယ်။ အခွံကပါးရင် အခွံမသင်ဘဲ ပါးပါးလှီးထည့်လို့ရပါတယ်။ အခွံက ထူရင်တော့ အခွံရဲ့ခါးသက်သက်အရသာက ဟင်းကို ဖျက်မှာစိုးတဲ့အတွက် မထည့်ဖို့ အိုးသူကြီးက တိုက်တွန်းချင်ပါတယ်။
ကြက်သွန် အဖြူ၊ အနီ ထောင်းထားတာကိုဆီသတ်ပြီး အနည်းငယ် မွှေးလာပြီဆိုရင် ငါးပိသင့်ရုံထည့်ပါ။ ငါးပိထည့်တဲ့အချိန်မှာ ငါးပိတူးသွားမှာစိုးတဲ့အတွက် မီးကို အနည်းငယ်လျှော့ထားဖို့ အကြံပြုပါရစေ။
ပြီးရင်ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး ခရမ်းချဉ်သီး အနှစ်ရပြီဆိုရင် သရက်သီးလှီးထားတာတွေထည့်ပါ။ တချို့ကတော့ ခရမ်းချဉ်သီးမထည့်ဘဲ ချက်ကြပေမယ့် အိုးသူကြီးက ဟင်းအနှစ်များများလိုချင်တဲ့အတွက် ထည့်ပါတယ်။ သရက်သီးရဲ့အချဉ်က ဟင်းအနှစ်ထဲဝင်ပြီဆိုရင် ငါးထည့်ပါ။
ငါးရဲ့အပေါ်ယံအသားက တင်းပြီဆိုရင် ရေထည့်ပါ။ အသားနူးပြီး ဟင်းအနှစ်က အနေတော်ဖြစ်ပြီဆိုရင် အရသာမှုန့်၊ ဆား ကိုထည့်ပါ။ ဟင်းအိုးချကာနီးမှာ ငရုတ်သီးစိမ်းများများလေးနဲ့ နံနံပင်အုပ်လိုက်ရင် ပြီးပြည့်စုံတဲ့ ချဉ်ငံစပ်အရသာ ဟင်းလေးရပါပြီ။
