ဆိုင်ခန်းအပြင် အဆင်အမိုက်စားနဲ့ ဈေးကြီးတာမျိုး မဟုတ်ဘဲ ဈေးလည်းသက်သာ အရသာလည်းကောင်း တဲ့ ဆိုင်လေးတွေပါ။
အဲဒီလိုဆိုင်တွေက ညနေခင်းရုံးဆင်းချိန်မှာ မိတ်ဆွေအပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ စကားလေးပြောပြီး အချိန်ကုန်ဆုံးလို့ လည်းကောင်းသလို အဆာပြေမုန့်ထွက်စားတဲ့အခါလည်း ရွေးချယ်သင့်တဲ့ ဆိုင်လေးတွေပါ။ အဲဒီထဲမှာမှ စာရေးသူ ဒီတစ်ပတ်ညွှန်းချင်တဲ့ ဆိုင်ကတော့ တောင်ဥက္ကလာပမြို့နယ်၊ ကေတုမာလာကွေ့နားက 'မော်လမြိုင် ရသာမြိုင်ရွှေရင်အေး' ဆိုတဲ့ ဆိုင်ပါပဲ။
ဆိုင်နာမည်ကတော့ 'မော်လမြိုင် ရသာမြိုင်' ဆိုပေမဲ့ အားလုံးက ရွှေရင်အေးဆိုတာကို ထည့်ခေါ်ကြပါတယ်။ တချို့လည်း ဒီဆိုင်ကို 'မော်လမြိုင် ရွှေရင်အေးဆိုင်' လို့ ခေါ်ကြပါတယ်။ အဓိကကတော့ ဒီဆိုင်က ရွှေရင်အေး က နာမည်ကြီးလို့ပါပဲ။ ဒါပေမဲ့ ရွှေရင်အေး တင်မကဘဲ သောက်စရာမျိုးစုံနဲ့ စားစရာတွေလည်း အစုံရတဲ့ ဆိုင်တစ်ဆိုင်ပါ။
ဆိုင်ကတော့ သုမင်္ဂလာလမ်းပေါ်က ကေတုမာလာကွေ့မှတ်တိုင်နားလေးတင်ဆိုတော့ ရှာရတာ မခက်ပါဘူး။ ကံထရိုက်တိုက်ရဲ့ မြေညီထပ်မှာ ဖွင့်ထားတာဖြစ်ပြီး တိုက်ထဲမှာအပြင် ဆိုင်ရှေ့မျက်နှာစာမှာလည်း ယာယီ တဲကြီးထိုးပြီး စားပွဲတွေ ခင်းထားပါတယ်။ မတွေ့ရင်လည်း အဲဒီအနားတစ်ဝိုက်မှာ မေးလိုက်လို့ရပါတယ်။ ဆိုင်က အဲဒီနေရာမှာ ရောင်းနေတာ နှစ်လည်းအတော်ကြာနေပြီမို့ အဲဒီနားတစ်ဝိုက် မသိတဲ့သူ ရှားပါတယ်။
စာရေးသူနဲ့ သူငယ်ချင်းနှစ်ယောက် သွားစားဖြစ်ခဲ့တဲ့နေ့က တနင်္ဂနွေနေ့လည်းဖြစ် ည ၇ နာရီလောက်လည်းဆိုတော့ ဆိုင်ထဲမှာရော ဆိုင်အပြင်မှာပါ လူတော်တော်လေး ပြည့်နေပါပြီ။ သူများစားပွဲနဲ့ ပေါင်းထိုင်ရတော့မယ့် အနေအထားမှာပဲ ကံကောင်းစွာပဲ တစ်ဝိုင်းက ပိုက်ဆံရှင်းနေတော့ စာရေးသူတို့ သီးသန့် စားပွဲလေး ရလိုက်ပါတယ်။
အဲဒီအချိန်လောက်မှာ တချို့တွေလည်း လူများလို့ ဝိုင်းဆက်ပြီး ထိုင်နေတဲ့အတွက် ဆိုင်မှာ စုစုပေါင်း စားပွဲဝိုင်းဘယ်လောက်ရှိတယ်ဆိုတာကို သတိမထားမိလိုက်ပါဘူး။ အနည်းဆုံးတော့ အတွင်းရော အပြင်ရော ၁၀ ဝိုင်းလောက်တော့ ရှိမယ်ထင်ပါတယ်။ မီနူးကတော့ စာရေးသူအကြိုက် ရိုးရှင်းပါတယ်။ ပလတ်စတစ်လောင်ထားတဲ့ စက္ကူတစ်ရွက်စာပဲရှိပြီး တစ်ဖက်မှာ အအေးတွေနဲ့ တစ်ဖက်မှာ စားစရာတွေပါ။ ပုံတော့မပါပေမဲ့ ဈေးနှုန်းတွေ ရေးထားပါတယ်။ မကြိုက်တဲ့ တစ်ချက်က မီနူးကို လေးခု လောက်ပဲ လုပ်ထားတဲ့အတွက် တစ်ခါမှာပြီး တာနဲ့ ပြန်သိမ်းသွားတာပါပဲ။ ဒီတော့ နောက်ထပ်မှာချင်ရင် မီနူးကို ထပ်တောင်းနေရတာပါပဲ။ ဒါပေမဲ့ တောင်းလိုက်ရင်တော့ ချက်ချင်းတော့ လာချပါတယ်။ တခြားဝိုင်းတွေက ကြည့်မနေရင်ပေါ့လေ။
ဒီဆိုင်မှာက စားစရာတွေထက် သောက် စရာ (အချိုတည်းစရာ)တွေက ပိုစုံပါတယ်။ ရွှေရင်အေး၊ ဖာလူဒါ၊ ဒိန်ချဉ်၊ ဂျယ်လီ၊ အဆီ နဲ့ဖျော်တဲ့ အအေး၊ အသီးဖျော်ရည်၊ ရေခဲမုန့် စတာတွေနဲ့ စုံလို့ပါပဲ။ အမည် ၈၀ လောက် ရှိပါတယ်။ ဈေးနှုန်းကတော့ အနည်းဆုံး ကျပ် ၅၀ဝ ကနေ ကျပ် ၁,၇၀ဝ အထိ ရှိပါတယ်။
စားစရာတွေကတော့ ဒီအတိုင်းပဲစားစား၊ ထမင်းနဲ့စားစား အဆင်ပြေတဲ့ အကြော်တွေ၊ အသုပ်တွေအပြင် ကြေးအိုး၊ ယိုးဒယားစာတွေ နဲ့ တရုတ်စာတွေလည်း ရပါတယ်။ ဈေးနှုန်းက တော့ ကျပ် ၅၀ဝ ကနေ ကျပ် ၃,ဝ၀ဝ အထိ ရှိပါတယ်။ ဗိုက်လည်းဆာ၊ စားချင်တာတွေလည်း များတဲ့ စာရေးသူတို့ကတော့ မစားဖူးတာ လေးတွေကို အဓိက ရွေးမှာဖြစ်ခဲ့ပါတယ်။ ယိုးဒယားကွေ့တီယိုကြော် (ကျပ် ၁,၅၀ဝ)၊ ယိုးဒယားကြာဆံဟင်းခါး (ကျပ် ၁,၃၀ဝ)၊ ယိုးဒယားငါးကင် (ကျပ် ၄,ဝ၀ဝ)၊ ငါးဖယ် အဆာသိပ် (ကျပ် ၈၀ဝ)၊ ရွှေရင်အေး (ကျပ် ၈၀ဝ)၊ ပေသီးနို့မလိုင် (ကျပ် ၁,၇၀ဝ)နဲ့ ရှောက် ချိုသီးဖျော်ရည် (ကျပ် ၇၀ဝ)တို့ကို မှာလိုက် ပါတယ်။ အစားကြီးတဲ့ စာရေးသူတို့အတွက်ကတော့ ဒီလောက်မှာမှ အဆင်ပြေမှာပါ။
လူများပေမဲ့လည်း စာရေးသူအတွေ့ အကြုံအရ တခြားဆိုင်တွေလို အကြာကြီး စောင့်ရတဲ့အထဲ ဒီဆိုင်မပါပါဘူး။ လုပ်တာ ကိုင်တာ သွက်တယ်လို့ ဆိုရမှာပါ။ အရင်ဆုံး ရောက်လာတာက ရွှေရင်အေးနဲ့ ယိုးဒယား ကွေ့တီယိုကြော်ပါ။
ဒီဆိုင်မှာ အကြိုက်တွေ့ခဲ့တဲ့အထဲမှာ ရွှေရင်အေးလည်း ပါပါတယ်။ ရွှေရင်အေး လို့ဆိုပေမဲ့ သူ့ပုံစံက စာရေးသူ အခေါ်အဝေါ် အရဆို ဖာလူဒါရိုးရိုးလို့ သုံးနှုန်းချင်ပါတယ်။ ချိုချိုမွှေးမွှေးလေးနဲ့ အထဲမှာတော့ သာဂူ၊ ကျောက်ကျော၊ ဂျယ်လီချောင်းနဲ့ ပေါင်မုန့်တို့ ပါပါတယ်။ ရေခဲအေးအေးလေးနဲ့ အရမ်းကို သောက်လို့ကောင်းပါတယ်။
ရွှေရင်အေးကောင်းသလောက် ယိုးဒယား ကွေ့တီယိုကြော်ကတော့ မစွံပါဘူး။ စားဖူးနေ ကျ ကွေ့တီယိုအသုပ်နဲ့ အရည်တို့နဲ့ တခြားစီပါ။ ခြောက်ခြောက်ကပ်ကပ်နဲ့ အရသာက မထူးခြားလှပါဘူး။ သာမန်ခေါက်ဆွဲကြော်ကိုပဲ ခေါက်ဆွဲသားနဲ့ အရသာလေးအနည်းငယ် ပြောင်းသွားတာမျိုးပါ။
နောက်ထပ်ရောက်လာတာကတော့ ငါးဖယ်အဆာသိပ်နဲ့ ယိုးဒယားကြာဆံဟင်းခါးပါ။ ငါးဖယ်အဆာသိပ်ကလည်း အဆာသိပ် ဆိုတာကြောင့် မှာလိုက်ကြပေမဲ့ အဆာသွတ်နဲ့ အတူတူပါပဲ။ အရသာကလည်း စားနေကျ စားကောင်းတဲ့ ငါးဖယ်အဆာသွပ်တွေလိုပါပဲ။ ကျပ် ၈၀ဝ နဲ့ ခြောက်ခုလောက်ပါတော့ တန်တယ်လို့တော့ ဆိုရမှာပါ။ ယိုးဒယားကြာဆံဟင်းခါးကတော့ တုံယမ်းအကြည် အရသာနဲ့ ဆင်တူပြီး အထဲက အဆာပလာတွေပဲ နည်းနည်းကွဲသွားတာမျိုးပါ။ အထဲမှာတော့ အသီးအရွက်၊ အသားတု၊ ငါးဖယ်လုံး၊ ငုံးဥ၊ ကြွက်နားရွက်၊ ပဲလိပ်တွေနဲ့ စုံလို့ပါပဲ။ အရည်သောက်အနေနဲ့တော့ ခံတွင်း မြိန်စေပါတယ်။
အကင်ဆိုတဲ့အတိုင်း အချိန်ယူရတဲ့အတွက် နောက်ဆုံးမှ ရောက်လာတဲ့ ယိုးဒယား ငါးကင်ကတော့ စားခဲ့သမျှထဲ အကြိုက်ဆုံးပါ။ ငါးကိုကင်တဲ့အခါ ခဲပတ်မပတ်ခင် ငါးရဲ့ တစ်ဖက်တစ်ချက်မှာ မုန်ညင်းရွက်တစ်ရွက်စီ အုပ်ထားပါသေးတယ်။
ဒီလိုအုပ်ထားတာမျိုးကို ကိုယ်တိုင်ကတော့ တခြားမှာ မမြင်ဖူးသေးပါဘူး။ ငါးရဲ့ အပေါ်ယံကို ခဲပတ်နဲ့ ကပ်မသွားအောင် လုပ်တာလို့ စာရေးသူတော့ ထင်မိပါတယ်။ ငါးကင်အနံ့က စားပွဲပေါ်ရောက်လာတာနဲ့ မွှေးနေပြီး သွားရည်ကျစရာပါ။ မုန်ညင်းရွက်ကို ဖယ်လိုက်တဲ့အခါ ငါးပေါ်မှာတင် အဆာပလာတွေ အုပ်ထားတာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့်လည်း မွှေးနေတာပေါ့။ အဲဒီအဆာ ပလာတွေထဲမှာ မန်ကျည်းအနှစ်လည်း ပါပါတယ်။ ဒါကြောင့် ချဉ်ချဉ်ချိုချိုမွှေးမွှေးလေးနဲ့ ငါးရဲ့အသားကလည်း အနေတော်ကျက်အောင် ကင်ထားတဲ့အတွက် နူးညံ့ပြီး အရသာ ရှိလှပါတယ်။ ဒီဆိုင်မှာ ငါးကင်ရဲ့ ဈေးကတော့ အရွယ်အစားပေါ်မူတည်ပြီး အပြောင်းအလဲ ရှိပါတယ်။ စာရေးသူတို့ စားခဲ့တဲ့ ငါးကတော့ ကျပ် ၄,ဝ၀ဝ ဆိုတဲ့အတိုင်း အကောင်ကြီးပါတယ်။
နာမည်ဆန်းလှတဲ့ ပေသီးနို့မလိုင်ကတော့ ချိုအီပြီး အရသာရှိလှတဲ့ အချိုပွဲတစ်မျိုး လို့ ဆိုရမှာပါ။ အထဲမှာ စတော်ဘယ်ရီအဆီအနှစ်၊ နို့ရေခဲမုန့်နဲ့ ဝါးလိုက်ရင် စေးစေးလေးနဲ့ ဆိမ့်နေတဲ့ ပေသီးတို့ရဲ့ တွဲဖက်မှုကတော့ အီပေမဲ့ အရမ်းကို ကောင်းပါတယ်။ တစ်ယောက်တည်း စားမကုန်လို့ သူငယ်ချင်း ကိုတောင်မှ ကူစားခိုင်းရပါသေးတယ်။
အစားတွေစုံပြီး အီနေတဲ့အချိန် နောက်ဆုံး ရောက်လာတဲ့ ရှောက်ချိုသီးဖျော်ရည်လေး ကတော့ ကယ်တင်ရှင်ပါပဲ။ ချိုချိုချဉ်ချဉ်လေး နဲ့ အရသာမှန်အောင် ဖျော်ထားတဲ့ ရှောက်ချို သီးဖျော်ရည်က အအီပြေစေသလို အရသာလည်း ရှိလှပါတယ်။
စာရေးသူကတော့ တောင်ဥက္ကလာပကို ပြောင်းလာပြီဖြစ်တဲ့အတွက် ကိုယ့်ဆီလာတဲ့ သူငယ်ချင်းတွေရှိရင် ဒီဆိုင်လေးမှာ ကျွေးဖြစ် ဖို့ စိတ်ကူးထားပါတယ်။ ဈေးလည်းသက်သာပြီး တခြားဘာတွေ စားကောင်းမလဲဆိုတာကိုလည်း သိချင်မြင်ချင်လို့လည်း ပါပါတယ်။ အစားအတွက်မဟုတ်ရင်တောင် အရသာရှိတဲ့ အအေးစုံရတဲ့ ဒီဆိုင်လေးကို တစ်ခါလောက်တော့ သွားစားကြည့်ဖို့ ညွှန်းချင်ပါတယ်။
နေ့စဉ် မနက် ၁၁ နာရီကနေ ည ၁၀ နာရီအထိ ဆိုင်ဖွင့်ပါတယ်။
ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြော မထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက် စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့ တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။



