မေခနဲ့မလိခ မြစ်ဆုံမှာရှိတဲ့ မလိခေါန်ကချင်ဆိုင်လေးရဲ့ ငါးကင်မွှေးမွှေးနဲ့ ကချင်ဝိုင်

မြစ်ငါးကင်၊ ဆတ်သားထောင်းနှင့် ဖက်ထမင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)
မြစ်ငါးကင်၊ ဆတ်သားထောင်းနှင့် ဖက်ထမင်း။ လဲ့ဖြူပြာမျိုးမြင့်/မြန်မာတိုင်း(မ်)
မလိခေါန်ကချင်ရိုးရာစားသောက်ဆိုင်
မြစ်ကြီးနား၊ ကချင်ပြည်နယ်

မေခနဲ့မလိခ မြစ်ဆုံမှာရှိတဲ့ မလိခေါန်ကချင်ဆိုင်လေးရဲ့ ငါးကင်မွှေးမွှေးနဲ့ ကချင်ဝိုင်
ရန်ကုန်မှာ ဝတ်ရခဲတဲ့ အနွေးထည်မျိုးစုံဝတ်ကာ ချမ်းချမ်းစီးစီး ပျော်ပျော်ရွှင်ရွှင် ဒီဇင်ဘာပိတ်ရက်တွေကို ဖြတ်သန်းဖို့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကချင်ပြည်နယ်ကို စာရေးသူတို့ သားအမိကတော့ ရွေးချယ်ဖြစ်ခဲ့တယ်။ အဓိကရွေးဖြစ်တာကတော့ မေခနဲ့မလိခမြစ်နှစ်ခုဆုံပြီး ဧရာဝတီမြစ်ကြီးအဖြစ် ပြောင်းလဲစီးဆင်းသွားတဲ့ မြစ်ဆုံနဲ့ မြန်မာနိုင်ငံရဲ့ ပထမအကြီးဆုံး အင်းတော်ကြီးအိုင်ကို ရောက်ဖူးချင်တာကြောင့်ဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ ဆောင်းအအေးဒဏ်ကိုလည်း စိန်ခေါ်ကြည့်ချင်တာကြောင့်ရယ်ပါ။

မြစ်ဆုံကို ရောက်ဖူးချင်နေတဲ့ စိတ်ဆန္ဒကြောင့် ရန်ကုန်ကနေ မြစ်ကြီးနားအထိ ကားတောက်လျှောက်စီးရင်း ခရီးဆက်ခဲ့တာတောင် ဟိုတယ်မှာ အထုပ်အပိုးချ၊ ရေမိုးချိုးပြီးတာနဲ့ မနားတော့ဘဲ သားအမိနှစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားကနေ ၂၈ မိုင်ဝေးတဲ့ မြစ်ဆုံကိုရောက်ဖို့ ကချင်တောင်တန်းတွေ၊ မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံထားရတဲ့ လူမနေတော့တဲ့ တန်ဖရဲရွာဟောင်းလေးနဲ့ ရပ်တန့်ထားတဲ့ စီမံကိန်းဧရိယာတွေကို တရွေ့ရွေ့ ဖြတ်သန်းခဲ့ရပါတယ်။ ကားပေါ်ကဆင်းဆင်းချင်း ဝှေ့ခနဲတိုက်တဲ့ ဆောင်းလေအေးနဲ့အတူ မြင်လိုက်ရတဲ့ မြစ်ဆုံရဲ့ အပေါ်စီးမြင်ကွင်းအလှက စာရေးသူကိုသာမက တွေ့သမျှလူတိုင်းကို ရင်ခုန်လှုပ်ရှားသွားစေမှာ သေချာပါတယ်။

ကားရပ်တဲ့နေရာကနေ မြစ်ဆုံဘက်ဆီဆင်းတဲ့ လမ်းတစ်လျှောက်မှာလည်း ကချင်အင်္ကျီတွေငှားတဲ့ဆိုင် ကချင်ထည်တွေနဲ့ မြစ်ဆုံအမှတ်တရ တံဆိပ်ရိုက်တီရှပ်တွေရောင်းတဲ့ ဆိုင်တွေရှိသလို စားသောက်စရာရောင်းတဲ့ ဆိုင်တန်းတဲလေးတွေကိုလည်း တောက်လျှောက်ဖွင့်ထားတာ တွေ့ရပါတယ်။ ကိုယ်တွေကတော့ ရောက်ရောက်ချင်းမှာ စားသောက်ဆိုင်ဆီ အာရုံမရောက်နိုင်ဘဲ ဆွဲဆောင်အားကောင်းလှတဲ့ မြစ်ဆုံရဲ့သဘာဝအလှ ဖမ်းစားရာဆီသာ အပြေးရောက်သွားခဲ့ပါတယ်။ မြစ်ဆုံဆီရောက်ဖို့ ကျောက်ခဲဝိုင်းဝိုင်း ချောချောလေးတွေ ရောင်စုံ ဆိုက်စုံရှိနေတဲ့ ကျောက်ခဲပြင်ကြီးကို ကျောက်ခဲချင်းထိခတ်သံ တဂျောက်ဂျောက်မြည်အောင် နင်းဖြတ်နေရတာကိုက သဘာဝရဲ့ အရသာတစ်ခုပါပဲ။ ကျောက်ခဲပြင်ကြီးအလွန်မှာတော့ ကျောက်ခဲဝိုင်းဝိုင်းရောင်စုံလေးတွေ မြင်နေရတဲ့အထိ ကြည်လင်ပြီး ရေထဲဆင်းလိုက်တာနဲ့ စိမ့်ခနဲအေးသွားတဲ့ မြစ်ပြင်ဆီကို ရောက်ပါပြီ။ တောင်တန်းတွေကို နောက်ခံထားပြီး မေခနဲ့ မလိခ ဆုံဆင်းသွားတဲ့ မြစ်ဆုံရဲ့ အလှကို ဒီဇင်ဘာရဲ့ ဆောင်းလေအေးအေးက ပံ့ပိုးပေးထားပြီး ရေလေးတွေက ကြည်လင်အေးမြနေသလို ရောက်လာတဲ့ လူတွေရဲ့စိတ်ကိုလည်း လန်းဆန်းအေးမြ သွားစေပါတယ်။ 

ရေထဲဆင်းလိုက် ပြန်တက်လိုက် တောင်တန်းတွေနဲ့ မြစ်ပြင်ကျယ်ရဲ့သဘာဝအလှမှာ အားပါးတရစီးမျောအပြီးမှာတော့ စာရေးသူရဲ့ဗိုက်က တဂွီဂွီနဲ့ အချက်ပေးလာပါပြီ။ တစ်ခုခုစားဖို့အချိန်ရောက်ပြီလို့ သတိရမိတာနဲ့ ဒေသခံသူငယ်ချင်းတွေညွှန်းတဲ့ မလိခေါန်ကချင်ရိုးရာစားသောက်ဆိုင်ကိုပဲ ခပ်သုတ်သုတ် ရွေးချယ်လိုက်ပါတယ်။ 

ဖက်ထမင်းပူပူနွေးနွေး၊ ငါးကင်မွှေးမွှေး၊ ကချင် ဆတ်သားထောင်း ချိုချဉ်စပ်ကလေး၊ ဆွန်တန်ဟင်းချိုအငွေ့ တထောင်းထောင်းလေးတို့က  ကချင်ဆောင်းရဲ့ ရာသီဥတုအေးအေးကို ...

မလိခေါန်စားသောက်ဆိုင်မှာ ကချင်ရိုးရာစားစရာတွေဖြစ်တဲ့ ကြက်ကချင်ချက်၊ ဝက်ကချင်ချက်၊ ငါးကချင်ချက်၊ ကချင်ဆတ်သားထောင်း၊ ကချင်တောဝက်သားထောင်း၊ ဝက်နံကင်၊ ကြက်ဆန်လှော်တွေအပြင် ငါးကင်၊ ကြက်၊ ဝက်ကုန်းဘောင်ကြော်၊ ခေါက်ဆွဲကြော်လိုမျိုး တရုတ်အစားအစာတွေလည်း ရပါတယ်။ သောက်စရာကတော့ အရက်၊ ဘီယာ၊ ကချင်ခေါင်ရည်၊ ကချင်ဝိုင်အပြင် အအေးသံဘူးမျိုးစုံနဲ့ ကော်ဖီမစ်မျိုးစုံ ရပါတယ်။ တခြားစားသုံးသူတွေကို လှည့်ပတ်လေ့လာလိုက်တော့ အဓိက စားကြတာ မြစ်ဆုံရဲ့အရသာရှိလှတယ်လို့ နာမည်ကျော်တဲ့ မြစ်ဆုံငါးကင်ပါပဲ။ ဒီတော့ စာရေးသူတို့ သားအမိလည်း နာမည်ကျော်တဲ့ မြစ်ဆုံငါးကင်၊ ကချင်ဆတ်သားထောင်းနဲ့ ထမင်းအဖြူနှစ်ပွဲနဲ့ ရာသီဥတုက အေးနေတာနဲ့ ကော်ဖီပူပူ သောက်ရအောင် ကော်ဖီမှာလိုက်ပါတယ်။ 

အရင်ဆုံး လာချပေးတာက ကချင်ဆတ်သားထောင်းပါ။ ရန်ကုန်မှာ ကချင်ဆတ်သားထောင်းမှာလိုက်ရင် ဖတ်ဖယ်ရွက်တွေ ပါပေမဲ့ ကချင်ပြည်နယ်မြစ်ဆုံက ကချင်ဆတ်သားထောင်းမှာတော့ ဖတ်ဖယ်ရွက်တွေ မပါတာကို ဟင်းပွဲလာချကတည်းက သတိထားမိလိုက်ပါတယ်။ ဆတ်သားစစ်စစ်ကို ကြက်သွန်ဖြူ၊ ပင်စိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ အချိုးကျထောင်းထားတဲ့ဟင်းပွဲက ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိပါတယ်။ အချဉ်ညှစ်တဲ့နေရာမှာလည်း သံပရာသီးကိုမသုံးဘဲ အချဉ်မှာ အချိုအရသာလေးပါစေဖို့ လိမ္မော်သီးကို လှီးပြီးထည့်ပေးတာ တွေ့ရပါတယ်။ ကြက်သွန်ဖြူ၊ ပင်စိမ်း၊ နံနံပင်၊ ငရုတ်သီးစိမ်းနဲ့ထောင်းထားတဲ့ ဆတ်သားထောင်းပေါ် လိမ္မော်ရည်လေးညှစ်ချလိုက်တဲ့ အခါ ချိုချဉ်စပ်အနံ့အရသာနဲ့ ပြည့်စုံပြီး တကယ့်ကို အရသာရှိလှတဲ့ ကချင်ဆတ်သားထောင်းတစ်ပွဲက ဗိုက်ဆာနေတဲ့ စာရေးသူတို့သားအမိအတွက် တကယ့်နတ်သုဒ္ဓါပါပဲ။ ဒီဆတ်သားထောင်းကတော့ တစ်ပွဲကို ကျပ် ၅,ဝဝဝ ဖြစ်ပြီး ငါးကင်ကလွဲရင် အခြားဟင်းပွဲတွေကလည်း တစ်ပွဲကို ကျပ် ၅,ဝဝဝ နဲ့ ၆,ဝဝဝ ဝန်းကျင်ပါပဲ။ 

ငါးကင်ကတော့ စားသုံးသူတွေမှာမှ ကင်ပေးတာမို့ နည်းနည်းလေးစောင့်ရပါတယ်။ ငါးက ရန်ကုန်ကလို တီလားပီးယားငါးတွေကို ကင်ပေးတာမျိုးမဟုတ်ဘဲ မြစ်ငါးလတ်လတ်ဆတ်ဆတ်ကို ကင်ထားတာမို့ မွှေးပြီး စားလိုက်တာနဲ့ အရသာက ချိုမြနေတာပါပဲ။ ငါးပေါ်မှာလည်း အရသာတွေ၊ အရွက်တွေ၊ ငရုတ်သီးတွေ ဘာမှထည့်မထားဘဲ ဆားလေးပဲ နည်းနည်းထည့်ထားတာမို့ ငါးရဲ့သဘာဝအချိုအတိုင်း ငါးကင်နံ့မွှေးမွှေးလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။ ငါးကင်က တစ်ကင်ကို ကျပ် ၆,ဝဝဝ ဖြစ်ပြီး အရွယ်အစား သိပ်မကြီးပေမဲ့ စာရေးသူတို့ကလည်း သားအမိနှစ်ယောက်စာပဲမို့ အတော်ပါပဲ။ ထမင်းလာချတော့လည်း ကချင်ကထမင်းဆိုင်တွေ ဘယ်ဆိုင်မှာပဲ ဖြစ်ဖြစ် ထမင်းပူပူကို စိမ်းစိမ်းစိုစို သစ်ရွက်ကလေးတွေနဲ့ နွေးနေအောင် ထုပ်ပြီးရောင်းတာ တွေ့ရပါတယ်။ အခု မြစ်ဆုံမှာလည်း ထမင်းပူပူကို ဖက်ကလေးနဲ့ ထုပ်ထားတာမို့ ဖက်နံ့လေးသင်းနေတဲ့ ထမင်းပူပူနွေးနွေးလေးကို စားရတာ ပိုပြီးနွေးထွေးသွားသယောင် ခံစားရစေပါတယ်။ ငရုတ်သီးစိမ်း၊ ချင်းနဲ့ ခရမ်းချဉ်သီးလေး လှီးထည့်ထားတဲ့ ဆွန်တန်ဟင်းရည်ပူပူလေးကိုတော့ မေတ္တာလက်ဆောင်အနေနဲ့ ဆိုင်က အခမဲ့ပေးပါတယ်။ 

ဖက်ထမင်းပူပူနွေးနွေး၊ ငါးကင်မွှေးမွှေး၊ ကချင်ဆတ် သားထောင်း ချိုချဉ်စပ်ကလေး၊ ဆွန်တန်ဟင်းချိုအငွေ့ တထောင်းထောင်းလေးတို့က  ကချင်ဆောင်းရဲ့ ရာသီဥတု အေးအေးကို လှပနွေးထွေးသွားအောင် အစပ်အဟပ် တည့်တည့် ပံ့ပိုးပေးနေပါတယ်။ ချိုချဉ်ဖန်စပ်အရသာ ထမင်းဝိုင်းကို ကော်ဖီခါးခါးလေးသောက်ပြီး သိမ်းလိုက်ပေမဲ့ ကချင်ဆောင်းရဲ့အအေးဓာတ်က ကော်ဖီပူပူနဲ့ သိပ်လိုက်ဖက်မှု မရှိလှပါဘူး။ အဲဒီတော့ ကချင်ဝိုင်လေးလည်း မြည်းစမ်းသောက်ကြည့်ရအောင်ဆိုပြီး သားအမိ နှစ်ယောက် ကချင်ဝိုင်တစ်ပုလင်း မှာလိုက်ကြပါတယ်။ ကချင်ဝိုင်ကတော့ ဆိုင်မှာချက်ထားတဲ့ စပျစ်သီးကချင်ဝိုင်ပါ။ ရေသန့်ဘူးတစ်ဘူးစာကို ကျပ် ၅,ဝဝဝ ပဲ ကျသင့်ပါတယ်။ တစ်ခါတည်းသောက်နိုင်ရင် သောက်လို့ရပြီး သောက်လို့မကုန်ရင် ယူသွားလို့ရပါတယ်။ စပျစ်သီးနဲ့ဖောက်ထားတဲ့ ကချင်ဝိုင်က ချိုချဉ်လေးနဲ့ သောက်လိုက်တာနဲ့ ရင်ထဲနွေးပြီး မွှေးမွှေးချိုချိုလေးနဲ့ သောက်လို့ကောင်းလှပါတယ်။ ခုနက ကော်ဖီနဲ့မတင်းတိမ်လှတဲ့ ကိုယ့်စိတ်ထဲမှာ ကချင်ဝိုင်လေးသောက်လိုက်တော့မှ ရင်ထဲနွေးပြီး အပြင်က အအေးဓာတ်ကို ခံနိုင်ရည်ရှိသွားသလို ခံစားမိတော့တာပါပဲ။ ဒီဝိုင်ရဲ့ထူးခြားချက်ကတော့ နာမည်နဲ့ သီးသန့်ထုတ်ရောင်းတာမဟုတ်ဘဲ မလိခေါန်ဆိုင်က သီးသန့်ဖောက်ထားတဲ့ ကချင်စပျစ်ဝိုင်ဖြစ်တာမို့ တခြားဆိုင်တွေမှာတော့ မရနိုင်ပါဘူး။ နောက်နေ့တွေ တခြားဆိုင်တွေမှာ ကချင်ဝိုင်မှာသောက်ကြည့်ပေမဲ့ မလိခေါန်လောက်အရသာကောင်းမနေတာ ထူးထူးခြားခြား တွေ့ရပါတယ်။ 

မလိခေါန်မှာ စိတ်တိုင်းကျစား ကချင်ဝိုင်လေးသောက်ပြီး အချမ်းခံနိုင်သွားတဲ့နောက်မှာတော့ မြစ်ဆုံရဲ့ နောက်ထပ်အလှတရားကို ပါဝင်စီးမျောဖို့ အသင့်ဖြစ်ပါပြီ။ ကချင်ပြည်နယ်ရောက်တုန်းရောက်ခိုက် ကချင်ဝတ်စုံလေးတွေဝတ်ပြီး ဓာတ်ပုံရိုက်ချင်သူတွေအတွက် ကချင်ဝတ်စုံလေးတွေ ငှားပေးတဲ့ဆိုင်တွေ တသီတတန်းကြီး ဖွင့်ထားတာကို တွေ့ရပါတယ်။ အမျိုးသမီးတွေအတွက်တော့ ကချင်ဝတ်စုံနဲ့ လီဆူဝတ်စုံတွေ၊ ခေါင်းဆောင်း၊ လည်ဆွဲ၊ ခါးပတ်ကွင်း ပလိုင်းအထိ အဆင်တန်ဆာတွေ ငှားပေးပြီး အမျိုးသားတွေအတွက်တော့ ကချင်ဝတ်စုံ၊ ခေါင်းပေါင်းနဲ့ ကချင်ဓားတွေ ငှားပေးပါတယ်။ ဝတ်စုံငှားတဲ့ဆိုင်တွေကလည်း မနည်းမနောရှိနေသလို စျေးနှုန်းတွေကလည်း တစ်ဆိုင်နဲ့တစ်ဆိုင် မတူပါဘူး။ စာရေးသူတို့ငှားတဲ့ဆိုင်က အမျိုးသမီးဝတ်ကချင်နဲ့ လီဆူဝတ်စုံတို့ကို အဆင်တန်ဆာ တစ်ယောက်စာအပြည့်အစုံကို ကျပ် ၂,ဝဝဝ ပါ။ တခြားဆိုင်တွေကတော့ ကျပ် ၂,၅ဝဝ၊ ကျပ် ၃,ဝဝဝ နဲ့ အပေါ်ဘက်ကဆိုင်တွေကတော့ ကျပ် ၃,၅ဝဝ လောက်အထိ ရှိပါတယ်။ 

ကချင်ဝတ်စုံငှားဆိုင်လေးတွေ အများကြီးရှိသလိုပဲ ဝတ်စုံငှားဝတ်သူတွေကလည်း အနယ်နယ်အရပ်ရပ်က လာကြတဲ့ ဧည့်သည်တွေ မနည်းမနောပါပဲ။ စာရေးသူတို့ သွားတဲ့ရက်က ဒီဇင်ဘာပိတ်ရက်ဖြစ်တဲ့အပြင် ခရစ္စမတ်မတိုင်ခင်တစ်ရက် ၂၄ ရက်နေ့မို့ လာကြတဲ့ ဧည့်သည်တွေက တော်တော်များပါတယ်။ ကျောက်ခဲပြင်မရောက်ခင် သောင်ပြင်မှာကတည်းက ကားတွေများနေပြီး သောင်ပြင်ပေါ်မှာလည်း ကချင်ဝတ်စုံ၊ လီဆူဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်နေကြတဲ့ အမျိုးသမီး အမျိုးသားတွေ အုပ်စုလိုက်တွေ့ရ ပါတယ်။ မြစ်ဆုံက စာရေးသူရဲ့မေမေ ငယ်ငယ်ကတည်းက သွားချင်ခဲ့တဲ့ နေရာဒေသမို့ ရောက်တုန်းရောက်ခိုက် အမှတ်တရဖြစ်အောင် စာရေးသူတို့ သားအမိလည်း လီဆူဝတ်စုံ၊ ကချင်ဝတ်စုံလေးတွေဝတ်ပြီး သားအမိနှစ်ယောက် အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ကြပါသေးတယ်။

မြစ်ဆုံက မြစ်ကြီးနားရောက်ရောက်ချင်း ခရီးရောက်မဆိုက် သွားလိုက်ရတယ်ဆိုပေမဲ့ အရသာရှိလှတဲ့ ကချင်စာနဲ့ ကချင်ဝိုင်ကို ဗိုက်ကားအောင်စားခဲ့ရသလို ကချင်ဝတ်စုံတွေနဲ့လည်း အမှတ်တရဓာတ်ပုံတွေ ရိုက်ခဲ့ရတာမို့ တကယ့်ကို အမှတ်တရဖြစ်ရတဲ့ ပျော်စရာခရီးစဉ်လေးပါပဲ။

ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

 
[