ထူးထူးခြားခြား မြိတ်အစားအစာတွေ ရန်ကုန်မှာ စားမယ်

'ဝိုင်းဝိုင်းလည်' မြိတ်ဒေသအစားအစာ
၁၅၃/အေ၊ ရိပ်သာ (၁) လမ်း၊ ဝေဇယန္တာလမ်းမကြီး၊

ထူးထူးခြားခြား မြိတ်အစားအစာတွေ ရန်ကုန်မှာ စားမယ်
မုန်တိုင်းအဖျားခတ်မှုကြောင့် ဆောင်းလေအေးအေးကို မိုးစက်တွေပါရောပြီး ဆက်တိုက်ဆိုသလို မိုးတွေရွာနေခဲ့တဲ့ သီတင်းပတ်တစ်ခုကို စာဖတ်သူတို့ ဘယ်လိုများ ဖြတ်ကျော်ခဲ့ကြပါသလဲ။ စာရေးသူကတော့ ရောက်အောင်သွားမယ်လို့ ကြံစည်ပြီး ခုထိမရောက်နိုင်သေးတဲ့ မြန်မာနိုင်ငံတောင်ဘက်စွန်းက မြိတ်ဒေသရဲ့အစားအစာတွေကို ကြိုတင်မြည်းစမ်းရင်း စိတ်ကျေနပ်စွာ ကျော်ဖြတ်ခဲ့ပါတယ်။ ရန်ကုန်မှာနေရင်း မြိတ်အစားအစာကို ဘယ်လိုမြည်းစမ်းရမလဲဆိုတာ စိတ်ဝင်စားသွားပြီမဟုတ်လား။

'ဝိုင်းဝိုင်းလည်' မြိတ်ဒေသအစားအစာဆိုင်ကို ပြီးခဲ့တဲ့ တစ်လကျော်ကမှ စဖွင့်ခဲ့တယ်လို့ ဆိုင်ဝန်ထမ်းလေးတွေရဲ့ ရှင်းပြချက်အရသိခဲ့ရပြီး စာရေးသူတို့ သွားစားခဲ့တဲ့ ညနေမှာတော့ ဆိုင်မှာ မင်္ဂလာဆောင်တစ်ခုကျင်းပမှာမို့ ဧည့်သည်လက်မခံဘူးလို့ အစပိုင်းငြင်းခဲ့ပါတယ်။ ဒါပေမဲ့ တကူးတက လာစားကြတဲ့ စားသုံးသူတွေကို အချိန်တစ်နာရီတော့ ရမယ်နော်လို့ပြောပြီး နောက်ဆုံးမှာ ဆိုင်ထဲကို ခေါ်ဆောင်သွားခဲ့ပါတော့တယ်။ (မင်္ဂလာဆောင်အတွက် ဆိုင်ရဲ့ ပင်မတံခါးချပ်တွေကိုတော့ ပိတ်ထားပါတယ်။)

နာမည်ကျော် မိုရာနားနား (Moanana) ဇာတ်ကားထဲက ကျွန်းသူ မင်းသမီးလေး လှေဦးပိုင်းမှာ လှော်တက်ကိုကိုင်ရင်း မတ်တတ်ရပ်နေတဲ့ရုပ်တုကို သက်ဝင်နေအောင် ထုလုပ်ထားပြီး ဆိုင်ရဲ့နံရံတွေမှာ ခရု၊ ခုံးကောင်၊ ကမာစတဲ့ ရေနေသတ္တဝါလေးတွေရဲ့ အခွံတွေနဲ့ အလှဆင်ထားပါတယ်။ ထိုင်ခုံတွေကို ကျွန်းတိုင်လုံးတွေအသွင် ပြုလုပ်ထားပြီး လှော်တက်ပုံစံတွေပါ နေရာအနှံ့တွေ့ရတာမို့ ဆိုင်တစ်ခုလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ပင်လယ်ထဲက ကျွန်းငယ်လေးတစ်ခုပေါ်မှာ ရောက်နေသလို ခံစားရမှာပါ။

မင်္ဂလာပွဲမကျင်းပမီ အချိန်တိုအတွင်း စားသုံးကြရမှာမို့ မီနူးကို အမြန်ပဲယူကြည့်လိုက်တော့ စာရေးသူနဲ့ မရင်းနှီးတဲ့ ဟင်းပွဲနာမည်တွေကြောင့် ဘာရွေးရမလဲ ဇဝေဇဝါဖြစ်သွားပါတော့တယ်။ ကဘင်းတညင်ရှပ်ပေါင်းလှော်၊ ငါးအုန်းသီးမရမ်းပြား၊ ခရုအိုးစုပ်၊ ငါးဖောင်းဆံအစာသွပ်၊ ငါးပေါင်းလုံးကြော်၊ ကြက်ဥအစာသိပ်၊ ရေကျင်ပွကြော်၊ သဲတိုးပွကြော်၊ ခရုအုန်းသုပ်၊ ယမ်းမူးစင်သုပ်စတာတွေက စာရေးသူကို ပါးစပ်အဟောင်းသားဖြစ်သွားစေပြီး ဝန်ထမ်းလေးကိုပဲ အမြန်ခေါ်ရှင်းပြခိုင်းရပါတော့တယ်။

သူကလည်း ခပ်မြန်မြန်ချက်လို့ရပြီး စားလို့ကောင်းမယ်ထင်တာတွေကို ညွှန်ပေး၊ ကိုယ်က အထွန့်တက်ပြီး ထပ်မေးနဲ့ နောက်ဆုံးတော့ တညင်ရွက် ရှပ်ရှမ်းမွှေးကြိုက်ကြော် တစ်ပွဲ (ကျပ် ၃,၅ဝဝ)၊ ကပြုန်းကင်မစွန်းတစ်ပွဲ (ကျပ် ၄,ဝဝဝ)နဲ့ စမတ်ဟင်းစပ်တစ်ပွဲ (ကျပ် ၃,၅ဝဝ)တို့ကို ထမင်းဖြူနဲ့ တွဲစားဖို့ မှာလိုက်ပါတော့တယ်။ အချိုပွဲမမှာတော့ဘဲ အအေးကို ဝါးပလုတ်တစ်ခွက် (ကျပ် ၂,ဝဝဝ)နဲ့ ပေသီးသုပ်တစ်ခွက် (ကျပ် ၂,၅ဝဝ)ပဲ မှာလိုက်ပါတယ်။

'ဝိုင်းဝိုင်းလည်'ဆိုင်မှာက မြိတ်ဒေသအထူးအစားအစာ၊ 'ဝိုင်းဝိုင်းလည်' စပယ်ရှယ်ဟင်းပွဲ၊ ကဏန်း၊ ငါး၊ အသုပ်၊ ဟင်းရည်၊ မြိတ်အချိုပွဲ၊ ရာသီပေါ်အအေး၊ မနက်စာ၊ ပေါ့ပေါ့ပါးမြိတ်အစားအစာ စသဖြင့် ခေါင်းစဉ်လေးတွေ ခွဲထားပြီး အမည်ပေါင်း ၁၃ဝ ကျော် ရှိပါတယ်။ အသုပ်အတွက် စာရေးသူက ခရုအုန်းသုပ်ကို မှာယူပေမဲ့ ပစ္စည်းကုန်နေတဲ့အတွက် မရသလို ယမ်းမူးစင်သုပ်ဆိုတာကို မှာတော့လည်း ဆိုင်မီးဖိုချောင်က ပိတ်သွားပြီမို့ ဝန်ထမ်းတွေက တောင်းပန်ရှာပါတယ်။

ထိုင်ခုံတွေကို ကျွန်းတိုင်လုံးတွေအသွင် ပြုလုပ်ထားပြီး လှော်တက်ပုံစံတွေပါ နေရာအနှံ့တွေ့ရတာမို့ ဆိုင်တစ်ခုလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ပင်လယ်ထဲက ကျွန်းငယ်လေးတစ်ခုပေါ်မှာ ...

ဆိုင်မှာကျင်းပမယ့် မင်္ဂလာပွဲအတွက် ပြင်ဆင်တာတွေ လုပ်နေတဲ့ကြားက စာရေးသူတို့လည်း ကိုယ့်စားပွဲပေါ်ရောက်လာမယ့် ဟင်းပွဲကို မျှော်တလင့်လင့် စောင့်ကြပါတယ်။ ခဏအကြာ စားပွဲပေါ်ကို ဟင်းပွဲတွေရော အအေးတွေပါ ဆက်တိုက်ရောက်လာပါတော့တယ်။

စမတ်ဟင်းစပ်။ ဒေသအခေါ် စမတ်ဖြစ်ပြီး အားလုံးသိကြတဲ့ ငါးလိပ်ကျောက်ကို ချိုချိုစပ်စပ်လေး ချက်ထားတာပါ။ ဟင်းအနှစ်တွေက ခရမ်းချဉ်သီးနဲ့ ငရုတ်သီးကို အချိုးကျချက်ထားတာမို့ ချင်းလိုအမွှေးအကြိုင်အနံ့လေးနဲ့ တကယ်စားကောင်းပါတယ်။ ငါးလိပ်ကျောက်ကတော့ စာရေးသူ အခုမှ ပထမဆုံးအကြိမ် စားဖူးတာပါ။ ငါးခူလိုအသားနဲ့ အရေခွံမည်းမည်းလေးဖြစ်ပေမဲ့ အသားက ပိုပါးပြီး ပိုချိုသလိုပါပဲ။ ဒါပေမဲ့ အရည်ခွံကတော့ ရှတတနဲ့ စားရတာတစ်မျိုးဖြစ်နေသလိုပါ။ စာရေးသူကတော့ ဟင်းအနှစ်ကောင်းတာရော အသားချိုတာကြောင့်ပါ ထမင်းနဲ့နှယ်ပြီး စားမိတာပါပဲ။

ကပြုန်းကင်မစွန်း။ ငါးရံ့ကို ဟင်းရည်ပူစပ်စပ်နဲ့ သောက်စရာဟင်းချိုပုံစံ ချက်ထားတာပါ။ ထူးခြားတာက ငါးရံ့တစ်ကောင်လုံးကို ပိုင်းပြီး ထည့်ထားတဲ့အပြင် နာနတ်သီးနဲ့ ဂေါ်ရခါးသီးတွေပါ ထည့်ထားပါတယ်။ အုန်းနို့နံ့လေးလည်း ပါပေမဲ့ တုံယမ်းဟင်းချိုတွေလို အုန်းနံ့ရည်ပျစ်ပျစ်တော့ မဟုတ်ပါဘူး။ ဟင်းရည်ကျဲကျဲကိုမှ သောက်လိုက်တိုင်း ပူပူစပ်စပ် အရသာဖြစ်ပြီး တစ်ဇွန်းသောက်လိုက် ထပ်သောက်လိုက်နဲ့ ကပြုန်းကင်မစွန်းဟင်းရည်ခွက်ကြီးက နှစ်ယောက်တည်းနဲ့ ပြိုက်ခနဲကုန်ပါတယ်။ နာနတ်သီးဖတ်အကြီးကြီးတွေကတော့ ချိုတာမို့ ဟင်းရည်စပ်တိုင်း ခပ်စားမိတာပါပဲ။

တညင်ရွက်ရှပ်ရှမ်းမွှေးကြိုင်ကြော်။ မြိတ်ဒေသမှာပဲ ရတယ်ဆိုတဲ့ တညင်ရွက်က ရန်ကုန်မြို့မှာတော့ စားလေ့မရှိကြပါဘူး။ မြိတ်ဒေသဘက်ကို အလည်အပတ်သွားကြသူတွေအပြန်မှာ တညင်ရွက်တွေ ဝယ်လာလေ့ရှိပေမဲ့ ရန်ကုန်ရောက်ရင် ဘယ်လိုလုပ်စားရမလဲဆိုတာ သိပ်မသိကြဘူးလို့ ဆိုင်ဝန်ထမ်းလေးက သေသေချာချာ ရှင်းပြပါတယ်။ တညင်ရွက်ဆိုတာ နူးနူးညံ့ညံ့နဲ့ ခွေးတောက်ရွက်လို စိမ်းစိုစိုအရောင်ရှိပြီး (မခါးဘဲ ချိုပါတယ်) ကြော်၊ ချက်၊ ပြုတ် အကုန်လုပ်စားလို့ ရပါတယ်တဲ့။ ရှပ်ဆိုတာကတော့ မြိတ်ဒေသအခေါ်ဖြစ်ပြီး ရန်ကုန်မှာ ခုံးလို့အခေါ်များတဲ့ ရေသတ္တဝါဖြစ်ပြီး အခွံခွာထားပြီး တညင်ရွက်နဲ့ မွှေးမွှေးစပ်စပ် ကြော်ထားတာပါ။ ဒါပေမဲ့လည်း ချက်ထားသလိုကို ဟင်းအနှစ်တွေနဲ့ အိနေတာမို့ ဆီများတယ်လို့ ခံစားမိပါတယ်။ တကယ်လို့ ဆီလျှော့လိုက်ရင် ပိုစားကောင်းသလို ကျန်းမာရေး လိုက်စားသူတွေအတွက်လည်း ပိုရွေးချယ်မှာပဲလို့ အကြံပေးချင်ပါတယ်။ တကယ်လို့ အဲဒီဟင်းကို ရွေးချယ်မိရင်တော့ ဆီလျှော့ခိုင်းဖို့ မမေ့ပါနဲ့နော်။

ဒီဟင်းသုံးမျိုးနဲ့ပဲ မင်္ဂလာပွဲအတွက် ဧည့်သည်တွေမလာခင် စာရေးသူတို့ အမြန်စားခဲ့ကြပြီး အအေးသောက်စရာဖြစ်တဲ့ ပေသီးသုပ်နဲ့ ဝါးပလုတ်တို့ဆီ လက်က အမြန်လှမ်းကြရပါတယ်။

ဝါးပလုတ်။ စာရေးသူစိတ်ထဲမှာ ပလုတ်ဆိုတာကို ကြည်ကြည်အိအိနဲ့ ဂျယ်လီလို အင်တာနက်မှာမြင်ခဲ့ဖူးတော့ မမြည်းချင်ခဲ့မိပါဘူး။ အရသာလည်း သိမှဖြစ်မှာမို့ စားပွဲပေါ်က ဝါးပလုတ်ခွက်ကို လှမ်းယူမြည်းကြည့်တော့ ကြည်ကြည်လေးနဲ့ မချွဲဘဲ သောက်လို့ကောင်းတဲ့အရသာ ဖြစ်နေပါတယ်။ အုန်းနို့နဲ့မဟုတ်ဘဲ နွားနို့နဲ့ ဖျော်ထားတဲ့ ဒီအအေးက လက်က မချချင်အောင် ဆွဲဆောင်ထားလိုက်နိုင်ပါတယ်။ ဝါးပလုတ်ဆိုတာကတော့ ဝါးထဲမှာ သဘာဝအရဖြစ်နေတဲ့ ပင်စည်ထဲက အနှစ်တွေပါ။

ပေသီးသုပ်။ ပေတစ်သီး ကျီးတစ်သားဆိုတဲ့ စကားပုံအတိုင်း ပေပင်တွေက တစ်သက်မှာ တစ်ခါပဲ သီးတတ်ကြပါတယ်။ စာရေးသူရဲ့ ပထမဆုံးစားဖူးတဲ့ ပေသီးလည်းဖြစ်ပြီး ရေခဲသုပ်လို အချိုအရသာ၊ ရေခဲနဲ့ ပေသီးလေးတွေကို ခပ်ပါးပါးလှီးပြီး ထည့်ပေးထားတာပါ။ ခပ်အိအိလေးနဲ့ ပေသီးက ထန်းသီးနုနုလောက်တော့ မနူးညံ့ပါဘူး။ ဝါးစားလိုက်တိုင်း အိခနဲဖြစ်ပြီး အေးအေးချိုချိုပေသီးသုပ်ကလည်း စားသုံးသူတွေ အဓိက လူငယ်ပိုင်းနဲ့ ကလေးတွေ ရွေးချယ်ကြမယ့်အရာပါပဲ။

စာရေးသူမှာပြီးမှ မရလိုက်တဲ့ ယမ်းမူးစင်သုပ်ဆိုတာ ဘယ်လိုမျိုးလဲလို့ စပ်စုကြည့်တော့ ပဲကြာဆံကိုပဲ ပင်လယ်စာ၊ ကြက်၊ ဝက်တို့နဲ့ သုပ်ထားတာပါတဲ့။ ဒေသအခေါ်ကြောင့် အထူးအဆန်းဖြစ်ခဲ့ပေမဲ့ တကယ်သာ မြည်းစမ်းကြည့်ရင်တော့ ဘယ်လိုအရသာကွဲပြားနေမလဲ သိချင်ခဲ့ပါတယ်။ မြိတ်အချိုမုန့်တွေထဲမှာ အာပုံ၊ မျှော့မုန့် စတာတွေလည်း ရေးထားတာမို့ တကယ်ဆို အိမ်မပြန်ဘဲ ဆိုင်ထဲမှာပဲ ပျော်ပျော်ကြီး မုန့်တွေ ထိုင်စားချင်ခဲ့တာပါ။

ဝန်ထမ်းတွေလည်း သဘောကောင်းသလို ဆိုင်လေးကလည်း အပြင်ကကြည့်တာထက် အထဲဝင်ထိုင်လိုက်တာနဲ့ ကျေနပ်မိတဲ့အထိ သပ်ရပ်သန့်ရှင်းနေတာမို့ ဒီတစ်ခါတော့ စာရေးသူတို့ ရွေးလိုက်တဲ့ 'ဝိုင်းဝိုင်းလည်' မြိတ်ဒေသအစားအစာဆိုင်လေးက မှန်သွားပြီလို့ ထင်ပါတယ်။ စာဖတ်သူတို့ရော ဘယ်လိုမြင်ပါသလဲ။

ဆောင်းပါးရေးသားမယ်လို့ ကြိုတင်ပြောမထားဘဲ ဒီစားသောက်ဆိုင်မှာ သွားရောက် စားသုံးခဲ့တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေက အခမဲ့တည်ခင်းတာကို မြန်မာတိုင်း(မ်)က လက်မခံပါဘူး။

 
[