မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲဝင်အသင်းတစ်သင်းဖြစ်သော ဆောက်သမ်းမြန်မာအသင်းသည်
၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်များအတွက် နိုင်ငံခြား သားကစားသမား
လေးဦး ခေါ်ယူအားဖြည့် သွားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ စတင်ခဲ့သော ၂၀၀၉ ခုနှစ်ကတည်းက ပြည်တွင်းကစားသမား များ
နှင့်သာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ဆောက်သမ်းမြန်မာအသင်းသည် ၂၀၁၁ ခုနှစ် တွင် နိုင်ငံခြား
သားကစားသမား လေးဦး ခေါ်ယူ ခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်း ကစားသမားများ
နှင့်သာ ဖြတ်သန်းလာခဲ့ သည်။
ယခုနှစ် ဒုတိယရာသီဝက်မှစတင်၍ နိုင်ငံခြားသားကစားသမားများကို ပြန်လည် ခေါ်ယူခြင်းဖြစ်
သည်။ လက်ရှိတွင် ဆားဘီး ယား၊ နိုက်ဂျီးရီးယား၊ မွန်တီနီဂရိုး၊ ပြင်သစ်၊ ဂျပန်၊ ဘရာဇီးလ်နိုင်ငံ
များမှ ကစားသမား ခုနစ်ဦးကို ခေါ်ယူရန် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး အဆိုပါကစားသမားခုနစ်ဦး
အနက် လေးဦးကို ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။
"ကျွန်တော်တို့အသင်းက ပြည်တွင်းကစား သမားတွေနဲ့ ဖြတ်သန်းလာတာကြာပါပြီ။ ပြည်တွင်း
ကစားသမားတွေနဲ့ဆိုတော့ အခြား အသင်းတွေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ အားနည်းချက်တွေရှိပါ
တယ်။ အသင်းက အားနည်းနေတဲ့ တိုက်စစ်ပိုင်းကို အဓိကထားပြီး ခေါ်ယူအားဖြည့် သွားမှာပါ။
မြန်မာနေရှင်နယ်လိဂ်က ခွင့်ပြုထား တဲ့ ၃+၁ ပုံစံအတိုင်း ခေါ်ယူသွားမှာပါ။ နိုင်ငံခြားသားကစား
သမားခေါ်ယူရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဆောက်သမ်းမြန်မာ အသင်း မြန်မာနေရှင်နယ်
လိဂ် အမှတ်ပေးဇယားအောက်ခြေကနေ ရုန်းထွက်နိုင်ဖို့ပါပဲ။ နိုင်ငံခြားသားကစားသမားလေးဦး
ခေါ်ယူမှာ ဖြစ်တဲ့အတွက် အသင်းက ပိုလျှံသွားတဲ့ ကစား သမားတွေကို အခြားအသင်းတွေက
ကမ်းလှမ်းမှုတွေရှိလာရင် ရောင်းချသွားမှာပါ"ဟု ဆောက် သမ်းမြန်မာအသင်း မန်နေဂျာ
ဦးမြင့်ကြူးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော်အနေနဲ့ နိုင်ငံခြားသားကစားသမားတွေ ခေါ်ယူစေချင်ပါတယ်။ အရင်က နိုင်ငံခြား
သားကစားသမားမပါတော့ အခြား အသင်းတွေနဲ့ ကစားတဲ့နေရာမှာ အားနည်း ချက်တွေရှိခဲ့
ပါတယ်။ အခုနိုင်ငံခြားသားကစား သမားတွေ အသင်းမှာ ပါ၀င်လာမယ်ဆိုတော့ မြန်မာနေရှင်
နယ်လိဂ် ဒုတိယအကျော့ပွဲစဉ်တွေမှာ အသင်းတိုင်းကို အကောင်းဆုံးပြန်လည် ယှဉ်ပြိုင်နိုင်မယ်
လို့ မျှော်လင့်ပါတယ်။ နိုင်ငံခြား သားကစားသမားတွေနဲ့ တွဲဖက်ကစားရမှာ ဖြစ်တဲ့အတွက်
သူတို့ဆီက ဘောလုံးပညာတွေ အတွေ့အကြံုကောင်းတွေရရှိမယ်လို့ မျှော်လင့် ရတာပေါ့"ဟု
ဆောက်သမ်းအသင်း နောက်ခံလူ သိန်းစိုးမင်းက ပြောသည်။















