၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် ကရာတေး၊ အလေးမနှင့် နပန်းအားကစားနည်းများ ထည့်သွင်း ကျင်းပမည်မဟုတ်

၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် ကရာတေး၊ အလေးမနှင့် နပန်းအားကစားနည်းများ ထည့်သွင်း ကျင်းပမည်မဟုတ်

စင်ကာပူ - ၂၀၁၅ ခုနှစ်၊ စင်ကာပူနိုင်ငံတွင် ကျင်းပမည့် (၂၈) ကြိမ်မြောက် အရှေ့တောင်
အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် ကရာတေး၊ အလေးမနှင့် နပန်းအားကစားနည်းများကို
ထည့်သွင်းကျင်းပသွားမည် မဟုတ်ကြောင်း ပြိုင်ပွဲကျင်းပရေးအဖွဲ့က ပြီးခဲ့သည့် အင်္ဂါနေ့တွင်
ထုတ်ပြန်ကြေညာလိုက်သည်။

သို့သော် စင်ကာပူနိုင်ငံတွင် ထင်ရှားသည့်အားကစားနည်းတစ်ခုဖြစ်သော ဟော်ကီအားကစား
နည်းနှင့် ဆင်တူသည့် (Floorball) အားကစားနည်းကိုမူ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။

ထို့ပြင် အားကစားနည်း ၃၆ မျိုးအတွက် ရွှေတံဆိပ် ၄၂၀ ချီးမြှင့်မည့် ၂၀၁၅ ဆီးဂိမ်းတွင်
စင်ကာပူ၌ ထင်ရှားသည့် အခြားအားကစားနည်းများဖြစ်သော မြင်းစီးပြိုင်ပွဲ၊ ရေပြင်စကိတ်
စီးပြိုင်ပွဲနှင့် လှေလှော်ပြိုင်ပွဲများကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စင်ကာပူ
အမျိုးသားအိုလံပစ်ကောင်စီက ပြောကြားခဲ့သည်။

စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် မူလက အားကစားနည်း ၃၀ သာ ကျင်းပရန် စီစဉ်ထားသော်လည်း
ဆီးဂိမ်းအဖွဲ့ဝင် အခြား နိုင်ငံများ၏ တောင်းဆိုမှုအရ အားကစားနည်း ခြောက်မျိုးကို ထပ်မံ
ထည့်သွင်းကျင်းပသွား မည်ဟုလည်း ဆိုသည်။ "၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာ ထည့်သွင်း
ကျင်းပမယ့် အားကစားနည်း ၃၆ မျိုးမှာ ၃၄ မျိုး က အာရှအားကစားပြိုင်ပွဲတွေမှာ ထည့်သွင်း
ကျင်းပလေ့ရှိတဲ့ အားကစားနည်းတွေဖြစ်ပြီး အဲဒီထဲက ၂၄ မျိုးဟာ အိုလံပစ်အားကစားနည်း
တွေ ဖြစ်ပါတယ်။

ကျန်နှစ်မျိုးဖြစ်တဲ့ Floorball နှင့် ဘတ်စကက်ဘောအားကစားနည်းနှင့် ဆင်တူတဲ့ (Netball)
ပြိုင်ပွဲတွေကတော့ အထက်ဖော်ပြပါ အားကစားပြိုင်ပွဲတွေမှာ မပါ၀င်တဲ့ အားကစားနည်းတွေပါ"ဟု
စင်ကာပူ အမျိုးသားအိုလံပစ်ကောင်စီ အထွေထွေ အတွင်းရေးမှူး ခရစ္စချန်းက ပြောကြားခဲ့သည်။

Floorball အားကစားနည်းကို ၁၉၇၀ ကျော် ကာလများမှ စတင်ကာ ဆွီဒင်နိုင်ငံတွင် စတင်
ကစားလာခဲ့ပြီး စကင်ဒီနေးဗီးယားဒေသများ တွင် ထင်ရှားသည့် အားကစားနည်းဖြစ်သည်။
ထို့နောက် အာရှဒေသအချို့နှင့် အမေရိကန် တို့တွင် တဖြည်းဖြည်းထင်ရှားလာခဲ့သည်။ ၎င်းအားကစားနည်းသည် ဟော်ကီနှင့် ဘောလုံးအားကစားနည်းတို့ ပေါင်းစပ်ထား သည့်
ကစားနည်းဖြစ်ပြီး တစ်သင်းလျှင် ကစား သမား ငါးဦးနှင့် ဂိုးသမားတစ်ဦး စုစုပေါင်း ခြောက်ဦးစီ
ကစားရသည်။

Netball အားကစား နည်းမှာမူ ၂၀၀၁ ခုနှစ်က မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ
တွင် ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပခဲ့ဖူးသည်။

ဆီးဂိမ်းပြိုင်ပွဲများကို အိမ်ရှင်အဖြစ် ကျင်းပ ခွင့်ရသည့် နိုင်ငံများသည် ပြိုင်ပွဲတွင် မိမိတို့ နိုင်ငံဆု
တံဆိပ်များများရရှိရေးအတွက် သန်ရာသန်ရာ အားကစားနည်းများနှင့် ရိုးရာအားကစားနည်းများ
ကို ထည့်သွင်းကျင်းပလေ့ရှိ ကြသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က မြန်မာ နိုင်ငံ၌ ကျင်းပခဲ့သည့်
(၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရိုးရာခြင်းလုံးအားကစားနည်းကို ထည့်သွင်းကျင်းပခဲ့သည်။

လာမည့် ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည့် Floorball အားကစားနည်း
သည် ပထမဆုံးအကြိမ် ဆုတံဆိပ်ချီးမြှင့်မည့် အားကစားနည်းအဖြစ် ထည့်သွင်းကျင်းပခြင်း
ဖြစ်ပြီး ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် သရုပ်ပြကစား ခဲ့သည်။

အေအက်ဖ်ပီ



ဖတ်ရှုမှုအများဆုံး