မန်ယူရောက်လာတော့မယ့် လူးဝစ္စဗန်ဂါးလ်ဆိုတာ

မန်ယူရောက်လာတော့မယ့် လူးဝစ္စဗန်ဂါးလ်ဆိုတာ

မန်ယူနဲ့ နှစ်ရှည်စာချုပ်(ခြောက်နှစ်)ချုပ်ခဲ့တဲ့ စကော့လူမျိုး ဒေးဗစ်မိုယက်စ်တစ်ယောက်ကတော့
တစ်နှစ်တောင်မခံတော့ဘဲ လွင့်စဉ် သွားခဲ့ပါပြီ။ မန်ယူရဲ့ ဂလေဇာမိသားစု ဒီထက်ပိုပြီး သည်းမခံနိုင်
တော့ပါဘူး။

မန်ယူက အင်းမေ့ချ်ကြီးတော့ ဘောလုံးကွင်းထဲက ရလဒ် တွေ မကောင်းရင် ပြင်ပကနေ ရလာနိုင်
တဲ့ စပွန်ဆာမန်းနီးတွေက လာမယ့်ရာသီဆိုရင် တွန့်ဆုတ်သွားနိုင်တာကိုး။ ဒါကိုတော့ ဂလေဇာ
မိသားစု အထိမခံနိုင်ကြပါဘူး။ သူတို့တင် မဟုတ်ပါဘူး။ တခြားသော ပိုင်ရှင်တွေဆိုရင်လည်း
ဒီလိုပဲလုပ်ကြရမှာ ဖြစ်ပါတယ်။ လိဂ်ဖလားမှာ ဆန်းဒါးလန်းကို ရှုံးတယ်။ အက်ဖ်အေ ဖလားမှာ
ဆွမ်ဆီးကိုရှုံးတယ်။

ပရီမီယာလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးသွားတယ်ဆိုမှတော့ ဒီမန်နေဂျာကို ထုတ်ပယ်ရုံမှ
တစ်ပါး တခြား ရွေးစရာလမ်း မရှိတော့ပါဘူး။ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ကနေ ရလာနိုင်မယ့်
ယူရို သန်း ၅၀ မန်ယူ ဆုံးရှုံးသွားပြီဖြစ်သလို ၀င်လာ နိုင်တဲ့ စပွန်ဆာတွေကလည်း ပြန်လည်သုံး
သပ် နေကြလို့ အကြွေးထူနေတဲ့ ဂလေဇာမိသားစု ဟာ ဒေးဗစ်မိုယက်စ်ရဲ့နေရာမှာ နောက်ထပ်
အင်းမေ့ချ်ကြီးတဲ့ မန်နေဂျာတစ်ယောက်ကို ခေါ်နိုင်ဖို့ ဖာဂူဆန်အကူအညီနဲ့အတူ ရှာပုံတော်
ဖွင့်နေပြီ ဖြစ်ပါတယ်။

တက်လမ်းရှိ အလားအလာရှိနိုင်သူဆိုတာထက် အောင်မြင်မှုရှိထား ဖူးပြီးသားသူကို ခေါ်နိုင်မှ မန်ယူရဲ့အင်းမေ့ချ်ကို ပြန်လည်တည်ဆောက်နိုင်မှာ ဖြစ်တာကြောင့် နောက်ထပ်ရောက်လာမယ့်
သူဟာ ဒေးဗစ် မိုယက်စ်ထက် ပိုသာသူတော့ ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။ ဒေးဗစ်မိုယက်စ်နေ
ရာမှာ မန်ယူ ကစားသမား ရိုင်ယန်ဂစ်နဲ့ ခဏအစားထိုး ပေမယ့် ဂစ်လည်းပဲ တာထွက်ကောင်း
ပေမယ့်ဒုတိယပွဲမှာ ရလဒ်မကောင်းခဲ့လို့ ဂစ်အကြိုက် အသံတွေလည်း တိတ်ဆိတ်သွားပြန်ပါပြီ။

ရေပန်းအစားဆုံးနဲ့ ရောက်ဖို့ သေချာသလောက် ရှိနေသူက ဗင်ဂိုးတို့ရဲ့တိုင်းပြည်၊ အေဂျက်စ်
ဘောလုံးကျောင်းတော်က ထွက်လာတဲ့ တိုတယ် ဖွတ်ဘောဆရာကြီး လူးဝစ္စဗန်ဂါးလ်ဆိုသူပဲ
ဖြစ်ပါတယ်။

မော်ဒန်ဘောလုံးလောကမှာ လူရွယ်ဘောလုံး မန်နေဂျာတွေ မျက်နှာပန်းအလှဆုံးအချိန် ဖြစ်ပါ
တယ်။ ၅၀ ကျော်ပြီဆိုရင်တော့ မန်နေဂျာ အဘိုးကြီးစာရင်း ၀င်သွားပြီး လူကြိုက်နည်းနေ ကြပြီ
ဖြစ်ပါတယ်။ အခုလူးဝစ်ဗန်ဂါးလ်ဆိုသူ က အသက် ၆၂ နှစ်ရှိပြီဆိုတော့ မန်နေဂျာအဘိုးကြီးစာရင်း
၀င်တော့ ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ အနေအထားမှာတော့ ရှိနေဆဲဖြစ်ပါတယ်။ သူ့ရဲ့ မန်နေဂျာ
ကိုယ်ရေးရာဇဝင်ကြီးကို ကြည့် လိုက်ရင်တော့ သူဟာ ထိတ်ထိတ်ကြဲ တစ်ယောက်ဆိုတာကို
တွေ့ရမှာပဲဖြစ်ပါတယ်။

ဟောဒီ ဩကာသလောကကြီးကိုက အလုပ်ဖြစ် ခြင်း၊ မဖြစ်ခြင်းတွေကို နောက်မှာအသာထား
အရင်ဆုံး ကိုယ်ရေးရာဇဝင်ကြီးတွေရဲ့ ခမ်းနား ထည်ဝါမှု ပေတံကြီးတွေနဲ့ တိုင်းတာနေကြတာ
က တစ်ကမ္ဘာလုံးပဲ ဖြစ်ပါတယ်။ လူးဝစ္စဗန်ဂါးလ် ကတော့ ဒေးဗစ်မိုယက်စ်ထက်စာရင်တော့
ကြီးမားတဲ့အတွေ့အကြံုနဲ့ အောင်မြင်မှုတွေက ရှိထားလို့ မန်ယူပရိသတ်တွေ အားကိုးမယ်ဆို
အားကိုးနိုင်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။

"၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်လေးမှာအဲဒီတုန်းက မန်ယူစီးအီးအို ပီတာကင်ယွန်နဲ့
အဆက်အသွယ်ရခဲ့ပါသေးတယ်။ ဖာဂူဆန်အနားယူသွားရင်လာမယ်လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးမှာ ဖာဂူဆန်က အနားမယူသေးဘူး။ ဆက်ကိုင်ဦးမယ်ဆိုလို့ ပြတ်သွားခဲ့တာ"လို့
ဗန် ဂါးလ်ပြောခဲ့တဲ့ တစ်ခါက သူ့ကိုကမ်းလှမ်းမှုရှိတဲ့ အကြောင်း ပြန်ပြောင်းပြောဆိုလိုက်ခြင်း
ဖြစ်ပါတယ်။

ဒါပေမဲ့ ဖာဂူဆန် တကယ်အနားယူလိုက် တော့ ဗန်ဂါးလ်ကို မဆက်သွယ်တော့ဘဲဒေးဗစ်မိုယက်စ်
ကိုပဲ ရွေးချယ်သွားခဲ့ကြပါတယ်။ အခုမှတစ်ခါ ဗန်ဂါးလ်ကို ပြန်ပြီးကမ်းလှမ်း လိုက်ကြတာပဲ ဖြစ်ပါ
တယ်။ ဗန်ဂါးလ်ကြီး ကိုယ်တိုင်ကလည်း လက်ရှိမှာ ဟော်လန် လက်ရွေးစင်အသင်းကို နည်းပြနေ
ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြီးသွားရင် ဟော်လန်လက်ရွေးစင် အသင်းနဲ့ လမ်းခွဲရတော့မှာဖြစ်လို့ အခု
ကတည်းက ကလပ်တွေလိုက်ရှာနေတဲ့အချိန် ဖြစ်နေပါတယ်။


 

မကြာသေးခင်ကပဲ တော့တင် ဟမ် ဟော့စပါးအသင်းက လာမယ့်ရာသီ အတွက် ဗန်ဂါးလ်ကို
ကမ်းလှမ်းနေခဲ့တာ အခု တစ်ခါ မန်ယူကပါ ကမ်းလှမ်းလာ ပြန်တော့ ဗန်ဂါးလ်အတွက် ကမ္ဘာ့
ဖလားပြီးရင် အလုပ် သစ်က အသင့်ဖြစ် နေခဲ့ပြီ ဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့ မန်ယူဆိုရင်
ဗန်ဂါးလ် ဘယ်သူ့ ကို ရွေးမလဲ၊ ပိုက်ဆံ ပို ပေးမယ့်အသင်းကို သွား မှာပေါ့။

စပါးထက် မန်ယူကပိုပေးမှာ သေချာ ပါတယ်။ အေဂျက်စ်ကျောင်းတော် သမိုင်းထဲမှာ ဗန် ဂါးလ်ဆို
တာ မှတ်မှတ်ထင်ထင်ရှိနေ တဲ့ မန်နေဂျာဂုရုကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ၁၉၉၀ ၀န်းကျင်
နှစ်များ ဆီက ဖြစ်ပါတယ်။ ဖာဂူဆန်က ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ ဒေးဗစ် ဘက်ခမ်းတို့နဲ့ ရှင်သန်
နေချိန်မှာ ဗန်ဂါးလ်ကတော့ ဆီးဒေါ့ဖ်၊ ရစ်ကတ်၊ ကလွိုက်ဗတ်၊ဗန်ဒါဆား၊ ဒီဘိုးဝါးညီနောင် အစရှိ
တဲ့ ဒတ်ချ် ချာတိတ်တွေနဲ့ အောင်မြင်နေတဲ့အချိန်ဖြစ်ပါ တယ်။

အေဂျက်စ်ကို ဒတ်ချ်လိဂ်မှာ ဖလားသုံးလုံး၊ ယူအီးအက်ဖ်အေဖလားတစ်လုံး၊ ချန်ပီယံလိဂ်ဖလား
တစ်လုံးတို့ကို ရယူ သရဖူ ဆောင်းနိုင်ခဲ့ပြီး တိုတယ်ဖွတ်ဘောဆရာကြီး အဖြစ် အောင်မြင်လာခဲ့
သူဖြစ်ပါတယ်။ ဒီ အောင်မြင်မှုအရှိန်အဝါကြောင့်လည်း နောက်ဆုံးမှာ ဗန်ဂါးလ်ဟာ ဘာစီလိုနာအသင်းကိုနည်းပြတဲ့သူ ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ဘာစီလိုနာမှာ ချန်ပီယံလိဂ်ဖလား
မရခဲ့ပါဘူး။ လာလီဂါဖလား၊ စပိန်ဘုရင့်ဖလားတွေတော့ ရခဲ့ပါတယ်။

ဒီကနေ့ ဆရာကြီးဖြစ်နေတဲ့ မော်ရင်ညိုဆိုတာ ဗန်ဂါးလ်ရဲ့ တပည့် တစ်ယောက်ပဲ ဖြစ်ပါတယ်။
မော်ရင်ညို ကိုယ်တိုင် အခုထိလေးစားတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဘာစီလိုနာကို ပထမ
တစ်ခေါက် ရောက်တုန်းကတော့ ဗန်ဂါးလ်ဟာ အောင်မြင် မှုရခဲ့ပေမယ့် ဒုတိယတစ်ခေါက်ထပ်
ရောက်သွားတဲ့အခါမှာတော့ အောင်မြင်မှုမရခဲ့ ဘဲ ပြဿနာတွေ နဲ့သာ ကြံုတွေ့ သွားခဲ့ပြီး ရှစ်လ
သာ ကြာညောင်း သွားခဲ့ပါတယ်။

အဲဒီအချိန်က စပိန်ဝန်ကြီးချုပ် ဖြစ်တဲ့ ဂျိုစ်မာရီယာအက်ဇ်နာက ဘာစီလိုနာ ပရိသတ်တစ်ယောက်
ဖြစ်ပြီး ဗန်ဂါးလ်ရဲ့ ဘာစီ လိုနာအသင်း ကစားသမားခေါ်ယူမှုတွေကို ဝေဖန်ပြောဆိုခဲ့လို့ ကိုယ့်
အလုပ်ကိုယ်လုပ်ဖို့ ဗန်ဂါးလ်က ပြန်ပြောခဲ့တာကတော့ အမှတ်ရ စရာ အဖြစ်အပျက်တစ်ခုပဲဖြစ်
ပါတယ်။

ပြီးရင် အဲဒီအချိန်က ဘာစီလိုနာမှာ စူပါဖြစ်နေတဲ့ ရီဗာလ်ဒိုနဲ့ စကားများခဲ့မှုတွေလည်း သူ့အကြောင်း
ထဲမှာ အထင်အရှားတွေပဲ ဖြစ်ပါတယ်။ ဂျိုဟန်ခရိုက်ဖ်၊ ရော်နယ်ကိုးလ်မင်း၊ ဘိုင်ယန်မြူးနစ်ဥက္ကဋ္ဌ
ယူလီဟိုးနက်စ်တို့နဲ့ အကြီးအကျယ်အဆင်မပြေ စကားတွေများခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

ဂျိုဟန်ခရိုက်ဖ်နဲ့ဆိုရင် မျက်နှာချင်းဆိုင်လို့ကို မရအောင်ဖြစ်ခဲ့ ကြသူတွေပဲ ဖြစ်ပါတယ်။ အဓိက
ကတော့ သူ့ရဲ့လုပ်ပိုင်ခွင့်ထဲကို ၀င်ရောက်စွက်ဖက်ပြောဆိုတာကို လုံးဝလက်မခံခဲ့သူတစ်ယောက်
ဖြစ်နေခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြည့်ဝသူတစ်ယောက်ပဲ ဖြစ်ပါ တယ်။

ရီဗာလ်ဒိုနဲ့စကားများတာက ရီဗာလ်ဒိုက နောက်ချန်တိုက်စစ်မှူးနေရာက ကစားချင်တာ ကို
ဗန်ဂါးလ်က ဘယ်တောင်ပံကစားသမားအဖြစ် ကစားခိုင်းလို့ အဆင်မပြေဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ဗန်ဂါးလ်ကြောင့် အဲဒီနှစ် မှာ ရီဗာလ်ဒိုဟာ အကောင်းဆုံးဘောလုံးသမား ဆုကို ရရှိသွားခဲ့
ပါတယ်။

ဘယ်တောင်ပံကစား သမားအဖြစ် ကစားရင်းရသွားခဲ့တာပါ။ အစပိုင်း မှာ အချင်းများခဲ့ပြီး ဗန်ဂါးလ်
က သူကစားခိုင်းတဲ့ အတိုင်း မကစားလို့ ရီဗာလ်ဒိုကို အရန်ခုံမှာပဲ ထားခဲ့လို့ ဝေဖန်တာတွေ ကြံုခဲ့
ရတာဖြစ်ပါ တယ်။

''သူဟာ(ဗန်ဂါးလ်)နာမည်ကြီးကစား သမားတွေကို ဘယ်လို ကိုင်တွယ်ရမယ်၊ဘယ်လို ကစားခိုင်း
ရမယ်ဆိုတာ ကောင်း ကောင်း ကျွမ်းကျင်တဲ့ မန်နေဂျာတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
ဖာဂူဆန် ဘယ်လို ကိုင်တွယ်သလဲဆိုတာနဲ့ အတော့်ကို နီးစပ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်''လို့
ဘာစီလိုနာမှာတုန်းက ကစားသမားဖြစ်ခဲ့တဲ့ ဇန်ဒန်က ပြောဆို သွားခဲ့တာ တွေ့ရပါတယ်။ ပြီးတော့
သူဟာ သူ့ကစားသမားတွေနဲ့ ပတ်သက်လာရင်တော့ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အမြဲတမ်း
ကာကွယ်ပေးတတ်သူတစ်ယောက် ဖြစ်ခြင်းက လည်း သူ့ရဲ့ထင်ရှားမှုတစ်ခုပဲ ဖြစ်ပါတယ်။ သူကိုင်
တွယ်ခဲ့ဖူးတဲ့ အသင်းတွေက ကစား သမားတွေဟာ သူ့ကို လေးစားခဲ့ကြပါတယ်။ ပေါ်လစီနဲ့
ပတ်သက်လာရင် ကစားသမားတွေကို အမြဲတမ်း တံခါးဖွင့်ပေးထားခြင်းက လည်း ကစားသမားနဲ့
အဆင်ပြေစေမှုမှာ အရေးပါပါတယ်လို့ သူ့တပည့်ဖြစ်သူ ရိုင်းဇီဂါ က ပြောပြထားတာ တွေ့ရပါ
တယ်။

"ပြဿနာ တစ်ခုနဲ့ သူ့ဆီသွားလိုက်။ အဲဒီပြဿနာရဲ့ အကြောင်းအကျိုးကို ကောင်းကောင်းခွဲခြား
နိုင်စွမ်းသူ့မှာရှိတယ်" မော်ရင်ညိုဟာ သူ့တပည့်တစ်ယောက် ဖြစ်ခဲ့ပြီး ခံစစ်ကိုဦးစားပေးတည်
ဆောက်တတ် ပေမယ့် ဗန်ဂါးလ်ကတော့ တိုက်စစ်ကိုဦးစားပေး တည်ဆောက်ပြင်ဆင်ကစားသူပဲ
ဖြစ်ပါတယ်။

၂၀၁၄ ဥရောပဇုန်ခြေစစ်ပွဲမှာဆိုရင် ဗန်ဂါးလ် ရဲ့ ဟော်လန်အသင်းဟာ ၃၄ ဂိုးတောင် သွင်း
ထားနိုင်ခဲ့တာ အနီးစပ်ဆုံးနမူနာပဲ ဖြစ်ပါတယ်။ သူ့ရဲ့လက်ထောက်နည်းပြတစ်ဦးဖြစ်တဲ့ ရေမွန်
ဗာဟီဂျန်က "မန်ယူရောက်သွားရင် မန်ယူ ပရိသတ်တွေဟာ သူ့ရဲ့တိုက်စစ်ကစားဟန် အပေါ်မှာ
ကျေနပ်မှုရှိလာကြလိမ့်မယ်။ အသင်း တစ်သင်း အလုံးစုံအသစ်က ပြန်စမယ်ဆိုရင် တော့ ဗန်ဂါးလ်
ဟာ အသင့်တော်ဆုံးပဲဖြစ်ပါ တယ်။ သူ့မှာ ထူးကဲတဲ့ အသင်းတည်ဆောက်မှုအရည်အသွေးရှိ
သလို နည်းပညာပိုင်းမှာလည်း တော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်"လို့ သုံးသပ် ထားခဲ့ပါတယ်။

ဖာဂူဆန်က ဒေးဗစ်မိုယက်စ်ကို ရွေးချယ်ခဲ့မှုမှာ အမှားအယွင်းဖြစ်သွားတဲ့ အတွက် ဒီတစ်ကြိမ်ရွေး
ချယ်မှုမှာတော့ နောက် ထပ်မမှားရအောင် သေချာရွေးချယ်မှာ ဖြစ်ပါ တယ်။ လာမယ့်ရာသီမှာ
မန်ယူကို စီမံမယ့် သူဟာ ဒတ်ချ်တစ်ယောက်ဖြစ်လာတော့မှာပါ။ လူငယ်တွေကို မွေးမြူနေရာ
ပေးတာ၊ အသင်း သစ်တည်ဆောက်တာမှာ နာမည်ကောင်း ရှိခဲ့တဲ့၊ စိတ်လှုပ်ရှားပြင်းထန်တဲ့
ဗန်ဂါးလ် ဟာ မိုယက်စ်ထက်တော့ ပိုကောင်းအောင် စွမ်းဆောင်နိုင်မှာ သေချာနေပါရဲ့...။



ဖတ်ရှုမှုအများဆုံး