အာရှ အသက် ၁၉ နှစ်အောက် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လျက်
ရှိသော မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း သည် အကြိုပြင်ဆင်မှုတစ်ရပ်အနေဖြင့် ပြီးခဲ့ သည့်
မေလ ၅ ရက်နေ့က အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့သည်။
အဆိုပါခြေစမ်းပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၁၉ အသင်းသည် ပွဲအစ ငါးမိနစ်တွင် ဦးဆောင်ဂိုးသွင်း
ယူနိုင်ခဲ့သော်လည်း မိနစ်ပိုင်း အတွင်း မြန်မာ ယူ-၁၉ အသင်းက ချေပဂိုး ပြန်လည်သွင်းယူနိုင်
ခဲ့သည်။
ထို့နောက် လက်ကျန်မိနစ်များတွင် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက်တစ်ဂိုးစီဖြင့်
သရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော အင်ဒိုနီးရှား
ယူ-၁၉ အသင်းသည် အာရှ အသက်၁၉ နှစ် အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်
ပြင်ဆင်လျက်ရှိသော အသင်းတစ်သင်း ဖြစ်သည်။
မြန်မာအသင်းသည် အေအက်ဖ်စီ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမတိုင်မီ ဥရောပသို့ ခြေစမ်းပွဲများ
သွားရောက်ကစားဦးမည် ဖြစ်သည်။ လာမည့် အောက်တိုဘာလ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အေအက်ဖ်စီ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင်
မြန်မာ ယူ-၁၉ အသင်း သည် ပြိုင်ပွဲ၏ အုပ်စု(က)တွင် အီရန်၊ ထိုင်း၊ ယီမင်အသင်းများနှင့်
တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
အုပ်စုအဆင့်ပွဲစဉ် များကို ရန်ကုန်နှင့် နေပြည်တော်မြို့တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာအသင်းပါ၀င်သော အုပ်စုပွဲစဉ်များ၊ ဆီမီးဖိုင်နယ်ပွဲစဉ် များနှင့် ဗိုလ်လုပွဲစဉ်ကို ရန်ကုန်မြို့တွင်
ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ အေအက်ဖ် စီ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲသက်တမ်းတစ်လျှောက် မြန်မာအသင်းက
ခုနစ်ကြိမ်ဗိုလ်စွဲထားပြီး ဒုတိယအအောင်မြင်ဆုံးအသင်းဖြစ်သည်။














