ဒီဘက်ပိုင်းမှာတော့ ပရီမီယာလိဂ်ပြိုင်ပွဲဆိုတာ မန်ချက်စတာနှစ်သင်းပဲ ချန်ပီယံလုတဲ့ ပွဲလို
ဖြစ်လာနေပါတယ်။ ဒီနှစ်မှာ လက်ရှိ ချန်ပီယံ သူရဲနီမန်ယူတို့ နောက်ကောက်ကျသွားချိန်မှာ
ဘလူးမွန်းဆိုတဲ့ မန်ချက်စတာစီးတီးက ချန်ပီယံဖလားကို သိမ်းပိုက်သွားခဲ့ပါတယ်။
လွန်ခဲ့သော တမြန်နှစ်က မန်စီးတီးက ချန်ပီယံ၊ မနှစ်က မန်ယူက ချန်ပီယံ၊ ဒီနှစ်မှာ မန်စီးတီးက
ချန်ပီယံဆိုတဲ့ မန်ချက်စတာ နှစ်သင်း တစ်လှည့်စီ သိမ်းပိုက်နေခဲ့ပုံက နောက်များမှာဆိုရင်
ပြောစရာတစ်ခုဖြစ်လာတော့မယ်ထင်ပါတယ်။
ဒီနှစ် ပရီမီယာလိဂ်ချန်ပီယံသရဖူလုပွဲက မန်စီးတီးနဲ့ လီဗာပူးတို့ အပြိုင်အဆိုင်ဖြစ်ခဲ့ပေမယ့်
ရင်ခုန်မှုကတော့ ပွဲစဉ်(၃၇)မှာပဲရှိခဲ့ပြီး နောက်ဆုံးပွဲစဉ်(၃၈)ဟာ (၃၇)လောက် ရင်ခုန်စရာကောင်း
ခြင်းမရှိခဲ့ပါဘူး။ နောက်ဆုံးပွဲစဉ်မှာ အဓိကပြိုင်ဆိုင်နေတဲ့ နှစ်သင်းက အိမ်ကွင်းတွေချည်း ကစား
ရပြီး မန်စီးတီးက သရေကစားနိုင်ရင်ပဲ ချန်ပီယံဖြစ် မှာမို့ နောက်ဆုံးပွဲစဉ်ဟာ ရင်ခုန်စရာမကောင်း
ဘဲ ဖြစ်ခဲ့ပါတယ်။ ဘယ်နည်းနဲ့မဆို မန်စီးတီး သာ ချန်ပီယံဖြစ်မယ်ဆိုတာ ထင်ရှားနေခဲ့ပါ တယ်။
ဒါကြောင့်လည်း ပွဲစဉ်(၃၇)မှာ လီဗာပူး ဟာ ခရစ္စတယ်ပဲလေ့စ်ကို သရေကျလိုက်တဲ့ အခါမှာ
လီဗာပူးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ငိုပြီးကွင်းထဲက ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးကို
မယှဉ်နိုင်တော့ဘူးဆိုတာကို ဆွာရက်ဇ် သိထားလို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ လည်း မန်စီးတီးက
ဘာဖိအားမှမရှိဘဲ ဒုတိယ မြောက် ပရီမီယာလိဂ်ဖလားကို ရယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။
တကယ်လို့သာ ပွဲစဉ်(၃၇)မှာ လီဗာပူးဟာခရစ္စတယ်ပဲလေ့စ်ကို အနိုင်ကစားနိုင်ခဲ့မယ် ဆိုရင်
မန်စီးတီးဟာလည်း ဖိအားကြီးကြီးမားမား နဲ့ နောက်ဆုံးပွဲစဉ်ကို ကစားသွားရမှာဖြစ်ပါ တယ်။
ပွဲစဉ်(၃၇)မှာ လီဗာပူးဟာ ခရစ္စတယ်ပဲလေ့စ်ကို ရ၉ မိနစ်အထိ သုံးဂိုးပြတ်နဲ့ အနိုင်ရ နေခဲ့တာပါ။
လီဗာပူး ကစားသမားတိုင်းရဲ့ မျက်နှာတွေက ဒီပွဲမှာသူတို့အနိုင်ရပြီး မန်စီးတီး ကို ဖိအားပေးနိုင်ပြီ
လို့ ယူဆထားပုံရပါတယ်။ဒါပေမဲ့ ကံအကြောင်းမလှချင်တော့ ခရစ္စတယ်ပဲလေ့စ်က လက်ကျန်
၁၁ မိနစ်အတွင်းမှာသုံးဂိုးပြန်သွင်းလိုက်တဲ့အခါမှာတော့ နောက်ဆုံးမှာ ဆွာရက်ဇ်တစ်ယောက်
ငိုပွဲဆင်ပြီး ပဲလေ့စ်ကွင်းထဲက ထွက်လိုက်ရတာနဲ့ကြံုသွား ခဲ့ရပါတယ်။
အစောပိုင်း တောက်လျှောက်ခြေစွမ်းကောင်းခဲ့တဲ့ လီဗာပူးဟာ ပွဲသိမ်းခါနီး နောက်ဆုံးသုံးပွဲကျမှ
အခြေအနေမလှဖြစ်သွား ရတာက မန်နေဂျာဘရန်ဒန်ရော်ဂျာနဲ့ အသင်းခေါင်းဆောင်ဂျရတ်တို့
ကြောင့်လို့သာ ဆိုရမှာပဲ ဖြစ်ပါတယ်။
ဂျရတ်အဖို့တော့ သူ့ကစားသမားဘဝတစ်လျှောက်မှာ ချယ်လ်ဆီးပွဲအဖြစ်အပျက် က နာကြည်း
မမေ့နိုင်စရာဖြစ်သွားမှာ သေချာ နေပါတယ်။ ဒီအဖြစ်အပျက်ဟာ သူ့ကို စိတ်ဒဏ်ရာဖြစ်နေမှာ
လည်း သေချာနေပါတယ်။ နောက်ဆုံးတော့ လရိပ်ပြာတို့ အောင်ပွဲခံသွား နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့သော တစ်မြန်နှစ်က မန်စီးတီးတို့ဟာ နှစ်ပေါင်း ၄၄ နှစ်အကြာမှာ သူတို့ရဲ့ပထမဆုံး
ချန်ပီယံဖလားကို ရယူသွားနိုင်ခဲ့ပါတယ်။ မန်ချီနီနည်းပြတဲ့ လက်ထက်မှာပါ။ အဲဒီတုန်းက
နောက်ဆုံးပွဲစဉ်(၃၈)ဟာ ချန်ပီယံဖလားအတွက် မန်ယူနဲ့ မန်စီးတီးတို့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး
မန်စီးတီးပရိသတ်တွေ ရူးမလောက် ရင်သပ် ရှုမော ခံစားခဲ့ကြရပါတယ်။
မန်ယူက ဆန်းဒါး လန်းကွင်းမှာ အနိုင်ရနေချိန်မှာ မန်စီးတီးက အိမ်ကွင်းမှာတန်းတက်အသင်း
လေး ကျူပီအာရ် ကို ပွဲအစ ငါးမိနစ်မှာတင် အရှုံးနဲ့ကစားခဲ့ရပါ တယ်။ ဒီပွဲမှာ မန်စီးတီးဟာ အနိုင်
ရရင် ချန်ပီယံ ဖြစ်မှာဖြစ်ပေမယ့် အရှုံးနဲ့ ကစားနေရလို့ မန်စီးတီးပရိသတ်တွေ ရင်မောနေကြရ
တာပါ။မိနစ် ၉၀ အထိ ကျူပီအာရ်ကို ရှုံးနေချိန်မှာ မန်ယူ က ဆန်းဒါးလန်းကို အနိုင်ရပြီး အောင်
ပွဲခံဖို့ မန်စီးတီးပွဲအဖြေကို စောင့်နေခဲ့ကြပါတယ်။
နောက်ဆုံးမှာ ဘလူးမွန်းတွေဟာ နာကျင်အချိန်ပိုမှာ နှစ်ဂိုးသွင်းလိုက်လို့ အောင်ပွဲခံဖို့ စောင့်နေ
တဲ့ မန်ယူဟာ အောင်ပွဲမခံရဘဲ ဘလူး မွန်း မန်စီးတီးတို့ အောင်ပွဲခံသွားခဲ့ကြပါတယ်။ အခု
တစ်ကြိမ်မှာတော့ မန်စီးတီး သရေသာ ကစားနိုင်ပြီး လီဗာပူးက အနိုင်ကစားနိုင်ရင် တောင်
မန်စီးတီး ချန်ပီယံဖြစ်မှာပါ။ မန်စီးတီးက ရှုံးပြီး လီဗာပူးက အနိုင်ရရင် လီဗာပူး ချန်ပီယံ ဖြစ်မှာမို့
မန်စီးတီးဟာ ၂၀၁၂ ကလိုမျိုး ရင်သပ် ရှုမောမဖြစ်ဖို့ ဂရုတစိုက်ကို ကစားသွားခဲ့ကြပါတယ်။
သရေကစားနိုင်ရင် ချန်ပီယံ ဖြစ်ပြီဆိုတဲ့ စိတ်ခံစားမှုအောက်မှာ မန်စီးတီး ဟာ ၀က်စ်ဟမ်းကို
ကစားကွက်စိုးမိုးထားခြင်း နဲ့ ဖိကစားသွားခဲ့ပါတယ်။
လီဗာပူးမှာက အနိုင်ကစားမှဆိုတဲ့စိတ်နဲ့ ကစားနေရတာတောင် ချန်ပီယံဖြစ်ဖို့ဆိုတာ မသေချာ
သေးတဲ့ အခြေအနေဖြစ်ပါတယ်။ နှစ်ဖက်ပရိသတ်တွေ ကတော့ ရေဒီယိုတွေနားထောင်၊ ဖုန်းတွေ
နားထောင်နဲ့ စိတ်လှုပ်ရှားမှုတွေတော့ရှိနေ ခဲ့ပါတယ်။ အနိုင်ရမှဆိုတဲ့ စိတ်ဖိအားရှိထား တဲ့
လီဗာပူးဟာ ၁၉ မိနစ်မှာပဲ စကာတယ် ကိုယ့်ဂိုးကိုယ်သွင်းပြီး နယူးကာဆယ်ကို ဂိုးစတင်ပေး
လိုက်ရတော့ မန်စီးတီးအတွက်ဖိအားဆိုတာက လုံးဝကို ကင်းစင်သွားခဲ့ပါတယ်။
အဲဒီတော့ ၃၉ မိနစ်မှာ နာဆရီ ဂိုးသွင်း ပြီး သူတို့ရဲ့သုံးနှစ်အတွင်း ဒုတိယမြောက် ချန်ပီယံဖလား
ကိုရဖို့ သေချာသွားစေခဲ့ပါ တယ်။ ၄၉ မိနစ်မှာ ကွန်ပနီက ဒုတိယဂိုး ထပ်သွင်းလိုက်တော့
ချန်ပီယံဆုပေးဖို့ ပြင်ဆင် သူတွေ ကြိုတင်ပြင်ဆင်လိုက်ကြပြီ ဖြစ်ပါ တယ်။ ဘလူးမွန်းပရိသတ်
တွေကလည်း သူတို့ တွေ ကွင်းထဲ ဆင်းအောင်ပွဲခံဖို့အတွက် ပြင်ဆင် နေကြပြီဖြစ်ပါတယ်။
အယ်လ်အီတီဟတ်ကွင်းကြီးရဲ့ အပြင်ဘက် မှာ ကွင်းထဲဝင်လို့မရတဲ့ ပရိသတ်တွေကလည်း
စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေထဲကနေ အားပေးနေကြတာပါ။ ဘီယာဆိုင်တွေ ဆိုရင်
ပွဲမစတင်မီကတည်းက ထိုင်စရာနေရာမရှိတော့လို့ ပိတ်ထားလိုက်ရပြီ ဖြစ်ပါတယ်။ စကာတယ်
ကိုယ့်ဂိုးကိုယ်သွင်းလိုက်ချိန်တွေ၊ နာဆရီဂိုးသွင်းချိန်တွေကတော့ မန်ချက်စတာပရိသတ်တွေ
ပွက်လောရိုက်တဲ့ကာလပဲဖြစ်ပါတယ်။
"လွန်ခဲ့တဲ့နှစ်နှစ်ကနဲ့တော့ စိတ်ခံစားမှုချင်း အရမ်းကွာသွားတာပေါ့။ အဲဒီတုန်းကတော့ ရင်ခုန်
လိုက်ရတာပြောမနေနဲ့တော့၊ ဒီနေ့မနက်မှာပဲ အဲဒီတုန်းကပွဲကို ပြန်ကြည့်ခဲ့သေးတယ်"လို့ ကျောင်း
ဆရာဖြစ်သူ က ဘေကာက သမီးငယ်ကို ကျောပိုးရင်း သူ့ ခံစားမှုကို ပြောပြသွားခဲ့ပါတယ်။
အသက် ၆၅ နှစ်ရှိပြီဖြစ်တဲ့ ဒန်ကွန်နိုလီဆိုတဲ့သူလည်း "လွန်ခဲ့တဲ့ ဘလူးမွန်းရဲ့ အတိတ်တွေကို
ပြန်ပြီး တွေးခဲ့ပါတယ်။ ဘလူးမွန်းပရိသတ်တွေ ဒီလိုမျိုး မခံစားခဲ့ကြရဘူး။
လွန်ခဲ့တဲ့နှစ်နှစ်ကစပြီးခံစားခဲ့ရတာ၊ ဒီတစ်ကြိမ်မှာ လူစာရင်း မြင်ရ ကတည်းက တော်တော့်ကို
ကျေနပ်အားရနေခဲ့တာပါ။ ကွင်းထဲဆင်းပြီး အောင်ပွဲခံတာကိုတော့ တားလို့ဘယ်ရမလဲ။ ကိုယ်
အားပေးတဲ့အသင်း ချန်ပီယံဖြစ်လို့ ၀င်ရောက်အောင်ပွဲခံကြတာပဲလေ''လို့ ပြောဆိုသွားခဲ့ပါတယ်။
မန်စီးတီးပွဲအပြီးမှာ ပရိသတ်တွေသောင်းနဲ့ချီပြီး ကွင်းထဲဝင် အောင်ပွဲခံတာက ကစားသမားတွေ
အတွက် ပျော်စရာဖြစ်သလို စိုးရိမ်စရာလည်း ဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ လူအုပ် ကြီး
ရဲ့ အားပေးနှုတ်ဆက်မှုက ကစားသမားတွေ မနည်းရုန်းထွက်သွားခဲ့ကြရပါတယ်။ နည်းပြဖြစ်တဲ့
ပယ်လီဂရီနီအနေနဲ့လည်း ချီလီကနေ ဥရောပကို ထွက်လာတဲ့ ဆယ်စုနှစ် တစ်စုအတွင်းမှာ
သူ့အတွက် ပထမဆုံးလိဂ်ဖလား ပဲ ဖြစ်ပါတယ်။
အောင်မြင်မှုအတွက် သူဟာ ကျေနပ်မှု တစ်စုံတစ်ရာ ရှိနေခဲ့ပေမယ့် ဒီအောင်မြင်မှုထက် နောက်
ထပ်ခြေလှမ်းတွေ ကိုပဲ ပြောသွားတာက ထူးခြားမှုဖြစ်နေပါတယ်။ အောင်မြင်မှုအတွက် ကျေနပ်
ရပေမယ့် ထိပ်သီး အသင်းကြီးတွေဆိုတာ ချန်ပီယံတစ်ကြိမ်ဖြစ်ရုံ နဲ့ ကျေနပ်နေကြရတာ မဟုတ်
ပါဘူး။ ဒီနေ့အောင်ပွဲခံတယ်။ မနက်ဖြန်မှာ အောင်ပွဲခံမယ်။ သန်ဘက်ခါမှာ အောင်ပွဲခံမယ်။
ဒါပေမဲ့ နောက် နေ့က စတင်ပြီး လာမယ့်ရာသီအတွက် စတင်အလုပ်လုပ်ကြရမယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကလပ်နဲ့ ကစားသမားတွေဟာ နောက်ထပ်အောင်မြင်မှုကို ရယူချင်နေလို့ပဲဖြစ်တယ်"
သူဟာ အောင်မြင်မှုအပေါ်မှာ သာယာနေသူ မဟုတ်တာ သေချာနေပါတယ်။ အောင်မြင်တဲ့
ထိပ်တန်းအသင်းကို ကိုင်တွယ်နေသူဟာ အမြဲတမ်း သတိရှိနေရမယ်ဆိုတာကို ယုံကြည်ပုံ
ရပါတယ်။
ပယ်လီဂရီနီဟာ ဒီရာသီမှာ မန်စီးတီးကို စတင်ရောက်လာခဲ့တာပါ။ ပရီမီယာလိဂ်ဖလား နဲ့အတူ
လိဂ်ဖလားတို့ကို ရယူထားခဲ့ပြီးဖြစ်ပါ တယ်။ ပရီမီယာလိဂ်ရာသီအစမှာ အဝေးကွင်း ပွဲတွေဟာ
ပယ်လီဂရီနီကို ထိုးနှက်ခဲ့တာပါ။ အိမ်ကွင်းရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့ပြီး ဒုတိယရာသီ
၀က်မှာ အဝေးကွင်းရလဒ်တွေ ပြန်ပြီးကောင်းအောင် စွမ်းဆောင်နိုင်လို့သာပဲ ဖြစ်ပါတယ်။
အိမ်ကွင်းမှာ ချယ်လ်ဆီးကို ရှုံးခဲ့ သလို အဝေးကွင်းမှာလည်း ရှုံးခဲ့ပါတယ်။ လီဗာ ပူးကိုလည်း
အဝေးကွင်းမှာရှုံးခဲ့ပါတယ်။ လီဗာပူး ပွဲရှုံးပြီးမှာ ပယ်လီဂရီနီက သူ့ကစားသမားတွေကို ပြောသွား
တဲ့စကားက အခုလို ချန်ပီယံ ဖြစ်ဖို့ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ "ငါတို့ အခု လီဗာပူးကိုရှုံးပေမယ့်
ဒီပုံစံအတိုင်းပဲ ဆက်သွားမယ်။ ဒီထက်ပိုပြီး ငါတို့ရှုံးမယ် မထင် တော့ဘူး။ ငါတို့လီဗာပူးကိုရှုံးလို့
ချန်ပီယံဖလား မရနိုင်ဘူးလို့ မထင်ပါနဲ့ဘာကြောင့်လဲဆိုတော့ လီဗာပူးဟာလည်း အမှတ်ဆုံးရှုံးနိုင်
တဲ့ပွဲတွေ ရှိနေသေးလို့ပါပဲ။ လက်ကျန်ငါးပွဲကို အကောင်း ဆုံး ဖြတ်သန်းနိုင်ရင် ဖြစ်လာပါလိမ့်မယ်။
လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ ဖြစ်လာမှာပါ'' လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ပယ်လီဂရီနီ ဟာ မန်စီးတီးကို ၂၇ ပွဲနိုင်၊ ငါးပွဲသရေ၊ ခြောက်ပွဲရှုံး၊ သွင်းဂိုး ၁၀၂ ဂိုး၊ ပေးဂိုး ၃၇ ဂိုး၊
ရမှတ် ၈၆ မှတ်နဲ့ ချန်ပီယံဖလားကို ရယူသွား နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် မန်စီးတီးအသင်း
ဟာ မန်စီးတီးပိုင်ရှင်ရှိရာ အဘူဒါဘီကို အပန်းဖြေခရီး ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နောက်နှစ်ရက်၊
သုံးရက်ကြာပြီးရင်တော့ ပယ်လီဂရီနီဟာ လာမယ့်ရာသီအတွက် ပြင်ဆင် မှုတွေ ပြန်လည်စတင်
တော့မှာ ဖြစ်ပါတယ်။ ပရီမီယာလိဂ်မိုးကောင်းကင်မှာတော့ လရိပ်ပြာ စိုးမိုးလာမယ် ထင်ပါရဲ့ ...။















