ချန်ပီယံဆုအတွက် ဒီတစ်ပွဲတော့ ဘာစီလိုနာနိုင်ပြီထင်တယ်

ချန်ပီယံဆုအတွက် ဒီတစ်ပွဲတော့ ဘာစီလိုနာနိုင်ပြီထင်တယ်

ဘာစီလိုနာ - အလက်တီကို ဒီပွဲကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်
ဘာစီလိုနာအတွက် အိမ်ကွင်းမှာ သိက္ခာ ဆည်ပြရမယ့်ပွဲပါပဲ။ ချန်ပီယံအဆုံးအဖြတ် လည်း
ဖြစ်နိုင်တဲ့ဒီပွဲမှာ ဘာစီလိုနာဟာ လုံးဝ အမှားခံမှာ မဟုတ်ပါဘူး။ အိမ်ကွင်းနောက်ဆုံး ပွဲဖြစ်တဲ့
အပြင် ဒီရာသီအတွက် နောက်ဆုံးပွဲ လည်းဖြစ်နေတဲ့အချက်က ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်
ဘာစီလိုနာအနိုင်ရဖို့ အစွမ်းကုန် အားထုတ်မှာကလည်း သေချာနေပါတယ်။

အလက်တီကိုကတော့ ဒီရာသီမှာ သူတို့ရဲ့ အနေအထားနဲ့ပြန်ကြည့်ရင် အောင်မြင်တဲ့ ရာသီ
တစ်ခုလို့ ပြောလို့ရပါတယ်။ စပိန် ကိုပါ ဒယ်ရေးမှာ ဆီမီးဖိုင်နယ်အထိရောက်ခဲ့ပြီး လာလီဂါ
မှာလည်း ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တဲ့ အနေအထားကိုရောက်အောင် ကစားပြနိုင်ခဲ့
သလို ဒီပွဲအပြီး သူတို့အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲကလည်း စောင့်မျှော်နေ ပြန်လို့ အလက်
တီကိုအတွက် တကယ့်ကို ချီးကျူးခံထိုက်တဲ့ ရာသီတစ်ခုလို့ပဲ ပြောရပါ တော့မယ်။

အခုလည်း အလက်တီကိုဟာ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းကို စိတ်ဓာတ်ပိုင်း အသာစီးနဲ့
ရောက်လာမှာပါ။ ဒီရာသီ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ငါးပွဲမှာ တစ်ပွဲနိုင်၊ လေးပွဲသရေကစား
ထားနိုင်ခဲ့တဲ့ အလက်တီကိုဟာ ဘာစီ လိုနာရဲ့တိုက်စစ်ကို ဘယ်လိုထိန်းချုပ်ပြီး ကစား ရမလဲ
ဆိုတာကိုလည်း ကောင်းကောင်း နားလည် နေတဲ့ပုံပါပဲ။

ဒီပွဲမှာ အလက်တီကိုဟာ သရေ ကစားနိုင်ခဲ့ရင်တောင် ချန်ပီယံဆုအတွက် မျှော်လင့်နိုင်တဲ့
အနေအထားမျိုးဖြစ်လို့ ဒီပွဲက လည်း ဘာစီလိုနာတိုက်စစ်နဲ့ အလက်တီကိုရဲ့ ခံစစ်တို့ အဓိက
အားပြိုင်ကြမယ့် ပွဲမျိုးပါပဲ။ ဒီနှစ်သင်းရဲ့ အနေအထားချင်းကို ယှဉ်ကြည့် ရင်တော့ အသင်းလိုက်
ကစားအားနဲ့ စိတ်ဓာတ် ပိုင်းမှာ ဘာစီလိုနာဟာ အလက်တီကိုကို မယှဉ် နိုင်သေးပါဘူး။

အထူးသဖြင့် ဒီရာသီမှာ ချန်ပီယံ ဆုကို လက်လွှတ်ရတော့မလိုလိုနဲ့ ကံကောင်းထောက်မစွာ
အခြေအနေကောင်းကိုပြန်ပိုင် ဆိုင်ခဲ့တဲ့ ဘာစီလိုနာရဲ့တစ်ရာသီလုံး ခြေစွမ်း ကိုကြည့်ရင်တော့
သိပ်အားရစရာမရှိလှပါဘူး။ နဂိုကမှ အားနည်းနေတဲ့ ခံစစ်ကြောင်းမှာ ဒဏ်ရာပြဿနာတွေ
ထပ်ကြံုလိုက်ရလို့ ပိုဆိုးရွား တဲ့ အနေအထားမျိုး ရောက်သွားခဲ့သလို အားကိုးရတဲ့ ဂိုးသမား
ဗားလ်ဒက်စ်ကိုပါ ဒဏ်ရာ ကြောင့် ထပ်ပြီး လက်လွှတ်လိုက်ရပြန်လို့ ဘာစီ လိုနာရဲ့ခံစစ်အား
နည်းမှုဟာ အဆိုးဆုံး အခြေ အနေကို တွန်းပို့လိုက်သလိုပါပဲ။

တိုက်စစ်ပိုင်း ကလည်း ဒီရာသီနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ကစားပုံလျော့လာသလိုတွေ့ရ
တယ်။ ကွင်း လယ်မှ ဇာဗီ၊ အင်နီယေစတာ၊ ဖာဘရီဂတ်စ်၊ ဘက်စ်ကွက်ဇ်တို့ရဲ့ ခြေစွမ်းဟာလည်း
တစ် ရာသီလုံးမှာ ပုံမှန်တည်ငြိမ်မှုမျိုး ထိန်းမထားနိုင်ခဲ့ကြသလို တိုက်စစ်ပိုင်းကလည်း မက်ဆီ
အပါအဝင် နေမာ၊ ပက်ဒရို၊ အလက်ဆစ်တို့ရဲ့ ဂိုးသွင်းအားက အတက်အကျများလွန်းတာ တွေ့
ခဲ့ရတယ်။


 

ဒါကြောင့်လည်း ဘာစီလိုနာဟာ ရာသီကုန်ခါနီးရောက်လေ ခြေစွမ်းပိုင်းလျော့ ကျလေဖြစ်လာခဲ့
တယ်။ အထူးသဖြင့် ခံစစ်ပိုင်း အမှားကြောင့် ပေးနေရတဲ့ဂိုးတွေ ပိုများလာခဲ့ သလို တိုက်စစ်ပိုင်း
က အရင်ကလို ပေးရတဲ့ဂိုးတွေအတွက် ပြန်လိုက်ပြီး သွင်းပေးနိုင်တဲ့ နှုန်းက လျော့ကျလာခဲ့လို့
ဘာစီလိုနာဟာ ချန်ပီယံဆုအတွက် မျှော်လင့်ချက်ဆုံးရှုံးရတော့ မယ့်အနေအထားအထိ ရောက်
သွား ခဲ့ရတာပါ။ အလက်တီကိုကတော့ ဒီရာသီမှာ အသင်းကြီးတွေနဲ့ကစားတဲ့အခါမှာ အမှား
အယွင်းနည်းပါတယ်။

လာလီဂါမှာ ရီးယဲလ်ကို တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ဘာစီလိုနာကိုလည်း အခုချိန်အထိ ရှုံးပွဲမရှိအောင်
ကစားပြထားတာကိုကြည့်ရင် ဒီအသင်းကြီးနှစ်သင်းကို အကောင်းဆုံးရင်ဆိုင် နိုင်မယ့်အင်အားမျိုး
အလက်တီကိုမှာ ပိုင်ဆိုင် ထားသလိုပါပဲ။ အလက်တီကိုရဲ့ ဒီရာသီ စုဖွဲ့မှုကိုကြည့်ရင်လည်း
ဂိုးသမား ကော့တွိုက်စ်က စပြီး နောက်တန်းမှာ မီရန်ဒါ၊ ဂိုဒင်၊ ကွင်းလယ်မှာ ဂါဘီ၊ ကိုကီ၊ ရှေ့မှာ
ကော့စတာ အဆုံး တစ်သင်း လုံးဟာ ခြေစွမ်းအားဖြင့် ညီညွတ်မျှတမှုရှိနေတာကို တွေ့ရတယ်။
အထူးသဖြင့် ကွင်းလယ်နဲ့ ခံစစ်၊ ဂိုး သမား စတဲ့ အဓိကနေရာတောင့်တင်း မှုဟာ အလက်တီကိုအတွက် အောင်မြင်မှုတွေကိုမျှော်လင့်နိုင်တဲ့အနေအထားအထိ ရောက်လာခဲ့တာ
လို့တောင် ပြောလို့ရပါတယ်။

အခု ဘာစီလိုနာနဲ့ ရင်ဆိုင်တဲ့အချိန်မှာလည်း နူးကမ့်ကွင်းမှာ သူတို့ရဲ့ခံစစ်ကစားပုံ ဘယ် လောက်
တောင့်တင်းမှုရှိသလဲဆိုတာကို ထပ်ပြီး ထုတ်ပြနိုင်ဖို့ ကြိုးစားလာနိုင်တယ်။ ဘာစီလိုနာ ကတော့
ခံစစ်ပိတ်ကစားနေတဲ့အသင်းတွေနဲ့ တွေ့ရင် ဂိုးရဖို့ရုန်းကန်ရလေ့ရှိသလို အားထားရတဲ့ မက်ဆီ
ကလည်း ခံစစ်သမားတွေကသာ ဘောလုံးမမိ လူမိဆိုတဲ့ပုံစံမျိုးနဲ့ ခပ်ကြမ်းကြမ်း တားဆီးကစား
တာမျိုး ကြံုရတဲ့အခါမျိုးမှာ လှုပ်အား၊ တိုးအားလျော့သွားတတ်တယ်။

ဒါ့ပြင် အလက်တီကိုရဲ့ ကွင်းလယ်သမားတွေရဲ့ ဘာစီ လိုနာမှ ဇာဗီ၊ အင်နီယေစတာတို့ ဘောလုံး
မထွက်အောင် ဘယ်လိုထိန်းချုပ်ကစားရမလဲ ဆိုတာကိုလည်း ကောင်းကောင်းနားလည်နေ ကြ
တဲ့အချက်ကလည်း ဘာစီလိုနာဟာ အခုပွဲမှာလည်း ဂိုးရဖို့အတွက် ခက်ခဲမယ့်ပုံပါပဲ။ ဘာစီလိုနာ
အနေနဲ့ အလက်တီကိုဘက်ကို ဂိုးရဖို့ခက်ခက်ခဲခဲကစားရနိုင်ချိန်မှာ အလက် တီကိုကတော့
အမှားအယွင်းများလွန်းနေတဲ့ ဘာစီလိုနာခံစစ်ကြောင်းကို အချိန်မရွေး ပြန် ဖိအားပေးပြီး ဂိုးတွေ
ရအောင် ယူထားနိုင်ဖို့ အခွင့်အလမ်း ပိုရှိနေတာကလည်း ဘာစီလိုနာ အတွက် အဓိကစိုးရိမ်ရမယ့်
အနေအထားမျိုး ပါပဲ။

ဒါပေမဲ့ ဒီပွဲမှာမေ့မထားသင့်တာကတော့ ကံတရားပါပဲ။ ဘာစီလိုနာဟာ ဒီရာသီအတွင်း မှာ ချန်ပီ
ယံမျှော်လင့်ခွင့်ဆုံးရှုံးနိုင်မယ့်အနေ အထားမျိုး နှစ်ကြိမ်၊ သုံးကြိမ်လောက်ကြံုခဲ့ရ ပေမယ့် အဓိက
ပြိုင်ဘက်အသင်းတွေက သူတို့ ရလာတဲ့အခွင့်အရေးတွေကို ပြန်ပြီးဆုံးရှုံးခဲ့ကြလို့ ဘာစီလိုနာဟာ
နောက်ဆုံးအချိန်အထိ မထင်မှတ်ဘဲ ချန်ပီယံမျှော်လင့်ခွင့်ရထားခဲ့ တာပဲဖြစ်တယ်။

ဒါကြောင့်လည်း နောက်ဆုံး ရလာတဲ့ အခွင့်အရေးကိုတော့ ဘာစီလိုနာဟာ လုံးဝလက်လွှတ်ဆုံး
ရှုံးခံမယ့်ပုံ မရှိတော့ဘူးထင်ပါတယ်။ အထူးသဖြင့် ဒီရာသီတစ်ရာသီ လုံး ဖိအားတွေကြံုခဲ့ရပြီး
အသင်းမှာဆက်ရှိဖို့တောင် ရေရာမှုမရှိတော့တဲ့ နည်းပြမာတီနို အတွက်တော့ ဒီပွဲဟာ သူ့အတွက်
နောက်ဆုံး လုပ်ပြနိုင်ခွင့်ရှိမယ့်ပွဲ ဖြစ်လာနိုင်လို့ အသင်းကိုအကောင်းဆုံး ပြင်ဆင်ထားဖို့ ကြိုးစား
လာပါလိမ့်မယ်။

အလက်တီကိုကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကလည်း ကစားရဖို့ရှိနေသေးချိန်မှာ ဘာစီလိုနာ
လောက်တော့ စိတ်လွတ်လက်လွတ် လွှတ်ပြီး ဒီပွဲကိုကစားမယ့်အနေအထားမျိုး မရှိပါဘူး။
ထိန်းကစားရင်းနဲ့ ဘာစီလိုနာရဲ့ အားနည်းတဲ့ခံစစ်အမှားကိုပဲ အခွင့်အရေးယူဖို့ ကြိုးစားပါလိမ့်မယ်။
ဒါကြောင့် အိမ်ရှင်အသင်း ရဲ့ မထင်မှတ်ဘဲရလာတဲ့အနေအထားကို လက် မလွှတ်ရဖို့ အစွမ်းကုန်
ကစားလာနိုင်တဲ့အနေအထားကြောင့် ဒီပွဲဟာ ဘာစီလိုနာကိုပဲ ရွေးထားရတော့မယ်ထင်ပါတယ်။

အခြားပွဲစဉ်များ
* ဗလင်စီယာ - ဆယ်လ်တာ
ဆိုစီဒက် - ဗီလာရီးယဲလ် *
* မာလာဂါ - လီဗန်တေး
* အိုဆာဆူနာ - ဘက်တစ်
* ရီးယဲလ် - အက်စ်ပန်ညို
ရာယို - ဂီတာဖေး *
ဆီဗီလာ - အယ်လ်ချီ *
* ဗယ်လာဒိုးလစ် - ဂရန်နာဒါ
* အယ်လ်မီရီယာ - ဘီလ်ဘာအို



ဖတ်ရှုမှုအများဆုံး