၁၈ နှစ်၊... သူတို့တွေ ၁၈ နှစ်တောင် စောင့်ခဲ့ရသည်။ လာလီဂါချန်ပီယံဆုကို တစ်ကျော့ပြန်ယူနိုင်
ရေးအတွက် ကြိုးစားမှုအသီးအပွင့်က အခု တော့ ဖူးပွင့်လာခဲ့ပြီဖြစ်သည်။ ဒီအလက်တီကို ပန်းခင်း
ကို ပျိုးထောင်ပေးခဲ့သူက ဆီမြွန်နီပဲ ဖြစ်သည်။
အလက်တီကို ပရိသတ်များအတွက်တော့ ဒီရာသီက အမှတ်ရစရာများဖြင့် ပြည့်နှက်နေပြီး
ရီးယဲလ်နှင့် ဘာစီလိုနာအသင်းကြီးနှစ်သင်း၏ လွှမ်းမိုးထားမှုကို ဒီတစ်ကြိမ်တော့ အလက်
တီကိုက ဖောက်ထွက်ပြနိုင်ခဲ့၍ဖြစ်သည်။ ဒီလိုဖောက်ထွက်ပြနိုင်ဖို့ ၁၀ နှစ် ... ၁၀ နှစ်
စောင့်ခဲ့ရသည်။
၂၀၀၄ ခုနှစ်တွင် ဗလင်စီယာ အသင်း လာလီဂါချန်ပီယံဖြစ်ခဲ့ပြီး နောက်ပိုင်း လာလီဂါ ကို
ရီးယဲလ်နှင့် ဘာစီလိုနာနှစ်သင်းတည်းသာ ချန်ပီယံဆုကို အလှည့်ကျယူနေခဲ့ကြသည်။
အခုတော့ ထိုနှစ်သင်းကြားဖောက် ထွက်ပြနိုင် သည့် နောက်ထပ် အသင်းတစ်သင်းအဖြစ်
အလက်တီကိုအသင်း မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဒီလိုချန်ပီယံဖြစ်ဖို့ အလက်တီကိုအသင်း
လွယ်လွယ်နှင့် ရောက်လာခြင်းမဟုတ်။
လာလီဂါ ချန်ပီယံဖြစ်ရေးအတွက် နည်းပြဆီမြွန်နီနှင့် အတူ သုံးနှစ်ခန့် အချိန်ယူခဲ့ရသည်။
သို့သော် လည်း ဆီမြွန်နီနှင့် အလက်တီကိုမှာ ကံစပ်သည် ဟုပင် ပြော၍ရနေသည်။ ဆီမြွန်နီ
စတင်တာဝန်ယူသည့်နှစ်မှာပင် အလက်တီကိုအသင်းမှာ ယူရိုပါလိဂ်ဖလားကို ရယူပြနိုင်ခဲ့သည်။
နောက် တစ်နှစ်တွင်တော့ စပိန်ကိုပါဒယ်ရေး ဗိုလ်လုပွဲ တွင် ရီးယဲလ်ကိုကျော်ဖြတ်ကာ ဗိုလ်စွဲပြ
ခဲ့ပြန် သည်။ ယခုတစ်ကြိမ် လာလီဂါတွင် နူးကမ့်ကွင်း ၌ ဘာစီလိုနာကို သရေကစားပြီး ချန်ပီယံ
ဆုကို ယူပြခဲ့ကြသည်။ နူးကမ့်တွင် ကစားသည့် လာလီဂါပွဲတိုင်း ရလဒ်ကောင်းလေ့မရှိသည့်
အပြင် ဒီတစ်ကြိမ်တွင်လည်း တစ်ဂိုးအရှုံးမှနေ၍ ကစားခဲ့ရသေးသည်။
သို့သော်လည်း အသင်း၏ စိတ်ဓာတ်ကောင်းမွန်မှုကို အကောင်းဆုံး ထုတ်ပြနိုင်ခဲ့ပြီး ချေပဂိုး
ပြန်လည်ရယူနိုင်ခဲ့၍ လာလီဂါချန်ပီယံဆုကို ၁၉၉၆ ခုနှစ်နောက်ပိုင်း တစ်ကျော့ပြန်ယူနိုင်ခဲ့ခြင်း
ဖြစ်သည်။
တကယ်ဆို နူးကမ့်ကွင်းတွင် ကစားသည့်ပွဲ၌ အိမ်ရှင်ပရိသတ်က ၉၀,၀၀၀ ကျော်ခန့်ရှိခဲ့ သည်။
အလက်တီကိုပရိသတ်မှာ ၄၄၇ ယောက် သာရှိခဲ့ပြီး ဒီလိုပြိုင်ဘက်ပရိသတ်များရှေ့တွင် ချန်ပီယံ
ဆုရရေးအတွက် တည်ငြိမ်စွာကစားပြ နိုင်ရေးဆိုသည်မှာ သိပ်မလွယ်လှ။ သို့သော် လည်း
ထိုမလွယ်ကူသောအလုပ်ကို လုပ်ပြသွား နိုင်ခဲ့ခြင်းကိုက ဒီရာသီချန်ပီယံဆုမှာ အလက် တီကိုနှင့်
အမှန်တကယ်ပင် ထိုက်တန်မှုရှိကြောင်း ပြလိုက်သလိုပဲဖြစ်သည်။
အခု ဘာစီလိုနာကို ကျော်ဖြတ်ပြီး လာလီဂါ ချန်ပီယံဆုကို အလက်တီကို ရခဲ့ပြီဖြစ်သည်။
ရှေ့တွင်လည်း လာလီဂါ၏ နောက်ထပ်မဟာ အသင်းကြီးတစ်သင်းဖြစ်သော ရီးယဲလ်မက်ဒရစ်
နှင့် ကစားရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲက စောင့်ကြိုနေပြန်သည်။
ထိုပွဲကိုသာ အလက်တီကို ထပ်ပြီး ကျော်ဖြတ်ပြနိုင်ဦးမည်ဆိုလျှင်တော့ အလက်တီကိုမှာလည်း
ဆီမြွန်နီနှင့်အတူ ခေတ်သစ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ပြီဟု ဆိုရတော့မည်ဖြစ်သည်။ ဆီမြွန်နီ
မှာ မြန်မာပရိသတ်များနှင့် မစိမ်းသောသူတစ်ဦးလည်းဖြစ်သည်။ ၁၉၉၈ ကမ္ဘာ့ ဖလား၌ အင်္ဂလန်
က ဒေးဗစ်ဘက်ခမ်း အနီကတ်ဖြင့် ပြိုင်ပွဲမှထွက်ရရန် ဟန်ဆောင်မှု ကောင်းခဲ့သူအဖြစ် အာဂျင်
တီးနားက ဆီမြွန်နီကို မြန်မာပရိသတ်များ ကောင်းကောင်းမှတ်မိနေကြဆဲ ဖြစ်သည်။
ဆီမြွန်နီမှာ ကစားသမားတစ်ယောက် ဖြစ်ခဲ့စဉ်ကလည်း ခြေစွမ်းပြနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး စပိန်နှင့်
အီတလီက ကလပ်အသင်းကြီးများတွင် ကျင်လည်ခဲ့ဖူးသူလည်း ဖြစ် သည်။ ထိုအတွေ့ အကြံု
များက သူ နည်းပြဖြစ်လာ သည့် အချိန် တွင် သူ့ကိုအကောင်း ဆုံး ပံ့ပိုးပေးနိုင်ခဲ့သည်လားတော့
မပြောတတ်။
အလက်တီကိုက သူ့နည်းပြဘဝကတော့ အောင်မြင်မှုများနှင့် ပြည့်နှက်သွားပြီဖြစ်သည်။
တကယ်ဆိုလျှင် ဆီမြွန်နီမှာ အလက်တီကို ကစားသမားဘဝကိုလည်း နှစ်ကြိမ်တိုင် ရယူ
ခဲ့ဖူးသူဖြစ်သည်။ ၁၉၉၄ မှ ၉၇ အထိ အလက် တီကိုတွင် ကစားခဲ့ပြီး နောက် စီးရီးအေသို့
ပြောင်းရွှေ့အခြေချကာ အင်တာ၊ လာဇီယိုအသင်းများတွင် ကစားခဲ့ သည်။
၂၀၀၃ ခုနှစ်တွင်တော့ အလက်တီကိုသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ၂၀၀၅ ခုအထိ ကစားသွားခဲ့
သူဖြစ်သည်။ သူ၏ စပိန်ကစား သမားဘဝကိုလည်း ဆီဗီလာအသင်းနှင့် ၁၉၉၂ ခုနှစ်က စတင်ခဲ့
သူဖြစ်ရာ သူ့တွင် စပိန်မြေနှင့် ရင်းနှီးနေသော အတွေ့အကြံုများရှိနေသူဖြစ် သည်။
ဒီလိုနှင့် အလက်တီကိုသို့ နည်းပြဘဝဖြင့် ပြန်ရောက်လာချိန်တွင် အသင်းနှင့်ရင်းနှီးပြီး သား
သူ့အတွက် အသင်းကို အကောင်းဆုံး ဦးဆောင်သွားခဲ့သည်ကလည်း တကယ်ဆို လျှင် အံ့ဩ
စရာတော့မဟုတ်။ ဘာစီလိုနာ ကစားသမားဟောင်း ဂွါဒီယိုလာနှင့် ဘာစီ လိုနာ ကံစပ်ခဲ့သကဲ့သို့
အလက်တီကိုကစား သမားဟောင်း ဆီမြွန်နီနှင့် အလက်တီကိုမှာ လည်း နည်းပြဘဝတွင်
ကံစပ်ခဲ့ကြသည်ဟု ပြောနိုင်သည်။
ဘောလုံးကစားရာတွင် စိတ်ဓာတ်အား ကောင်းကောင်းဖြင့် ကစားတတ်လေ့ရှိသော ဆီမြွန်နီမှာ
အလက်တီကိုအသင်းကိုလည်း ထိုသို့သောစိတ်ဓာတ်မျိုး သွင်းပေးနိုင်ခဲ့ သူဟု ပြောနိုင်သည်။
အလက်တီကို အသင်း ဒီရာသီ ကစား သွားပုံများကို ကြည့် လျှင် ဆီမြွန်နီ၏ အရိပ်များ မည်မျှ
လွှမ်းမိုးနေသည် ကို ကောင်း ကောင်းတွေ့နိုင်သည်။ ဆီမြွန်နီမှာ ကစားသမားဘဝ တွင် အနိုင်
ရရေးအတွက် ဥပဒေတွင်း၊ ဥပဒေပ လိုအပ်လျှင် လိုအပ်သလို ကစားတတ်သူဖြစ် သလို သူညစ်
ကိုယ်ညစ် ကစားတတ်သူလည်း ဖြစ်သည်။ ဘက်ခမ်းနှင့် အဖြစ်အပျက်ကို ကြည့်လျှင် ဆီမြွန်နီ
မှာ မည်သို့စိတ်ဓာတ်မျိုး ရှိသည်ကို မှန်းဆ၍ရနေသည်။ ယခု သူ၏အလက်တီကို အသင်းမှာ
လည်း အဲဒီအတိုင်းပဲဖြစ်သည်။
လိုအပ်လျှင် လိုအပ် သလို ခပ်ညစ်ညစ်ကစားပြနိုင်ပြီး အမှတ်ရ အောင် မည်သို့ယူရမည်ဆိုသည်
ကိုပါ နားလည် နေကြသည်။ ဒါတွေကလည်း ဆီမြွန်နီ၏ အတွေ့ အကြံုများကို အခြေခံထားခြင်း
ဖြစ်သည်။
ဆီမြွန်နီမှာ အလက်တီကိုကို တည်ဆောက် ရာတွင် အဓိကအားဖြင့် အသင်းကို သူကစား သမား
ဘဝက ဖြတ်သန်းခဲ့ဖူးသော အီတလီ အသင်းများ၏ကစားဟန်ကို အဓိက အခြေပြု တည်ဆောက်
ခဲ့သည်။
လိုအပ်လျှင် ခပ်ကြမ်း ကြမ်းကစားတတ်ပုံကတော့ သူငယ်စဉ်က ကစားခဲ့သည့် အာဂျင်တီးနား
အသင်းများထံမှ ရထားခဲ့ခြင်းပဲဖြစ်သည်။ နောက်ထပ်သူ့အရည်အချင်းက ကစားသမား များ၏
စိတ်ဓာတ်ပိုင်းကို အကောင်းဆုံးမြှင့်တင် နိုင်ခဲ့ခြင်းဖြစ်ပြီး အသင်းကိုလည်း ဂိုး၊ ရှေ့၊ လယ်၊ နောက်
အားလုံးကိုဟန်ချက်ညီအောင် တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ အလက် တီကိုမှာ ဒီရာသီ
အားကောင်းခဲ့သည့်အချက်က အရန်ကစားသမားများနှင့် ဦးစားပေးကစားသမားများကြား
ခြေစွမ်းကွာဟာမှု နည်းပါးခဲ့ခြင်းလည်း ပါသည်။
အသင်းကို ဦးစားပေး ၁၁ ယောက်ဖြင့် အဓိကတည်ဆောက်ခဲ့သည်မှာ မှန်သော်လည်း လိုအပ်၍
အပြောင်းအလဲလုပ် သည့်အခါမျိုးတွင်လည်း အသင်း၏ကစားပုံကို ဟန်ပျက်မသွားအောင်
ထိန်းနိုင်ခဲ့ခြင်းက အခြားအသင်းများထက် အားသာမှုဟု ပြော၍ ရသည်။
ထို့ကြောင့်လည်း အလက်တီကိုမှာဆီမြွန်နီ၏ လက်ထဲတွင် တစ်နှစ်ပြီးတစ်နှစ် အသားပိုကျ
လာခြင်းဖြစ်သည်။ လာမည့် ရီးယဲလ်နှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကိုသာ အနိုင်ယူဗိုလ်စွဲ ပြနိုင်ခဲ့ပါက
ဆီမြွန်နီနှင့် အလက်တီကိုအတွက် တကယ့်မှတ်တမ်းကောင်း တစ်ခုကို ရေးထိုးနိုင်မည့် ရာသီ
တစ်ခုဖြစ်လာတော့မည် ဖြစ်သည်။
ထို့အတူ လာမည့်ရာသီ များမှာလည်း ယခုရာသီ အောင်မြင်မှုများက ဆီမြွန်နီနှင့် အလက်တီကို
အပေါ် ဖိအားများ လည်း ပိုရှိလာနိုင်တော့မည်ဖြစ်သည်။ အလက် တီကိုနှင့် တစ်ရာသီဖလား
တစ်လုံး ယူပြထားသည့် ဆီမြွန်နီအတွက်တော့ နောင်ကြံုလာတော့မည့် ဖိအားများကို ကြံ့ကြံ့
ခံနိုင်မည့် စိတ်ဓာတ်အင်အားမျိုး ဆက်ပြီးပိုင်ဆိုင်ထားခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြရဦးမည်။















