၂၀၁၃-၁၄ ရာသီ စီးရီးအေ အမှတ်ပေးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ဂျူဗင်တပ်ပင် ထပ်မံဗိုလ်စွဲ
သွားသည်။ ဂျူဗင်တပ်သည် ယခုရာသီမစမီ ဗိုလ်စွဲရန် ထိပ်ဆုံးက ရေပန်းစားခဲ့သည့်အတိုင်း
အမှန်တကယ်ပင် ဗိုလ်စွဲခဲ့သည်။
ယခုနှစ် အပါအဝင် ဂျူဗင်တပ်သည် သုံးနှစ် ဆက်တိုက် ဗိုလ်စွဲခြင်းဖြစ်သည်။ နည်းပြကွန်တီ
သည် ၂၀၁၁-၁၂ ရာသီတွင် ဂျူဗင်တပ်နည်းပြ ဖြစ်လာပြီးနောက် ဗွေဆော်ဦးနှစ်မှာပင် အမှတ်
ပေးချန်ပီယံ ဖြစ်ခဲ့သည်။
ထို့နောက် ၂၀၁၂-၁၃ နှင့် ၂၀၁၃-၁၄ ရာသီများတွင် ဆက်တိုက်ဗိုလ်စွဲခဲ့ရာ ဂျူဗင်တပ်သမိုင်းတွင်
အောင်မြင်သော နည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၁၃-၁၄ ရာသီမတိုင်မီ ဂျူဗင်တပ်
သည် ချန်ပီယံလိဂ်တွင်ပါ ခြေစွမ်းပြနိုင်ရန်အတွက် တိုက်စစ်အင်အား ဖြည့်တင်းခြင်းနှင့် နည်း
ဗျူဟာ ပိုင်း အပြောင်းအလဲအဖြစ် ၃-၅-၂ ကစားကွက်သို့ ပြောင်းလဲကျင့်သုံးခြင်းများ ပြုလုပ်
ခဲ့သည်။
တိုက်စစ်အင်အားစု ဖြည့်တင်းမှုအနေဖြင့် အာဂျင်တီးနားတိုက်စစ်မှူး တေဗက်ဇ်၊ စပိန် တိုက်စစ်မှူး
လော်ရန်တေးတို့ကို ခေါ်ယူအားဖြည့်လိုက်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်ဖွင့်ချိန်တွင်
အီတလီလက်ရွေးစင် အော့စဗဲလ်ဒိုကို ထပ်မံခေါ်ယူခဲ့သည်။
နည်းဗျူဟာပိုင်း ပြောင်းလဲမှုအနေဖြင့် ၃-၅-၂ ကစားကွက် ကျင့်သုံးခြင်း၏ မူလရည်ရွယ်ချက် မှာ
ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြ အောင်မြင် မှုရရန် ဖြစ်သော်လည်း တကယ်တမ်းတွင် ချန်ပီယံ
လိဂ်ပြိုင်ပွဲ၌ အုပ်စုအဆင့်မှပင် ထွက်ခဲ့ ရသည်။ သို့ရာတွင် စီးရီးအေတွင်မူ ဘောလုံး ရာသီ
သုံးချိုးတစ်ချိုး ကျိုးချိန်လောက်မှ စတင်ခါ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပြီး
ရာသီကုန်ဆုံးသည်ထိ တောက်လျှောက်ဦးဆောင် သွားကာ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
ယခုရာသီမစမီ စီးရီးအေထိပ်တန်းအသင်းများဖြစ်သော ရိုးမား၊ နာပိုလီ၊ အင်တာမီလန်တို့တွင်
နည်းပြအပြောင်းအလဲ ဖြစ်ခဲ့သည်။ သို့ကလို နည်းပြပြောင်းလဲခဲ့သော ထိပ်သီးအသင်းများထဲ
တွင် နည်းပြဘင်နီတက်ဇ်၏ နာပိုလီသည် ဂျူဗင်တပ်ပြီးလျှင် ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း
တကယ်တမ်းတွင် ရာသီအစ ပိုင်း၌ ခြေစွာခဲ့သောအသင်းမှာ ရိုးမားဖြစ်သည်။ နည်းပြ ရူဒီဂါစီယာ
ကိုင်တွယ်ပြီးနောက် ရိုးမားသည် ရာသီအစပိုင်း ၁၀ ပွဲဆက်တိုက် နိုင်ကာ အမှတ်ပေးဇယားကို
ဦးဆောင်ခဲ့သည်။
ပွဲစဉ်(၁၁)မှ စတင်ခါ လေးပွဲဆက်တိုက် သရေကျ ပြီးနောက် ရိုးမားတို့ ထိပ်ဆုံးနေရာကို ဖယ်ပေး
လိုက်ရသော်လည်း ရာသီကုန်ဆုံးချိန်ထိ ဒုတိယ နေရာအောက်ဘက်သို့ ရောက်သွားခြင်းမရှိပေ။
ရိုးမားတွင် ဩဇာကြီးမားသော အသင်း ခေါင်းဆောင် တော့တီနှင့် နည်းပြရူဒီဂါစီယာ တို့ နားလည်
မှုရခဲ့ပြီး ဂျာဗင်ဟို၊ အဒမ်လာဂျစ်၊ ကီဗင်စထရုမင်း၊ မိုင်ကွန်၊ ဘင်နာတီယာ အစရှိသော ကစား
သမားများကို ခေါ်ယူခဲ့ပြီး ဇန်နဝါရီဈေးကွက်ဖွင့်ချိန်၌ ဘယ်လ်ဂျီယံလက်ရွေးစင် နီယန်ဂိုလာကို
ထပ်မံခေါ်ယူခဲ့သည်။ ၄-၃-၃ ကစားကွက်ဖြင့် မြန်နှုန်းမြင့်တိုက်စစ်ပုံစံကျင့်သုံးသော ရိုးမားသည်
ပွဲတိုင်းနီးပါး ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာစီးဖြင့် ကစားနိုင်ခဲ့သည်။
နာပိုလီတွင် အဓိကတိုက်စစ်မှူး ကာဗာနီပြောင်း ရွှေ့သွားပြီး အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်၊
ဇာပါတာ၊ ဟိုဆေးကယ်လီဂျွန်၊ ဒရီစ်မာတင်၊ ရာအူးလ်အဲလ် ဘီရော အစရှိသူများကို ခေါ်ယူ
အားဖြည့်ကာ စီးရီးအေနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ရပ်လုံး ၀င်ရောက်ခဲ့သည်။ စီးရီးအေ တွင်
နာပိုလီသည် တောင်ပံတိုက်စစ် အကောင်း ဆုံးနီးပါးဖြစ်ခဲ့သော်လည်း ခြေစွမ်းအတက်အကျ
များပြီး ပုံမှန်ခြေစွမ်းကို ထိန်းနိုင်ခြင်း မရှိတာကို တွေ့ရသည်။ အထူးသဖြင့် အရေးပါ သော
အဆုံးအဖြတ်ပွဲများတွင် အနိုင်ရအောင် 'ညှစ်'ကစားနိုင်ခြင်း နည်းပါးသည်။
သို့ရာတွင် ကိုပါအီတာလျံဖလားကို ဆွတ်ခူးနိုင်ခြင်း ကြောင့်နည်းပြ ဘင်နီတက်ဇ်အတွက်
ဗွေဆော်ဦး နှစ်မှာပင် ဆုဖလားတစ်ခု သိမ်းပိုက်နိုင်ခဲ့သည်။ ရာသီမစမီ နည်းပြအပြောင်း
အလဲဖြစ်ခဲ့သော ထိပ်သီးသုံးသင်းအနက် တည်ငြိမ်မှုအနည်းဆုံး မှာ အင်တာမီလန် ဖြစ်သည်။
နာပိုလီကို အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တင်ပေးနိုင် ခဲ့သော နည်းပြ မက်ဇာရီသည်
အင်တာမီလန် ကို ကိုင်တွယ်ပြီးနောက် နာမည်သိပ်မကြီးသော ကစားသမားအချို့ ခေါ်ယူ
အားဖြည့်ခဲ့သော် လည်း အသင်းကို တည်ငြိမ်မှုရအောင် အတော် ပင် ကြိုးပမ်းခဲ့ရသည်။
နည်းပြ မက်ဇာရီသည် နာပိုလီတွင် သူအောင်မြင်ခဲ့သော ၃-၅-၂ ကစား ကွက်ကို အင်တာမီလန်
တွင် အထိုင်ချနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ရုန်းကန်ခဲ့ရသည်။ တစ်ဖန် အင်တာမီလန်ကို
တည်ငြိမ်မှု နည်းပါး စေသော အခြားတစ်ချက်မှာ ရာသီထက်ဝက်ကျိုး ခါနီးတွင် ပိုင်ရှင်အပြောင်း
အလဲဖြစ်ကာ ကစား သမားသစ်များ ခေါ်ယူမည်ဟု သတင်းများ ထွက်ပေါ်လာခြင်းကြောင့်
အသင်းတည်ငြိမ်မှု ကို အနည်းနှင့်အများ ထိခိုက်သွားသော်လည်း နောက်ဆုံးတွင် အဓိက
ခေါ်ယူမှုအဖြစ် လာဇီယို ကွင်းလယ်ဖန်တီးရှင် ဟာနန်နက်စ်သာ ရှိခဲ့ သည်။
ယခုရာသီတစ်လျှောက်လုံး အင်တာ မီလန် ကြံုတွေ့ခဲ့ရသော ပြဿနာမှာ ဂိုးသွင်း ပိရိသေသပ်
သော တိုက်စစ်မှူးကောင်းမရှိခြင်း ဖြစ်သည်။ အင်တာမီလန်၏ မြို့ခံပြိုင်ဘက် အေစီမီလန် မှာမူ
စီးရီးအေရော ချန်ပီယံလိဂ်တွင်ပါ ခြေစွမ်း မပြနိုင်ရုံတင်မက လမ်းတစ်ဝက်တွင် နည်းပြ အယ်လီ
ဂီရီကို ထုတ်ပယ်လိုက်ရပြီး အေစီမီလန် ကစားသမားဟောင်း ဆီးဒေါ့ဖ်ဖြင့် အစားထိုးလိုက်ရ
သည်။
ဘဏ္ဍာငွေ အခက်အခဲ ကြောင့် အေစီမီလန်သည် ကစားသမားသစ် များကို လိုအပ်သလောက်
ခေါ်ယူနိုင်ခဲ့ခြင်း မရှိဘဲ ကာကာ၊ အက်ဆီယံ၊ မာထရီတို့ကို ခေါ်ယူ ခဲ့သော်လည်း လုံလောက်
ခြင်းမရှိပေ။ အဓိကတိုက်စစ်မှူး ဘာလိုတယ်လီသည် လည်း ယခုရာသီတွင် တမြန်နှစ်ကလောက်
ခြေစွမ်းပြနိုင်ခြင်း မရှိသကဲ့သို့ ဘောလုံးကွင်းပြင်ပ ပြဿနာများဖြင့် ရှုပ်ထွေးလုံးချာလိုက်ခဲ့သည်။
တမြန်နှစ်က ဘာလိုတယ်လီနှင့်အတူ ခြေစွမ်းပြခဲ့သော အဲလ်ရှာဝီသည် ယခုရာသီ တွင်
လုံးဝခြေစွမ်းပျောက်သွားသောကြောင့် ဇန်နဝါရီလတွင် ဂျပန်လက်ရွေးစင် ဟွန်ဒါ၊ တာရက်ဘ်
အစရှိသူများကို ထပ်မံခေါ်ယူအားဖြည့်ရသောကြောင့် အသင်းတည်ငြိမ်မှု ထိခိုက်ခဲ့သည်။
အေစီမီလန်ထက်စာလျှင် ဖီအိုရင်တီးနား သည် တိုးတက်လာသည်ဟု ဆိုရမည်။ အားထား ရ
သောတိုက်စစ်မှူး ဂျိုဗီတစ်ကို ရောင်းချ လိုက်ပြီးနောက် ဂိုမက်စ်၊ ဂျို့အာကွင်း၊ အီလီဆစ်
အစရှိသော တိုက်စစ်သမားများကို ပြန်လည် ခေါ်ယူအားဖြည့်ခဲ့သည်။
အီတလီတိုက်စစ်မှူး ရော့စီလည်း ပြန်လည်ကစားနိုင်ခဲ့သောကြောင့် ဖီအိုရင်တီးနားတိုက်စစ်သည်
မထင်မှတ်ဘဲ ထက်မြက်လာပြီး ထိပ်တန်းအသင်းကြီးများနှင့် သူတင်ကိုယ်တင်နီးပါး ဖြစ်လာ
သည်။
သို့ရာတွင် ဂိုမက်စ်နှင့် ရော့စီနှစ်ယောက် စလုံးသည် ယခုရာသီအတွင်း ဒဏ်ရာများဖြင့် ရုန်းကန်
ခဲ့ရသောကြောင့် ဖီအိုရင်တီးနား တိုက်စစ်ယန္တရားသည် ကမောက်ကမ ဖြစ်ခဲ့ရ သည်။ သို့ရာတွင်
စီးရီးအေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း 'ဖွင့်'ကစားရင်းမှ ကိုပါအီတာလျံဖလား
နောက်ဆုံးဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခြင်းကြောင့် ဖီအိုရင် တီးနားသည် မျှော်မှန်းထား
သည်ထက်ပို၍ အောင်မြင်သောအသင်းဟု ဆိုရမည်ဖြစ်သည်။
ရောမမြို့အခြေစိုက် ထိပ်သီးအသင်းဖြစ် သော လာဇီယိုသည် ယခုရာသီတွင် ခပ်လှုပ်လှုပ် နှင့်
အခြေအနေကို ဟန်မပျက်ထိန်းနိုင်ရန် ကြိုးစားခဲ့သည်။ နည်းပြ ပက်ကိုဗစ်သည် ရုတ်တရက်
ယိမ်းယိုင်သွားသော အသင်း အခြေ အနေကို မထိန်းနိုင်တော့ဘဲ ဖိအားဒဏ်ကို မခံနိုင်သော
ကြောင့် လမ်းတစ်ဝက်မှာပင် နည်းပြ ဟောင်း ရီဂျာဖြင့် အစားထိုးလိုက်ရသည်။
လာဇီယိုသည် ကွင်းလယ်ကစားကွက်နှင့် ကွင်းလယ်တိုက်စစ် ကောင်းမွန်သော်လည်း အပြီးသတ်
ဂိုးသွင်းမည့် တိုက်စစ်မှူးကောင်း လိုအပ်နေသည်။ ၀ါရင့်တိုက်စစ်မှူး ကလိုဆေး သည် အသက်
အရွယ် ထောက်လာသောကြောင့် ပြေးအား၊ ရုန်းအားများ ကျဆင်းလာရုံတင်မက ဒဏ်ရာများဖြင့်
ရုန်းကန်နေရသောကြောင့် လာမည့်ရာသီတွင် လာဇီယိုသည် တိုက်စစ် အင်အားကို မဖြစ်မနေ
ခေါ်ယူဖြည့်တင်းရ တော့မည် ဖြစ်သည်။
အလယ်အလတ် အသင်းများဖြစ်ကြသော ယူဒီးနိစ်၊ ပါးမားနှင့် တိုရီနိုတို့တွင် ပါးမားနှင့် တိုရီနိုတို့
သည် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယူဒီးနိစ်မှာ လူဟောင်းအချို့ဖြင့် 'ကျားကန်'ထားပြီး လူငယ်
လူသစ်များကို ပွဲထုတ်နေရ သောကြောင့် အသင်းလိုက် တည်ငြိမ်မှု အားနည်းသွားသည်။
ပါးမားတွင် ၀ါရင့် တိုက်စစ်မှူး ကာဆာနို ပြန်လည်ခြေစွမ်းပြလာပြီး လူငယ်တိုက်စစ်မှူးများဖြင့်
တွဲဖက်ကာ နားလည် မှုရယူနိုင်ခဲ့သည်။ တိုရီနိုတွင်လည်း အီတလီလက်ရွေးစင်များဖြစ်သော
အင်မိုဘီလီ၊ ကာချီ တို့နှင့်အတူ အမာခံကစားသမားများကို 'ထိန်း'ပေးနိုင်သောကြောင့် အလယ်
အလတ်အဆင့် တွင် ဟန်မပျက် ရပ်တည်နိုင်ခဲ့သည်။
အလယ်အလတ်အသင်းများအနက် ကက်ဂလီ ယာရီနှင့် ဂျီနိုအာတို့သည် သမ္ဘာရှိသော
လူကောင်းအများအပြား ပါ၀င်နေပါလျက် ပုံမှန် ခြေစွမ်း မရသောကြောင့်အပေါ် ၁၀ သင်းစာရင်း
ထဲသို့ပင် မဝင်နိုင်ဘဲ လုံးချာလိုက်ခဲ့ရသည်။
အသင်းငယ်များထဲမှ မထင်မှတ်ဘဲ ခြေစွာခဲ့ သောအသင်းမှာ ဗီရိုနာဖြစ်သည်။ ၀ါရင့် တိုက်စစ်မှူး
လူကာတိုနီ ခြေစွမ်းပြနိုင်ခဲ့သော ဗီရိုနာသည် အမှတ်ပေးဇယား၏ ထိပ်ဆုံး လေးသင်း စာရင်းထဲ
သို့ပင် အချိန်အတော်ကြာကြာဝင်ရောက်နိုင်ခဲ့သည် မဟုတ်ပါလား။















