မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် Ooredoo တို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၁၄ MFF Ooredoo
Futsal cup ပြိုင်ပွဲကိုလာမည့် မေလ (၂၇)ရက်နေ့မှ စတင်၍ တစ်နေ့လျှင် (၆)ပွဲနှုန်းဖြင့်
သုဝဏ္ဏ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၄၂)သင်း ပါ၀င်မည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပပုံမှာ ပထမအဆင့်တွင် ပြိုင်ပွဲဝင် အသင်း(၄၂)သင်းအား အုပ်စု(၈)စု ခွဲ၍ အုပ်စု
ပတ်လည် ယှဉ်ပြိုင်စေမည်ဖြစ်သည်။
အုပ်စု တစ်စုစီမှ အမှတ်အများဆုံး(၂)သင်းစီ စုစုပေါင်း(၁၆)သင်း ထွက်ပေါ်လာမည်ဖြစ်ပြီး
တစ်အုပ်စု(၄)သင်းစီဖြင့် အုပ်စု(၄) စုခွဲကာ ပတ်လည်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါအုပ်စု(၄)စုမှ ထပ်မံ၍ အမှတ်အများဆုံး (၂)သင်းစီ သည် ကွာတားဖိုင်နယ်အဆင့်သို့
တက်ရောက်နိုင်မည်ဖြစ်သည်။
ထို့နောက် ဆီးမီးဖိုင်နယ်နှင့် ဖိုင်နယ်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပြိုင်ပွဲတွင် ဗိုလ်စွဲသည့် အသင်းအား ဆုငွေကျပ်သိန်း(၃၀) ၊ဒုတိယ ရရှိသောအသင်းအား
ကျပ်သိန်း(၂၀)၊ တတိယရရှိသော အသင်းအား ကျပ်(၁၀)သိန်း၊စတုတ္ထရရှိသော အသင်းအား
ကျပ်(၅)သိန်း၊ အသန့်ရှင်းဆုံးဆုအတွက် ကျပ်(၄)သိန်း၊ပြိုင်ပွဲ တစ်လျောက်အကောင်းဆုံး
ကစားသမားဆုအတွက် ကျပ်(၃)သိန်း၊ ဂိုးသွင်းအများဆုံး ကစားသမားဆုအတွက် ကျပ်(၃)သိန်း
တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
၂၀၁၄ MFF Ooredoo Futsal cup ပြိုင်ပွဲအတွက် လက်မှတ်ဈေးနှုန်းကို တစ်စောင် ၅၀၀ကျပ်နှုန်း
သတ်မှတ်ထားပြီး လက်မှတ် တစ်စောင် ၀ယ်ယူယုံမျှနှင့် တစ်နေ့လုံးစာကျင်းပမည့် ပွဲစဉ်(၆)ပွဲစလုံး
ကြည့်ရှု နိုင်မည်ဖြစ်သည်။
ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို လာမည့်မေလ (၂၇)ရက်နေ့ နံနက် ရး၃၀ နာရီ၌ သုဝဏ္ဏမိုးလုံလေလုံ
အားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်
လက်ရွေးစင်ဟောင်းများအသင်းနှင့် အနုပညာရှင်များပါ၀င်သည့် Actor Star အသင်းတို့က
သရုပ်ပြပွဲယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားကို ပရိသတ်များအတွက် အထူးအစီအစဉ်အဖြစ် လက်မှတ် အခမဲ့ဖြင့်
၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။















