၂၀၁၄ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ

၂၀၁၄ ကမ္ဘာ့ဖလားမှာ ဘယ်အသင်း ဗိုလ်စွဲမလဲ

၂၀၁၄ ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲကတော့ မပြည့်မစုံ၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုဆိုတဲ့ လိုအပ်
ချက်များစွာနဲ့အတူ မကြာမီမှာ စတင်တော့မှာ ဖြစ်ပါတယ်။ အိမ်ရှင်ကျင်းပမယ့် အသင်းကို
လုံလောက်တဲ့ ပြင်ဆင်တည်ဆောင်ချိန်ပေးထားပေမယ့် တိုးတက်ဖွံ့ဖြိုးလာတဲ့ ဘရာဇီးလ်
နိုင်ငံဟာ ကွင်းတည်ဆောက်မှုတွေကို အချိန်မီ ပြီးဆုံးအောင် မလုပ်နိုင်တဲ့ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါ
တယ်။

ဘောလုံးကိုမှ ရူးသွပ်သူတွေလို့ သတ်မှတ် ခံထားရတဲ့ ဘရာဇီးလ်တွေဟာ သူတို့နိုင်ငံမှာ
ကမ္ဘာ့ဖလားပွဲကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ရတာကို ကျေနပ်နေကြမယ်လို့ ယူဆထားခဲ့တဲ့
ဖီဖာအာဏာပိုင်တွေ တက်တက်စင်အောင် လွဲမှားသွားခဲ့ပြီး ဖီဖာအာဏာပိုင်တွေအတွက်
စိတ်ပျက်တဲ့ပြိုင်ပွဲတစ်ခုပဲဖြစ်ပါတယ်။

ဘရာဇီးလ်တွေရဲ့ Mind Concept တွေပြောင်းလဲ သွားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒေါ်လာ
သန်းပေါင်းများစွာ ကုန်ကျခဲ့မှုတွေအပေါ်မှာ နှမြောတသဖြစ်၊ ကွင်းတည်ဆောက်မှုမှာအသက်
တွေဆုံးရှုံး၊ ရဲနဲ့ မကျေနပ်သူတွေ ထိပ်တိုက်တွေ့၊ အခုထိ အားကစားကွင်းတချို့ မပြီးစီးသေး
ဆိုတဲ့ ပြဿနာတွေနဲ့အတူ ဇွန်လ ၁၂ ရက်နေ့မှာ ပြိုင်ပွဲကြီး စတင်တော့မှာဖြစ်ပါ တယ်။

ပြဿနာများနဲ့ ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ ဖလား ဘယ်အသင်းဗိုလ်စွဲမလဲဆိုတဲ့ မေးခွန်း ဟာလည်း
ပြဿနာတွေနဲ့အတူ တိုးထွက်လာ နေခဲ့ပါတယ်။ ကစားရမယ့် ပွဲစဉ်အနေအထား ပြိုင်ပွဲတစ်ခု
ကျင်းပတော့မယ်ဆိုရင် ဘယ် အသင်းဗိုလ်စွဲမလဲဆိုတာ ပြိုင်ပွဲတစ်ခုရဲ့ အဓိက အကျဆုံး
မေးခွန်းပဲဖြစ်ပါတယ်။

ဒီမေးခွန်းမှာ ဘယ်အသင်းပါလို့ တစ်သင်းတည်းခန့်မှန်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာ့ဖလားပြိုင်
ပွဲလို အမြင့်မားဆုံးပြိုင်ပွဲတစ်ခုမှာ ဗိုလ်စွဲနိုင်မယ့်အသင်းကို ခန့်မှန်းမယ်ဆိုရင် တစ်သင်းတည်း
တော့ ခန့်မှန်းလို့မရပါဘူး။ အနည်းဆုံး သုံးလေး သင်းတော့ ရှိနေမှာပဲဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ အုပ်စုရှစ်ခု၊ အသင်း ၃၂ သင်း ယှဉ်ပြိုင်တယ်ဆိုပေမယ့် တကယ်တော့
အုပ်စု လေးစုတို့ဟာ ကွာတားဖိုင်နယ်အထိ အတူကစားနေရပြီး ဆီမီးဖိုင်နယ်ရောက်မှသာအခြား
တစ်ဖက်က အုပ်စုလေးစုနဲ့ ကစားရတဲ့ ပြိုင်ပွဲသာဖြစ်ပါတယ်။ အုပ်စု(က)(ခ)(ဂ)(ဃ) တို့ဟာ
ကွာတားဖိုင်နယ်ပွဲပြီးတဲ့အထိ သီးသန့် ကစားရသလို အုပ်စု(င)(စ)(ဆ)(ဇ)တို့ဟာလည်း
ကွာတားဖိုင်နယ်ပွဲပြီးတဲ့အထိ သီးသန့်ကစား ရမှာဖြစ်ပါတယ်။ အဲဒီတော့ ချန်ပီယံဖြစ်နိုင်
တဲ့အသင်းဟာ အုပ်စုလေးစုကို ကျော်နိုင် ဖို့သာ အရင်ဆုံး ကြိုးစားရမှာပဲ ဖြစ်ပါတယ်။

အခုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မယ့်အသင်းတွေအဖြစ် အိမ်ရှင် ဘရာဇီးလ်နဲ့အတူ အာဂျင်တီးနား၊ စပိန်နဲ့
ဂျာမနီတို့ဟာ ဗိုလ်စွဲနိုင်တဲ့အသင်းတွေ ဖြစ်လာဖွယ်ရှိပါတယ်။ ကစားရမယ့်ပွဲစဉ် အနေအထား
အရမှာ ဘရာဇီးလ်နဲ့ စပိန်တို့ဟာ အခန့်မသင့်ရင် ရှုံးထွက်အဆင့်မှာတင် ထိပ် တိုက်တွေ့
သွားနိုင်ပြီး ဘရာဇီးလ်နဲ့ စပိန် နှစ်သင်းမှာ တစ်သင်းဟာ ရှုံးထွက်အဆင့်မှာ တင် အဆုံးသတ်
မှာပဲဖြစ်ပါတယ်။


 

အာဂျင်တီး နားနဲ့ ဂျာမနီတို့ကတော့ ထိပ်တိုက်တွေ့ဆုံမှု မရှိဘဲ တကယ်တမ်း ဆုံနိုင်ခြေအရှိဆုံး
က ဗိုလ်လုပွဲပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲရောက်နိုင်တဲ့ လမ်းကြောင်းတစ်ခုအရတော့ ဆီမီးဖိုင်နယ်မှာ
ဘရာဇီးလ်နဲ့ ဂျာမနီ၊ အာဂျင်တီးနားနဲ့ စပိန်တို့ တွေ့နိုင်ဖွယ်ရှိနေပါတယ်။ အိမ်ရှင်ဘရာဇီးလ် ဗိုလ်
စွဲနိုင်ခြေရှိ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုရောက်လာတိုင်းဘရာဇီးလ်ဟာ ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်း
အဖြစ် ထိပ်ဆုံးကပါ၀င်လေ့ရှိပါတယ်။ ဒီနှစ်မှာ အိမ်ရှင်ဖြစ်နေတဲ့အတွက် ရေပန်းအစားဆုံး
အသင်းဖြစ်နေပါတယ်။

ဘရာဇီးလ် ပြည်တွင်း မှာ တိုးတက်တဲ့လူငယ်ပိုင်းအများစုဟာ အိမ်ရှင် အဖြစ် ကျင်းပပြီးအား
ကစားကွင်းတွေအတွက် အသုံးစရိတ်တွေတက်လာလို့ မကျေနပ်မှု တွေဖြစ်နေတဲ့အတွက်
ဘရာဇီးလ် အသင်းအနေနဲ့ အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိလာ နိုင်ပေမယ့် အသင်းအောင်
မြင်မှုရလာခဲ့ ရင် အဲဒီမကျေနပ် မှုတွေဟာ လျော့ကျသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ဘရာဇီးလ်နည်းပြ စကိုလာရီကိုယ်တိုင်က လည်း ဒီလိုပဲမျှော်လင့် နေပါတယ်။ အောင်မြင်နိုင်
ပါ့မလား၊ အောင်မြင်နိုင်ဖွယ် ရှိပါတယ်။ စကိုလာရီဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်
အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၅၀ ကမ္ဘာ့ဖလားကို အိမ်ရှင်
အဖြစ် ကျင်းပ တုန်းက ချန်ပီယံမဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေက ပြန်ပြီး သတိရစရာလည်း ဖြစ်နေပါတယ်။

ကမ္ဘာ့ဖလား ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့အတွက်ခြေစစ်ပွဲမဝင်ရလို့ ဘရာဇီးလ်ဟာ ပွဲကစား
မှု နည်းနေမယ်ထင်ရပေမယ့် ကွန်ဖက်ဒရေးရှင်း ဖလားပွဲ ကစားထားပြီး အောင်မြင်မှုရထားတာ
က စကိုလာရီအတွက် ယုံကြည်မှုအောင်ပွဲ တစ်ခုပဲဖြစ်ပါတယ်။ ကွန်ဖက်ဒရေးရှင်းဖလားပွဲမှာ
ဘရာဇီးလ် ဟာ ဂျပန်၊ မက္ကဆီကို၊ အီတလီတို့နဲ့ အုပ်စုမှာ အတူကျပြီး သုံးပွဲစလုံးကိုအနိုင်ရပြီး
ဆီမီး ဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဥရုဂွေးနဲ့တွေ့ပြီး အနိုင်ရကာ ဗိုလ်လုပွဲကိုတက်လာခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ
လက်ရှိကမ္ဘာ့ ဖလားချန်ပီယံ စပိန်နဲ့တွေ့ပြီး အနိုင်ရသွားခဲ့ပါတယ်။ စုစုပေါင်း ငါးပွဲကစားပြီး
ငါးပွဲစလုံးကိုအနိုင်ရခဲ့ပါတယ်။ သွင်းဂိုးက ၁၄ ဂိုးရှိပြီး ပေးဂိုး က သုံးဂိုးသာပေးခဲ့ရပါတယ်။

လူငယ်တိုက်စစ်မှူး နေမာခြေစွမ်းပြသွားတဲ့ပွဲဖြစ်ပါတယ်။ စကိုလာရီ ဟာ အခုလည်း ကွန်ဖက်
ဒရေးရှင်းဖလားပြိုင်ပွဲ က ကစားသမားတွေကိုပဲ ရွေးချယ်ထားခဲ့တာတွေ့ရပါတယ်။ ဒီရာသီ
ဥရောပပြိုင်ပွဲတွေ ရောက် ဘရာဇီးလ်ကစားသမားတွေထဲမှာ စကိုလာရီရွေးချယ်ထားတဲ့
နေမာ၊ ပေါ်လင်ညို၊ ဒေးဗစ်လူးဝစ္စ၊ ဘားနတ်ဒ်တို့ ခြေစွမ်းကောင်း ကောင်းမပြနိုင်ခဲ့ကြတဲ့တိုင်
အောင် စကို လာရီကတော့ ကွန်ဖက်ဒရေးရှင်းဖလားပွဲဝင်ဘရာဇီးလ်အသင်းရဲ့ အထိုင်ကိုအား
ကိုးထားမြဲ ဖြစ်ပါတယ်။ မွန်ချင်ဂလာဘတ်အသင်း တိုက်စစ်မှူးရာဖေးလ်၊ လာလီဂါမှာ ချန်ပီယံ
ဖလားရယူသွားပြီး ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အလက်တီကို
နောက်တန်းက မီရန်ဒါ၊ ဖိလစ်ပီလူးဝစ်၊ ပီအက်စ်ဂျီက လူကပ်စ်မိုရာ၊ ဘိုင်ယန်မြူးနစ်က ရာဖင်
ဟာ၊ လီဗာပူးက လူးကပ်စ်တို့ကို လုံးဝ ချန်ထားပြီး ကွန်ဖက်ဒရေးရှင်းပြိုင်ပွဲဝင်အသင်းသား
အများစုကိုပဲ ခေါ်ထားတာက စကိုလာရီရဲ့ ထူးခြားမှုပဲဖြစ်ပါတယ်။

တကယ် တမ်းဆိုရင်တော့ဂျိုးလိုတိုက်စစ်မှူး၊ ဘားနတ်ဒ် လို တိုက်စစ်မှူးတွေထက် ရာဖေးလ်လို
တိုက်စစ် မှူးကို ခေါ်ထားသင့်ခဲ့ပါတယ်။ စကိုလာရီဟာ သူအကြောင်းကို သိထားပြီးသားသူကိုပဲ
ဆက်သုံးတဲ့သဘောလို့ နားလည်ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဘရာဇီးလ်ဟာ ဘာကြောင့်
ချန်ပီယံဖြစ်သင့်ရတာလဲလို့ မေးခွန်း ထုတ်စရာပါ။ ဘရာဇီးလ်ချန်ပီယံဖြစ်နိုင်ခြေ ရှိတဲ့ အချက်
အလက်တွေကိုကြည့်လိုက်ရင် အိမ်ရှင်ဖြစ်နေတာရယ်၊ ကွန်ဖက်ဒရေးရှင်း ဖလားပွဲကို အိမ်ရှင်
အဖြစ် ကျင်းပခဲ့ပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့အချက်ရယ်၊ ပြီးရင် အဓိကကျတဲ့အချက် က ဘရာဇီးလ်
နောက်တန်း ဘယ်ညာအစွန် ကစားသမားတွေဟာ ဒီပြိုင်ပွဲမှာ တိုက်စစ်ကို အကောင်းဆုံးပံ့ပိုး
ပေးနိုင်တဲ့ နောက်တန်းအစွန် သမားတွေ ဖြစ်နေတာရယ်က ဘရာဇီးလ် ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့
အချက်တွေ ဖြစ်ပါ တယ်။

ဘရာဇီးလ်နောက်တန်းဘယ်ညာတွေ မှာ အဓိကနေရာရလာမယ့်သူတွေက ဘာစီ လိုနာနောက်
တန်းသမား အဲလ်ဗက်စ်၊ ရီးယဲလ်မက်ဒရစ်နောက်တန်း သမား မာဆယ်လိုတို့ပဲ ဖြစ်ပါတယ်။ ဒီနှစ်
ယောက်ရဲ့ တိုက်စစ် လိုက်ထောက် ကစားဟန်က ဘရာဇီးလ်အသင်း ဂိုးတွေရလာနိုင်တဲ့ အဓိက
လမ်းကြောင်းပဲ ဖြစ်ပါတယ်။

နောက်တန်းဘယ် ညာအစွန် ကစားသမားတွေထဲမှာ ဘရာဇီးလ်အသင်းဟာ အဓိကပြိုင်ဘက်
တွေထက်ကို ပိုပြီးတောင့်တင်းနေပါတယ်။ စကိုလာရီအောင်မြင်မှုအတွက် အဓိက လမ်းကြောင်း
ဟာ အဲလ်ဗက်စ်နဲ့ မာဆယ်လို၊ အရန်ခုံက မိုင်ကွန်တို့ ဖြစ်လာပါလိမ့်မယ်။ နေမာ ဘာစီလိုနာမှာ
ခြေစွမ်းမပြနိုင် ပေမယ့် နေမာခြေစွမ်းပြနိုင်ဖို့အတွက် မာဆယ်လို၊ အဲလ်ဗက်စ်နဲ့ အော်စကာတို့ဟာ
အဓိကပံ့ပိုးသူတွေ ဖြစ်လာပါလိမ့်မယ်။

စကိုလာရီဟာ ကစားသမားအသစ်တွေအဖြစ် ဖာနန်ဒင်ညို၊ ၀ီလျံတို့လို ကစားသမားတွေ ခေါ်
ထားပါတယ်၊ အင်္ဂလန်အခြေစိုက်ကစား သမားတွေ ဘရာဇီးလ်ကွင်းလယ်ကို စိုးမိုးထား ပါလိမ့်
မယ်။ ဒီအခြေအနေက ဘရာဇီးလ်ဟာ အမြန်နှုန်းနဲ့ ကစားလာမယ့်ပုံမှာရှိပါတယ်။

၄-၃-၃ ကစားကွက်ကို တည်ထားတဲ့ စကို လာရီဟာ အုပ်စုမှာ မက္ကဆီကို၊ ကင်မရွန်း၊ ခရိုအေးရှား
တို့နဲ့ ကစားရမှာဖြစ်လို့ အုပ်စု ပထမရမှာပါ။ ကွန်ဖက်ဒရေးရှင်းဖလားပွဲ တုန်းက အုပ်စုမှာ အီတလီ
ကို ၄-၂၊ ဂျပန်ကို ၃-၀၊ မက္ကဆီကိုကို ၂-၀ နဲ့ အနိုင်ကစားခဲ့ပါတယ်။

အခုလည်း အုပ်စုမှာ ပထမရရင် အုပ်စု(ခ)က စပိန်၊ ဟော်လန်၊ ချီလီတို့နဲ့တွေ့မှာပါ။

ဆက်လက်ဖော်ပြပါမည်။



ဖတ်ရှုမှုအများဆုံး