ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ ဖလား တစ်စတစ်စ နီးကပ်လာခြင်းနှင့်
အတူ ပြိုင်ပွဲဝင်ရောက်မည့် အသင်းများ၏ လေ့ကျင့်ပြင်ဆင်သံများ၊ အပြီးသတ် လူရွေးချယ်သံ
များ ဆူညံကျယ်လောင်စွာ ကြား လာရပြီ ဖြစ်သည်။
၂၀၁၄ ကမ္ဘာ့ဖလားတွင် အိမ်ရှင်ဘရာဇီးလ်နှင့် ခြေစစ်ပွဲအောင်လာသောအသင်းများ စုစုပေါင်း
၃၂ သင်းတို့ကို လေးသင်းစီကျ ရှစ်အုပ်စု ခွဲလိုက်ရာ အုပ်စုတိုင်း သည် သူ့အတိုင်းအတာနှင့်သူ
စိတ်လှုပ်ရှားဖို့ ကောင်း နေသည်။
ထိုထဲတွင် အိမ်ရှင်ဘရာဇီးလ်၊ ခရိုအေးရှား၊ မက္ကဆီကို နှင့် ကင်မရွန်းတို့ပါ၀င်သော အုပ်စု(က)
သည် လည်း စိတ်ဝင်စားစရာပင် ဖြစ်သည်။ အုပ်စုတစ်ခုလုံးကို ခြံုကြည့်လျှင် အိမ်ရှင် ဘရာဇီးလ်
က အသာစီးရထားသည်ဟု ဆိုရမည်။ ဘရာဇီးလ်တို့ အသာစီးရသည်ဆိုသော ယူဆချက် ကို
'ဆွဲထုတ်' ပြရသော အဓိကအချက်သုံးချက် ရှိသည်။ ပထမအချက်မှာ အိမ်ရှင် အားသာချက်
ဖြစ်သည်။
ကျင်းပပြီးစီးခဲ့သော ကမ္ဘာ့ဖလား ပြိုင်ပွဲတိုင်းကို ပြန်ပြောင်းကြည့်ပါ။ အိမ်ရှင် အသင်းအများစု
သည် အခြေအနေကောင်းပြီး ခြေစွမ်းပြနိုင်ခဲ့သော သမိုင်းကြောင်းစဉ်လာ ရှိခဲ့သည် မဟုတ်ပါ
လား။
ဒုတိယအချက်မှာ ဘရာဇီးလ်သည် ကမ္ဘာ့ ဖလားပြိုင်ပွဲတိုင်း ခြေစစ်ပွဲအောင်ပြီး တစ်ကြိမ် တစ်ခါ
မျှ မပျက်မကွက် ပါ၀င်ခွင့်ရခဲ့သည့် တစ်ခု တည်းသောအသင်း ဖြစ်သည်။ သို့ကလိုကြောင့်
အစဉ်အလာနှင့် ကမ္ဘာ့ဖလား အတွေ့အကြံု အရင့်ကျက်ဆုံး အသင်းဖြစ်နေသည်။ ဘရာဇီးလ်
ကစားသမားစဉ်ဆက်၊ နည်းပြစဉ်ဆက်သာမက ပရိသတ်စဉ်ဆက်ပါ ကမ္ဘာ့ဖလားနှင့် ရင်းနှီး
ကျွမ်းဝင်မှုရှိသလို ကမ္ဘာ့အတွေ့အကြံု များပြား ရင့်ကျက်နေပြီ မဟုတ်ပါလား။
တစ်နည်းဆိုရ သော် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ဘရာဇီးလ် ဘောလုံး ယဉ်ကျေးမှု (Brazilian soccer
culture) တို့ သည် တစ်သားတည်းကျနေပြီ ဖြစ်သည်။ တတိယအချက်မှာ ဘရာဇီးလ်လက်ရွေး
စင် များ၏ တစ်ဦးချင်း ဘောလုံးကျွမ်းကျင်မှုနှင့် ပင်ကိုထူးချွန်မှုတို့ကို ၀ါရင့်ပြီး အစဉ်အလာ ရှိသော
နည်းပြစကိုလာရီက ကိုင်တွယ်ပုံဖော် နေခြင်း ဖြစ်သည်။
နည်းပြစကိုလာရီသည် ဘရာဇီးလ်အသင်းကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက် တာဝန်ယူချိန်မှာ
စတင်ကာ ၂၀၁၄ ခုနှစ်၊ မတ်လ ၅ ရက်အထိ ဘရာဇီးလ်အသင်းသည် ခြေစမ်းပွဲ ၁၅ ပွဲနှင့်
ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ငါးပွဲ၊ စုစုပေါင်း ပွဲ ၂၀ ကစားခဲ့သည်။ ကစားပြီးသောပွဲများကို
ပြန်ပြောင်း သုံးသပ် ကြည့်ပါ။
ကွန်ဖက်ဒရေးရှင်းဖလားတွင် ငါးပွဲစလုံးနိုင်ခဲ့သည်။ ထို ငါးပွဲတွင် ၁၄ ဂိုးသွင်းခဲ့ပြီး သုံးဂိုးသာ
ပြန်သွင်းခံရသည်။ နောက်ဆုံး ဗိုလ်လုပွဲတွင် နာမည်ကျော် စပိန်အသင်းကို သုံးဂိုးပြတ် အနိုင်ရ
ခဲ့သောကြောင့် ကွန်ဖက် ဒရေးရှင်းဖလားသည် ဘရာဇီးလ်တို့ကို စိတ်ဓာတ်ရော ယုံကြည်မှုပါ
တိုးတက်လာစေ သည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။
ကျန်သော ခြေစမ်းပွဲပေါင်း ၁၅ ပွဲတွင် ဘရာဇီးလ်သည် အင်္ဂလန်နှင့် ဆွစ်ဇာလန်တို့ အရေးနိမ့်ပြီး
သရေလေးပွဲကျကာ ကျန်ကိုးပွဲတွင် အနိုင်ခဲ့သည်။ ခြေစမ်းပွဲ ရလဒ်များအရ စကို လာရီ
လက်ထက် ဘရာဇီးလ်သည် အင်္ဂလန်နှင့် နှစ်ကြိမ်ခြေစမ်းခဲ့ရာ ပထမပွဲတွင် ၂-၁ ဖြင့်
အရေးနိမ့်ပြီး ဒုတိယပွဲတွင် ၂-၂ သရေကျသည်။
ခြေစမ်းပွဲ အစောပိုင်းကာလတွင် နည်းပြ စကိုလာရီသည် လူနှင့်ကစားကွက် စမ်းသပ်မှု များ
ပြုလုပ်ခြင်း ကြောင့် ဘရာဇီးလ်အသင်း တည်ငြိမ်မှု လျော့နည်းခဲ့သည်။ ပထမဆုံး ခြောက်ပွဲ
ဆက်တိုက် ခြေစမ်းခဲ့ရာတွင် နိုင်ပွဲ တစ်ပွဲသာ ရခဲ့သည်။ သို့ရာတွင် ကွန်ဖက်ဒရေး ရှင်းဖလား
၀င်ရောက်သောအခါတွင် အီတလီ ကို ၄-၂၊ စပိန်ကို ၃ဪဝ ဖြင့် အနိုင်ရသောပွဲများ
အပါအဝင် ပွဲတိုင်းနိုင်ပြီး ဂိုးသွင်းအား ကောင်းမွန်ခဲ့ခြင်းကြောင့် ဘရာဇီးလ်တို့ 'ပုံရိပ်'သာမက
၂၀၁၄ ကမ္ဘာ့ဖလားတွင် ရေပန်းစားမှုပါ မြင့်တက်လာခဲ့သည်။ မေလ ၁၃ ရက်တွင် ဘရာဇီးလ်
အသင်း၏ ပဏာမလူစာရင်း ထွက်ပေါ်သောအခါတွင် နာမည်ကျော်များဖြစ်ကြသည့် ကာကာ၊
ရော် ဘင်ဟို၊ ရော်နယ်ဒင်ဟိုနှင့် ပေါင် ၃၂ သန်းတန် ပီအက်စ်ဂျီကွင်းလယ်လူ လူးကပ်စ်မိုရာတို့
မပါ၀င်တော့တာကို တွေ့ရသည်။
သို့ရာတွင် ဘရာဇီးလ်အသင်းတွင် ရှေ့လယ်နောက် တစ်ဦးချင်းစွမ်းရည် မြင့်မားသူ အများအပြား
ပါ၀င်နေပြီး နည်းပြစကိုလာရီ၏ တိုက်စစ်ဦးစားပေး ကစားဟန်နှင့် အံဝင်ခွင်ကျရှိသူများ ပါ၀င်
သည်။
အလယ်တန်းနှင့်ရှေ့တန်းတွင် ပြေးအား နှင့် 'ပါ၀ါ' ကောင်းသူများ အဓိက ပါ၀င်နေကာ
'မြန်နှုန်းမြင့် ပါ၀ါဂိမ်း'ကို ထိရောက်ကျွမ်းကျင် စွာ ကစားနိုင်သော အနေအထားတွင် ရှိသည်။
အုပ်စု (က) တွင် အိမ်ရှင်အားသာချက်လည်း ရှိပြီး အစဉ်အလာရော၊ တစ်ဦးချင်းထူးချွန်မှုပါ
မြင့်မားသည့် ဘရာဇီးလ်သည် နောက်တစ်ဆင့်တက်ရန် ထင်ကြေးပေးခြင်းခံရပြီး ဖြစ်သည်။
ဘရာဇီးလ်ကိုဖယ်လိုက်လျှင် ကျန်သုံးသင်းဖြစ်သော ခရိုအေးရှား၊ မက္ကဆီကိုနှင့် ကင်မရွန်း
တို့သည် 'ကွာဟချက်' ကြီးမားခြင်းမရှိဘဲ ခြေစွမ်းညီမျှနေကြသည်။ ခရိုအေးရှားသည် ဥရောပ
ဇုန်ခြေစစ်ပွဲ အုပ်စု (က) တွင် ဘယ်လ်ဂျီယံ၊ ဆားဘီးယား၊ စကော့တလန်၊ ဝေလနှင့် မက်ဆီဒိုး
နီးယားတို့ နှင့် တစ်အုပ်တည်းကျရောက်ခဲ့ရာ၌ ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲရှုံးဖြင့် ၁၇ မှတ်ရရှိကာ
အုပ်စုဒုတိယ ချိတ်ခဲ့သည်။ ၁၀ ပွဲကစားခဲ့ရာ တွင် ၁၂ ဂိုးသွင်းပြီး ၉ ဂိုး ပေးခဲ့ရသောကြောင့်
ယေဘုယျအားဖြင့် တိုက်စစ်ရော၊ ခံစစ်ပိုင်းတွင် ပါ အားရစရာ မရှိနိုင်သော အနေအထား
ဖြစ်သည်။
ရှုံးထွက်အဆင့်တွင် အိုက်စလန် ကဲ့သို့ အစဉ်အလာမရှိသော အသင်းကို အဝေးကွင်းတွင် ဂိုးမရှိ
သရေကျပြီး အိမ်ကွင်းရောက်မှ ၂ဪဝ ဖြင့် နိုင်သည်။ ခရိုအေးရှားသည် အုပ်စုပွဲစဉ်အတွင်း
စကော့ တလန်ကို သူ့မြေကိုယ့်မြေ နှစ်ပွဲစလုံး အရေးနိမ့် သလို အုပ်စုဗိုလ်စွဲသော ဘယ်လ်ဂျီယံ
ကိုလည်း အိမ်ကွင်းတွင်ရှုံးပြီး အဝေးကွင်း၌ သရေကျခဲ့ သောကြောင့် ယင်းလေးပွဲတွင် ယေဘုယျ
ကောက်ချက်ဆွဲရလျှင် ကစားအားရှိသော ပြိုင်ဘက်များနှင့် သူတင်ကိုယ်တင်ပွဲများတွင် ခရိုအေး
ရှားခြေစွမ်းကို 'စိတ်မချရ' ဆိုသော အဖြေထွက်လာသည်။
ကွန်ကာကက်ဖ်ဒေသတွင် အစဉ်အလာကြီးမားသော မက္ကဆီကိုခြေစွမ်းသည် ယခု တစ်ကြိမ်တွင်
အကျဘက်သို့ 'ယိုင်'သွားကြောင်း ခြေစစ်ပွဲတွင် ထွက်ပေါ်ခဲ့သည့်ရလဒ်များကို ကြည့်ပြီး ကောက်
ချက်ဆွဲနိုင်သည်။ ကွန်ကာ ကက်ဖ် စတုတ္ထအဆင့် ခြေစစ်ပွဲအပြီးတွင် မက္ကဆီကိုသည် အမေရိ
ကန်၊ ကော့စတာရီကာ နှင့် ဟွန်ဒူးရပ်စ်တို့ အောက်ဘက်သို့ရောက် သွားပြီး စတုတ္ထအဆင့်ချိတ်
သွားသည်။
ယခင်ကဆိုလျှင် မက္ကဆီကိုသည် အမေရိကန် နှင့် အပြိုင်ဖြစ်ပြီး ကွန်ကာကက်ဖ်တွင် ထိပ်ဆုံး
တွင်သာ အနေများသည်။ မက္ကဆီကိုအသင်းကို သုံးသပ်ကြည့်လျှင် နောက်ခံလူများဖြစ်ကြသော
ဘာစီလိုနာ ကစား သမားဟောင်း ရာဖေးလ်မားကွက်ဇ် (လီယွန်)၊ ဂွာဒါဒို (လေဗာကူဆင်)၊
ဟက်တာမိုရီနို (အက်စပန်ညို) ကားလို့စ်ဆာစီဒို (ဂွာဒါလာဂျာရာ)၊ ဖရန်ဆက်စကို ရိုဒရီဂတ်ဇ်
(အမေရိကား)တို့ ပါ၀င်သော နောက်တန်းခံစစ်ကြောင်းသည် တောင့်တင်းအားကောင်းလျက်ရှိ
သည်။
မက္ကဆီကိုကွင်းလယ်တွင် မထင်မရှားလူသစ် များသာ ပါ၀င်နေပြီး ဥရောပထိပ်တန်းအသင်း များ
တွင် တိုးပေါက် ခြေချကစားနိုင်သူ တစ် ယောက်မျှမရှိသောကြောင့် သူတင်ကိုယ်တင် ပွဲများတွင်
ကွင်းလယ်၏ 'အား' ပေါ်တွင် မှီခိုနိုင်ဖွယ်မရှိဘဲ ခံစစ်အားပြုသောအသင်းဟု ကောက်ချက်ဆွဲနိုင်
သည်။ တစ်ဖန် တိုက်စစ် တွင်လည်း ဟာနန်ဒက်ဇ် (မန်ယူ)၊ ဒေ့ါဆန်း တော့စ် (ဗီလာရီးယဲလ်)
တို့ကိုသာ အားကိုးနေ ရသည်။
ဟာနန်ဒက်ဇ်သည် အပြီး သတ်ဂိုးသွင်း ယူမှု အထိုက်အလျောက်ကောင်းမွန်သော် လည်း
lonestriker အဖြစ် မတိုးနိုင်ဘဲ ကွင်းလယ်ပ့ံပိုးမှု ကောင်းမွန်မှသာ တော်ကာကျမည်
ဖြစ်သောကြောင့် လက်ရှိ မက္ကဆီကို ကွင်းလယ်နှင့် ဟာနန်ဒက်ဇ် အနေအထားကို ချိန်ထိုး
လိုက်ပါက အုပ်စုအဆင့်တွင် နေရစ်ခဲ့ ရဖို့ အလားအလာများသည်။ မက္ကဆီကိုထက်စာလျှင်
ကင်မရွန်းအသင်း သည် တောင့်တင်းကျစ်လျစ်ပြီး ဥရောပအခြေစိုက် ကစားသမား အများအပြား
ပါ၀င်နေသည်။ တစ်ဖန် ဥရောပအခြေစိုက် ကင်မရွန်းလက်ရွေး စင်များကို လေ့လာကြည့်လျှင်
ထိပ်တန်း အသင်း ကြီးများတွင် အခြေချ ကစားနေသူများ၊ ပုံမှန်ပွဲထွက်ခွင့်ရသူများ ဖြစ်ကြသည်။
ကင်မရွန်းသည် နောက်တန်းရော၊ ကွင်းလယ် ပါ တောင့်တင်းသည်။ အထူးသဖြင့် အဲလက်စ်
ဆောင်း (ဘာ စီလိုနာ)၊ ဂျိုးမာတစ် (ရှော်ကေး)၊ စတီဖိန်းအမ်ဘီယာ (ဆီဗီလာ)၊ လန်ဒရီနူမို
(ဘော်ဒိုး)၊ အက်ဂါဆယ်လီ (လန်းစ်)၊ ဆီဒရစ်လို (အိုဆာဆူနာ)တို့ဖြင့် စုဖွဲ့ထားသော ကင်း
မရွန်း ကွင်းလယ်သည် ခရိုအေးရှားထက် မညံံ့နိုင်ဟု သုံးသပ်ရသည်။ ခံစစ်လုံခြံုမှုနှင့် ပိတ်ဆို့
ဖြက်တောက် ကစား ခြင်းတွင် ကင်မရွန်းသည် မက္ကဆီကိုနှင့် ခရို အေးရှားတို့ထက် အနည်းငယ်
'လျော့'နေသော် လည်း ရှေ့လယ်နောက် အင်အားချိန်ခွင်လျှာ ညီမျှမှု အနေအထားအပေါ်တွင်
ချိန်ထိုးကြည့်မည်ဆိုလျှင် ကင်မရွန်းသည် ထိုနှစ်သင်းထက် 'မျှတ'သည်။
ကင်းမရွန်းကို အဓိကစောင့်ကြည့် ရမည့် အချက်များမှာ အသင်းခေါင်းဆောင်တိုက်စစ်မှူး အီတူး
အပေါ်မှီခိုမှု၊ ကွင်းလယ်နှင့် အီတူးတို့ အပေးအယူ အချိတ်အဆက်၊ ကျဉ်းထဲ ကျပ်ထဲတွင် ဖြတ်ထိုး
ဉာဏ်သုံးနိုင်မှု၊ အသင်းကို ဦးဆောင်မောင်းနှင်မှု စသည်တို့ဖြစ်သည်။ ခြံုကြည့်လျှင် အုပ်စု (က)
တွင် အိမ်ရှင် ဘရာဇီးလ်သည် အုပ်စုဗိုလ်စွဲကာ နောက် တစ်ဆင့် တက်ရောက်နိုင်ရန် သေချာသ
လောက် ရှိနေရာကို အုပ်စုဒုတိယနေရာကို ခရိုအေးရှား နှင့် ကင်းမရွန်းတို့ အဓိကယှဉ်ပြိုင်ရဖွယ်
ရှိပြီး မက္ကဆီကိုမှာမူ အုပ်စုအဖြည့်ခံ အဆင့်သာ ဖြစ်ဖွယ်ရှိသည်။















