လာမည့် စက်တင်ဘာလ ရ ရက်နေ့မှ ၁၄ ရက်နေ့အထိ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ် မည့်
Asian Netball Champions 2014 ပြိုင်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာ Netball အသင်း
သည် အကြိုပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။
အဆိုပါပြိုင်ပွဲကို ၂၀၁၅ တွင် ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် ဆီးဂိမ်းအကြိုပြိုင်ပွဲအဖြစ်
ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် အိမ်ရှင်စင်ကာပူနိုင်ငံအပါအဝင် မြန်မာ၊ တရုတ် တိုင်ပေ၊
ဘရူနိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊မလေးရှား၊ မော်လ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းအစ
ရှိသော နိုင်ငံများက ၀င်ရောက်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါပြိုင်ပွဲကိုပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လက်ရှိတွင်
ပဏာမ လက်ရွေးစင်ကစားသမား ၁၅ ဦးကို စခန်းသွင်းလေ့ကျင့်ပေးလျက်ရှိသည်။ ပြီးခဲ့သည့်
မေလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံသို့ စင်ကာပူနိုင်ငံက နည်းပြနှစ်ဦး လာရောက်
ပြီး ပဏာမလက်ရွေးစင် မြန်မာ့ Netball အားကစားသမားများကို ရက်တို သင်တန်း ပို့ချပေး
ခဲ့သည်။
အဆိုပါ Netball အားကစားနည်းသည် ဘတ်စကက်ဘောအားကစားနည်းနှင့် ပုံစံတူ သော
အားကစားနည်းတစ်ခုဖြစ်ပြီး မြန်မာNetball ပဏာမလက်ရွေးစင်အသင်းကို ဘတ်စကက်ဘော
ကစားသမား ၁၁ ဦးဖြင့် ဖွဲ့စည်းထားတယ်။ Netball အားကစားနည်း သည် တစ်ဖက်လျှင် အား
ကစားသမားခုနစ်ဦး ဖြင့် ကစားရသော ကစားနည်းတစ်ခုဖြစ် သည်။ Asian Netball Champions
2014 ပြိုင်ပွဲသည် မြန်မာနိုင်ငံအတွက် ပထမဆုံး ပြိုင်ပွဲဖြစ်သော်လည်း Netball အားကစားနည်း
ကို မြန်မာနိုင်ငံအနေဖြင့် လေ့ကျင့်ခဲ့ဖူးသော အတွေ့အကြံုရှိခဲ့သည်။
"ဒီအားကစားနည်းက ဘတ်စကက်ဘောအားကစားနည်းနဲ့ ဆင်တူတဲ့အားကစားနည်း ဆိုတော့
ကျွန်မတို့ ပဏာမလက်ရွေးစင်အသင်း ကို ဘတ်စကက်ဘောကစားသမား ၁၁ ဦး၊ ဘော်လီဘော
အားကစားသမားနှစ်ဦးနဲ့ အခြား အားကစားသမားနှစ်ဦး စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။
၂၀၀၀ ပြည့်နှစ်က ဒီ အားကစားနည်းကို စင်ကာပူနိုင်ငံက နည်းပြ တွေ လာရောက်သင်ကြားပေး
ခဲ့ဖူးပါတယ်။ ၂၀၀၁ ဆီးဂိမ်းပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက်ပါ။ ဒါပေမဲ့ ကျွန်မတို့ ၀င်ရောက်
မယှဉ်ပြိုင်ဖြစ်ခဲ့ပါဘူး။ အဲဒီတုန်းက လေ့ကျင့်ခဲ့တဲ့ ကစားသမားဟောင်းတွေက နည်းပြအဖြစ်
ပြန်လည်ပါ၀င်လာပြီး ပဏာမလက်ရွေးစင်အသင်းကိုလေ့ကျင့်ပေးနေပါတယ်"ဟု မြန်မာ
Netball အသင်း၏ တာဝန်ခံ ဒေါ်မေသက်စိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။
Netball အားကစားနည်းသည် စင်ကာပူ ရိုးရာအားကစားနည်းတစ်ခုဖြစ်ပြီး လာမည့် ၂၀၁၅ တွင်
စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ် မည့်(၂၈)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပသွား
မည်ဖြစ်ရာ မြန်မာနိုင်ငံ အပါအဝင် ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့ လည်း ပထမဆုံးပါ၀င်ယှဉ်ပြိုင်
ကြမည်ဖြစ်သည်။ မြန်မာ Netball ပဏာမလက်ရွေးစင်အသင်း ကို လက်ရှိတွင် ပြည်တွင်းနည်း
ပြများနှင့်သာလေ့ကျင့်ပေးလျက်ရှိသော်လည်း လာမည့် ဇူလိုင်လအတွင်း နိုင်ငံခြားသားနည်းပြ
ငှားရမ်း ၍ ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်သည်။
ဆီးဂိမ်းအကြိုပြိုင်ပွဲမတိုင်မီ မြန်မာနိုင်ငံ Netball အားကစားအဖွဲ့ချုပ်ကိုလည်း မြန်မာနိုင်ငံ တွင်
တည်ထောင်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ "ကျွန်မတို့ Netball အဖွဲ့ချုပ်ကို ဆီးဂိမ်း အကြိုပြိုင်ပွဲ
မတိုင်မီ ဖွဲ့စည်းသွားမှာပါ။
လက်ရှိ မှာတော့ ကစားသမားတွေကို အခြေခံကစပြီး လေ့ကျင့်ပေးနေပါတယ်။ ဒီဆီးဂိမ်းအကြို
ပြိုင်ပွဲ ကတော့ ပြိုင်ပွဲအတွေ့အကြံုရရှိဖို့ ရည်ရွယ် ချက်နဲ့ ၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဒီပြိုင်ပွဲ
ပြီးမှပဲ လက်ရွေးစင်အသင်းကို သေချာပြန်လည်ဖွဲ့စည်းပြီး (၂၈)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကို
၀င်ရောက်ယှဉ်ပြိုင်သွားမှာပါ"ဟု ဒေါ်မေ သက်စိုးက ပြောသည်။














