Group E ... ဒီအုပ်စုမှာက ဆွစ်ဇာလန်၊ ပြင်သစ်၊ အီကွေဒေါနှင့် ဟွန်ဒူးရပ်စ်အသင်းတို့ ပါနေ
သည်။ ဥရောပက နှစ်သင်းနှင့် အမေရိကတိုက်အခြမ်း က နှစ်သင်းစီ ပါနေသည့်အုပ်စုဖြစ်သည်။
ဥရောပနှင့် အမေရိက အားပြိုင်မည့် အုပ်စုဟု ဆိုရလိမ့်မည်။ ဒီအုပ်စုတွင်ကြည့်လျှင် ပုံမှန်အရ
တော့ ပြင်သစ်က အခွင့်အရေးအကောင်းဆုံးအသင်း အဖြစ် ရေပန်းစားနိုင်သည်။ သူ့နောက်တွင်
တော့ ဆွစ်ဇာလန်၊ အီကွေဒေါနှင့် ဟွန်ဒူးရပ်စ် အသင်းတို့က အစဉ်လိုက်ရှိနိုင်သည်။
အုပ်စု ပွဲများပြီးလျှင်တော့ ဒီရေပန်းစားမှုအတိုင်း ရပ်တည်နိုင်မည်လား စိတ်ဝင်စားစရာပဲ ဖြစ်သည်။
ပြင်သစ်နှင့် ဆွစ်ဇာလန် နှစ်သင်းမှာ အီကွေ ဒေါ၊ ဟွန်ဒူးရပ်စ်တို့ထက် အုပ်စုတက်ရေးပိုရေပန်းစား
နေသည်မှာ မှန်သော်လည်း အမေရိကတိုက်မြေတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားပွဲဖြစ်နေသည့်
အချက်က ထိုမြေပေါ်မှ အသင်းများ၏အင်အားကို လျှော့တွက်၍မဖြစ် တော့။
ရေခံမြေခံချင်း မကွာခြားလှသည့်အချက် က ထိုဒေသအခြေစိုက်အသင်းများအတွက် အဓိက
ထောက်ပံ့ပေးထားသည့် အခွင့်အရေး တစ်ခုလိုဖြစ်နေရာ ထိုဒေသခံအသင်းများဖြစ် သည့်
အီကွေဒေါနှင့် ဟွန်ဒူးရပ်စ်တို့၏ တုံ့ပြန် လာနိုင်မှုက ပြင်သစ်နှင့် ဆွစ်ဇာလန်အသင်း တို့အတွက်
အခက်အခဲတွေ့နိုင်ဖို့လည်း ရှိသွားနိုင်သည်ကို သတိပြုရလိမ့်မည် ထင် သည်။
ဒီအုပ်စုတွင်း အစဉ်အလာနှင့် အရှိန်အဝါ အရ အားအကောင်းဆုံးအသင်းဖြစ်သည့် ပြင်သစ်
အသင်းမှာ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ရောက်ရှိအောင် အခြားအသင်းများကဲ့သို့ အုပ်စုက
တိုက်ရိုက်တက်လာနိုင်သည့်အသင်း မဟုတ်။
ရှုံးထွက်အဆင့်တွင် ယူကရိန်းကို အနိုင် ယူပြီးမှသာ ဘရာဇီးလ်သို့ ရောက်လာနိုင်ခဲ့သည့်
အသင်းဖြစ်သည်။ လက်ရှိအသင်းလူစာရင်းကို ကြည့်လျှင်လည်း ပြင်သစ်အသင်း၌ နည်းပြ
ဒက်ရွှမ့် ရွေးချယ်ထားသည့် ကစားသမား အများစုမှာ လူငယ်များဖြစ်နေသည်။ မန်စီးတီး တွင်
ခြေစွမ်းပြနေသော နာဆရီကဲ့သို့ ကစား သမားများကိုပင် ခေါ်ယူခြင်းမရှိ ခဲ့၍ ဝေဖန် မှုအချို့ခံခဲ့
ရသည်။
ပြင်သစ်အသင်း၏ အဓိကအားနည်းမှုက အသင်းအတွင်း ညီညွတ်မှုပိုင်းပဲဖြစ်သည်။ ကစားသမား
အချင်းချင်း၊ ကစားသမားနှင့် နည်းပြများအကြား မကြာခဏဆိုသလို အဆင် ပြေမှုအားနည်းခဲ့ကြ
၍ ယူရို ၂၀၀၀ ချန်ပီယံ ဖြစ်ပြီးနောက်ပိုင်း ပြင်သစ်အသင်းမှာ ကမ္ဘာ့ ဘောလုံးဇာတ်ခုံပေါ်တွင်
အနည်းငယ် လျှောကျ လာခဲ့သည်။
ထို့ပြင် ၀ါရင့်ကစားသမားများ အနားယူသွားပြီးနောက်ပိုင်း နည်းပြဒက်ရွှမ့် လက်ထဲတွင် ပြင်သစ်
အတွက်မျိုးဆက်သစ် တစ်ရပ်ကို ထပ်မံမွေးထုတ်ပေးနိုင်ရန် ကြိုးစား နေခြင်းကလည်း ပြင်သစ်၏
ခြေစွမ်းမှာ ကျန် နာမည်ကြီးဥရောပအသင်းများထက်စာလျှင် အနည်းငယ်တော့ လိုအပ်ချက်
များရှိနေသေး သည်။
လက်ရှိအသင်းတွင်လည်း ၀ါအရင့်ဆုံး ကစားသမားဆို၍ ၈၁ ပွဲကစားထားသည့် ရစ်ဘာရီလောက်
သာ ရှိနေသည်။ တစ်သင်းလုံးကို ခြံုကြည့်လျှင်လည်း ခံစစ်ပိုင်းတွင် ၀ါရင့်ကစားသမားဟုပြောနိုင်
သော အဲဗရာ၊ တိုက်စစ်တွင် ဘန်ဇီမာတို့လောက်သာ ပါနေပြီး အများစုမှာ ပြင်သစ်အသင်းနှင့် ပွဲ
၃၀ အောက် ကစားထားဖူးသူများသာဖြစ်ရာ ထိုအချက်က ပြင်သစ်၏ခြေစွမ်းကို သိပ်ပြီးအထင်
မကြီးမိအောင် သတိပေးနေသလိုဖြစ်နေသည်။
ပြင်သစ်ထက်စာလျှင် ဆွစ်ဇာလန်ကမှ အတွေ့အကြံုရှိသူအများစု ပါ၀င်နေသေးသည်။ နည်းပြ
ဟစ်ဇ်ဖဲ့လ်ကလည်း ၀ါရင့်နည်းပြတစ်ဦး ဖြစ်ပြီး ဆွစ်ဇာလန်အသင်းကို ကိုင်တွယ်နေသည်မှာလည်း
သက်တမ်းရှည်နေပြီဖြစ်ရာ အသင်းနှင့် အသားကျနေသူဖြစ်သည်။
ထို အချက်က အသင်းလိုက်စုစည်းမှုအားတွင်ဆွစ်ဇာလန်က ပြင်သစ်ထက်တောင် ပိုပြီး
အားကောင်းနေသလိုရှိနေသည်။ အသင်းတွင် ရှေ့၊ လယ်၊ နောက်၊ ဂိုး အစုံ ကစားသမား
အများစုမှာလည်း ၀ါရင့်ကစားသမားအများစုကို လူငယ်အချို့နှင့် တွဲဖက်ပြီး တည်ဆောက်
ထား သည့် အသင်းမျိုးဖြစ်ရာ ဆွစ်ဇာလန်အသင်း ၏ အသင်းလိုက်စုစည်းမှုအား က ပြင်သစ်
၏ အုပ်စု ပထမနေရာရယူရေးကို အနှောင့်အယှက်ပေး နိုင်မည့် အနေအထားမျိုးတွင် ရှိနိုင်
လိမ့်မည် ထင်သည်။
ဆွစ်ဇာလန်အသင်းတွင် ဘာနက်တာ၊ အင်လာ၊ ဆန်းဒရို့စ်တို့လို ၀ါရင့်ခံစစ်သမား ကောင်း
များဖြင့် ခံစစ်ကြောင်းကို တည်ဆောက် ထားနိုင်ခြင်းကလည်း ဆွစ်ဇာလန်ခံစစ်ကြောင်း ကို
ထိုးဖောက်ဂိုးသွင်းရသည်မှာ ပြိုင်ဘက် အသင်းများအတွက် အဓိကအခက်အခဲတစ်ခုလို ဖြစ်
လာလိမ့်မည်ထင်သည်။
ဒီအုပ်စုတွင် အဓိကစောင့်ကြည့်ရမည့် အသင်းက အီကွေဒေါပဲ ဖြစ်သည်။ တောင်အမေ ရိက
တိုက်အသင်းတစ်သင်းပီပီ ဘောလုံးအခြေခံ ကောင်းသည့်အပြင် ခပ်ကြမ်းကြမ်းခပ်မာမာ ကစား
တတ်သည့် အီကွေဒေါ၏ ကစားပုံက အုပ်စုတွင်းပြိုင်ဘက်များကို ယှဉ်ပြိုင်ရခက်အောင် တုံ့ပြန်
သွားနိုင်သည်။
သို့သော်လည်း နည်းပြ ရိန်နာဒိုရူဒါမှာ အသင်းကို လူငယ် ကစားသမားအများစုဖြင့် အားပြုတည်
ဆောက် ထားခဲ့ပြီး ၀ါရင့်ကစားသမားဆို၍ မန်ယူမှဗလင်စီယာ၊ ဒိုင်နမိုမော်စကိုမှ နိုဘိုအာတို့
လောက်သာ ပါ၀င်နေပြီး အများစုမှာ ပြည်တွင်း အခြေစိုက်အသင်းများမှ ကစားသမားများကို
သာ ရွေးချယ်ထားခဲ့ခြင်းက အီကွေဒေါ အသင်း ၏ ရေမြေပေါ်တွင် အားကောင်းမှုပိုရှိနိုင်မည့်
အနေအထားဟုပြော၍ ရနေသည်။
ထို့ပြင် အီကွေဒေါအသင်းမှာ ခြေစစ်ပွဲတစ်လျှောက် ခံစစ်ကို အတည်ငြိမ်ဆုံးဖြစ်အောင် ဦးစားပေး
ကစားတတ်သည့် အသင်းမျိုးဖြစ်ခဲ့ပြီး ခြေစစ်ပွဲတွင် ပေးဂိုး ၁၆ ဂိုးသာရှိခဲ့ခြင်းကလည်း အီကွေဒေါ
၏ ခံစစ်မာကျောမှုကို ပြသနေသလိုပဲ ဖြစ် သည်။ အီကွေဒေါအတွက် ၀မ်းနည်းစရာကောင်း
သည့်အချက်ကတော့ ခြေစစ်ပွဲများတွင် ခြေစွမ်း ပြပြီး အသင်းအတွက် ဂိုးများသွင်းပေးနိုင်ခဲ့သူ
ဘာမင်ဂမ်အသင်းကစားသမားဟောင်း ဘင်နီ တက်ဇ်တစ်ယောက် ပြီးခဲ့သည့်ဇူလိုင်လ အတွင်း
က တိမ်းပါးသွားခဲ့၍ ကမ္ဘာ့ဖလားပွဲ တွင် ပါ၀င် လာနိုင်ခြင်းမရှိတော့ခြင်းပင် ဖြစ်သည်။
သို့သော်လည်း အသင်းလိုက်ကစား အားကောင်းပြီး မာရေကျောရေနိုင်သည့် အီကွေဒေါအသင်း၏
ကစားပုံက အုပ်စုတက် ရန်ရေပန်းအစားဆုံးအသင်းဖြစ်သော ပြင်သစ် နှင့် ဆွစ်ဇာလန်နှစ်သင်းစလုံး
ကို မထင်မှတ်ဘဲ ဒုက္ခပေးသွားနိုင်သောအသင်းအဖြစ် သတ်မှတ် ထား၍ရမည်ထင်သည်။
နောက်တစ်သင်းကတော့ ဟွန်ဒူးရပ်စ်ပဲဖြစ် သည်။ ဟွန်ဒူးရပ်စ်မှာ မြောက်/အလယ်အမေရိက/ကာရေဘီယန်ဒေသမှ ခြေစစ်ပွဲအောင်လာ သောအသင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ကမ္ဘာ့
ဖလားပွဲကိုလည်း ၀င်ရောက်နွှဲခဲ့ဖူးသည့်အသင်းဖြစ်ရာ သူတို့အသင်းကိုလည်း လျှော့ တွက်
ထား၍မဖြစ်။
ဘရာဇီးလ်သို့ ရောက်လာ သည့် ဟွန်ဒူးရပ်စ်အသင်းမှာ နည်းပြဖာနန်ဒို ဆွာရက်ဇ်လက်ထဲတွင်
တည်ငြိမ်နေသောအသင်းတစ်သင်းဖြစ်သည့်အပြင် ကစားသမား အများစုမှာလည်း ၂၀၁၀ ကမ္ဘာ့
ဖလားပြိုင်ပွဲဝင် အသင်းမှ ကစားသမားများဖြစ်နေသည့်အချက် က ဟွန်ဒူးရပ်စ်ကိုလည်း အင်အား
မသေးသည့် အသင်းတစ်သင်းအဖြစ် သတ်မှတ်ထား၍ ရနေသည်။
အသင်းတွင် ဥရောပအခြေစိုက် ကစားသမားများ ဖြစ်သော ဖစ်ဂါရိုအာ၊ အက်စ်ပီနိုဇာ၊ ပလာစီယို့စ်၊
ပါရော်တာ၊ အီဇာ ဂူရီ စသည့် ကစားသမားများဖြင့် အဓိကထား တည်ဆောက်ထား သည့်အသင်း
ဖြစ်ပြီး ကစားပုံ ကလည်း ခပ်ကြမ်းကြမ်းခပ်မာမာ ကစားတတ်သည့် အသင်းဖြစ်သည်။
ခြေစစ်ပွဲတွင် မက္ကဆီကိုအသင်းကို အခက်အခဲတွေ့အောင် ဒုက္ခပေးခဲ့သည့် အသင်း မျိုးဖြစ်နေခြင်း
ကလည်း ဟွန်ဒူးရပ်စ်၏ ကမ္ဘာ့ ဖလားခြေစွမ်းအပေါ် လျှော့တွက် မထားသင့် ကြောင်း သတိပေးနေ
သလိုပဲ ဖြစ်သည်။
ထို့ကြောင့် ဒီအုပ်စုတွင် စာရွက်ပေါ်မှ စာရင်း များအရ ဥရောပနှစ်သင်း က အားကောင်းနေသည်
ဟု ယူဆနိုင်သော်လည်း ရေခံမြေခံအသင်းများ ဖြစ်သည့် အီကွေဒေါ နှင့် ဟွန်ဒူးရပ်စ်နှစ်သင်း ၏
တုံ့ပြန်လာနိုင်မှုကို လည်း လျှော့တွက်၍မရ။ သေချာ ကြည့်မည်ဆိုလျှင် ဒီ လေးသင်းစလုံး၏
ခြေစွမ်းက မတိမ်းမယိမ်းဟုပြော၍ရနေ သည်။
ဒီကြားထဲ ဥရောပနှစ်သင်းစလုံး၏ အဖွင့်ပွဲများကိုလည်း အမေရိကတိုက် အခြေပြု အီကွေဒေါ၊
ဟွန်ဒူးရပ်စ်တို့နှင့် စကစားရမည့်အချက်ကလည်း ဥရောပ နှစ်သင်းအတွက် အင်ပြည့်အားပြည့်ဖြင့်
ဒေသခံနှစ်သင်း၏ တုံ့ပြန်မှုအောက်တွင် ရုန်းကန်ရဖွယ်ရှိသွားနိုင်သည်။
အကယ်၍များ ပြင်သစ်နှင့်ဆွစ်ဇာလန်တို့ အဖွင့်ပွဲတွင် အမှတ် များဆုံးရှုံးခဲ့မည်ဆိုပါက ဒီအုပ်စုမှာ
အုပ်စု တက်ရေး ယှဉ်ပြိုင်မှု ပိုမိုအကြိတ် အနယ်ရှိသွားမည်ထင်သည်။















