အပြောင်းအရွှေ့ဈေးကွက်က ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးခါနီးမှ ပိုလှုပ်ခတ်လာတယ်။ အာဆင်နယ်က
ဆန်းချက်ဇ် ... ဘာစီလိုနာက ဆွာရက်ဇ် ... ဒီနှစ်သင်းကြားမှာ လီဗာပူးက နည်းနည်းတော့
နစ်နာသွားသလိုပဲ။ ဆွာရက်ဇ်ကို ပုံမှန်ရနိုင်တဲ့ဈေးထက် ပေါင် ၂၅ သန်းလောက်လျော့သွားခဲ့
တဲ့အပြင် ဆန်းချက်ဇ်ကို အပြောင်းအရွှေ့အစိတ်အပိုင်း အဖြစ် လီဗာပူးဆီရောက်အောင် မခေါ်နိုင်
ခဲ့ တာက လီဗာပူးအတွက် ဆွာရက်ဇ်အပြောင်း အရွှေ့မှာ ဆုံးရှုံးမှုလို့ ပြောနိုင်တယ်။
နောက်တစ်ချက်က လီဗာပူးအတွက် ဆွာရက်ဇ်နေရာ ကို အစားထိုးနိုင်မယ့် ကစားသမားတစ်ဦး
ပြန်ဖြည့်နိုင်ဖို့ လွယ်ပါ့မလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်လာခဲ့တယ်။ သေချာတာက
တော့ လီဗာပူးအနေနဲ့ သူတို့ရဲ့ဂိုးသွင်း သူရဲကောင်းတစ်ဦးကို ရသင့်ထက်ဈေးထက်လျော့ပြီး
လက်လွှတ်လိုက်ရပြီဆိုတဲ့အချက် ပါပဲ။ ကြားထဲမှာ အမြတ်ထွက်သွားတာက ဘာစီလိုနာပဲဖြစ်
ပါတယ်။
ဆွာရက်ဇ်ကို အရင် ဆုံး ခေါ်ယူဖို့ ကြိုးစားတဲ့အသင်းက ဘာစီလိုနာရဲ့ မဟာပြိုင်ဘက် ရီးယဲလ်
မက်ဒရစ်အသင်းပါ။ ကမ္ဘာ့ဖလားမတိုင်မီကတည်းက ဆွာရက်ဇ်ကို ခေါ်နိုင်ဖို့ ရီးယဲလ်တီးခေါက်မှု
တွေ လုပ်နေတာပါ။ တကယ်တမ်းဆိုရင် ပြီးခဲ့တဲ့ရာသီကတည်းက ဆွာရက်ဇ်ကို ခေါ်ချင် ခဲ့ပေမယ့်
လီဗာပူးက မရောင်းချင်လို့ တင်းခံထားတာရယ်၊ ရီးယဲလ်အနေနဲ့ ဘေးလ်ကို ခေါ်ဖို့ကလည်း ရှိနေ
ပြန်တဲ့အတွက် ဆွာရက်ဇ် ကို လက်လွှတ်လိုက်ရတာပါ။ ဒါကြောင့် ဒီရာသီမှာ ဆွာရက်ဇ်ဆီက
အသင်းပြောင်း ချင်တဲ့အသံ ပြန်ထွက်လာတာနဲ့အတူ ရီးယဲလ် ကလည်း ဆွာရက်ဇ်ကိုခေါ်ဖို့ ပြန်
စိတ်ဝင်စား လာခဲ့တယ်။ ရီးယဲလ်ဟာ ဆွာရက်ဇ်အတွက် တကယ်တမ်းအသုံးပြုရမယ်ဆိုရင်
ရော်နာဒို နဲ့ ဘေးလ်တို့လောက်နီးနီး ပြောင်းရွှေ့ကြေး ကို ပေးရဖို့ရှိတယ်။
ဒါပေမဲ့ ဆွာရက်ဇ်ရဲ့ ကမ္ဘာ့ဖလားပွဲမှာ မထင်မှတ်တဲ့လုပ်ရပ်တစ်ခု က ဆွာရက်ဇ်ရဲ့ အပြောင်း
အရွှေ့မှာ အပြောင်း အလဲတွေလည်း ဖြစ်ကုန်တယ်။ အစောပိုင်းက ရီးယဲလ်ခေါ်ဖို့ ကြိုးစားနေ
တဲ့အချိန် စောင့်ကြည့်သလိုရှိနေတဲ့ ဘာစီလိုနာဟာ ဆွာရက်ဇ်ပြဿနာကြောင့် ပြစ်ဒဏ်တွေ
ကျခံရတဲ့အခါမှာ ဆွာရက်ဇ်ကိုခေါ်ဖို့ သိ သိသာသာကို ရှေ့ကိုတိုးထွက်လာခဲ့ တယ်။
ဒီအချိန်မှာ ရီးယဲလ်ကတော့ အသာလေး ရှောင်ထွက်သွားခဲ့လို့ ဆွာရက်ဇ်တစ်ယောက် ဘာစီလို
နာကိုရောက်ဖို့ ပိုနီးစပ်သွားခဲ့တာပဲဖြစ်တယ်။ နောက်ဆုံးတော့ ဘာစီလိုနာနဲ့ ဆွာရက်ဇ်လည်း
ရေစက်ဆုံသွားခဲ့တယ်။ အပြောင်းအရွှေ့ အပိတ်ခံထားရတဲ့ ပြစ်ဒဏ်ထိထားတဲ့ အသင်းတစ်သင်းနဲ့ ဘောလုံးလောကနဲ့ လေးလကြာကင်းကင်းနေဖို့ ပြစ်ဒဏ်ချခံထားရတဲ့
ကစားသမားတစ်ယောက်ရဲ့ ပေါင်းစုံမှုကတော့ ဒီရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ပြော
စမှတ်တွင်မယ့် အပြောင်းအရွှေ့တစ်ခုပါပဲ။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ရာသီက အပြောင်းအရွှေ့မလုပ်ဖို့ ဖီဖာရဲ့ ပြစ်ဒဏ်ချထားမှုကို ခံထားရ
တဲ့အသင်းဖြစ်ပြီး အယူခံဝင် မှုကြောင့် အခု ရာသီအပြောင်း အရွှေ့ဈေးကွက်မှာ ၀င် ရောက်
လှုပ်ရှားခွင့်ပေးဖို့ ဆိုင်းငံ့ ပြစ်ဒဏ်ချခံ ထားရတဲ့ အသင်းပါ။ ဆွာရက်ဇ်ကတော့ လေးလကြာ
ဘောလုံး နဲ့ ကင်းကင်းနေရမယ် ဆိုပေမယ့် ခြွင်းချက် အနေနဲ့ အပြောင်း အရွှေ့ လုပ်ခွင့်ကို
တော့ ဖီဖာက ခွင့်ပြု ထားခဲ့လို့ ဘာစီလို နာနဲ့ ဆွာရက်ဇ်ဟာ ရလာတဲ့ အခွင့် အရေးကြားမှာ
ဒီအပြောင်းအရွှေ့ ကို ဖြစ်မြောက် အောင် ဖန်တီးယူ လိုက်တာပဲလို့ ပြော နိုင်တယ်။
တကယ်ဆိုရင် ဘာစီလိုနာအတွက် လိုအပ်နေတဲ့ နေရာတွေက ခံစစ်ပိုင်းက အဓိကကျနေ
ပါတယ်။ ဒါပေမဲ့ အခုချိန်အထိ ခံစစ်ပိုင်းကို အားဖြည့်ဖို့ မလုပ်သေးဘဲ တိုက်စစ်ပိုင်းကို
ဆွာရက်ဇ်နဲ့ အားဖြည့်လိုက်တဲ့ ဘာစီလိုနာရဲ့ လုပ်ရပ်ကလည်း မေးခွန်းထုတ်စရာကောင်း
လာတယ်။ ဂိုးသမားနေရာ အတွက် တာစ တီဂန်နဲ့ ဘရာ ဗိုတို့ကို အား ဖြည့်ထားပြီး ဖြစ်ပေမယ့်
တကယ် လိုအပ်နေတဲ့ခံစစ် ကြောင်းကို တော့ ဘာစီ လိုနာဟာ အခုမှ အားဖြည့်ဖို့ စီစဉ်နေတုန်း
ပဲရှိသေး တယ်။
ဒီအချိန်မှာ ဆွာရက်ဇ်ကို မရရအောင်ခေါ်ခဲ့တာဟာ အဓိကပြိုင်ဘက်ရီးယဲလ်လက်ထဲကို ရောက်
သွားမှာစိုးတဲ့အတွက် လက်ဦးမှု ရယူလိုက်တာများလားလို့လည်း တွေးစရာကောင်းလာခဲ့တယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ဘာစီလိုနာရဲ့ ပြီးခဲ့တဲ့ရာသီက နေမာကို ခေါ်ယူမှုမှာ ရီးယဲလ်ရဲ့ဝင်နှောင့်
မှုကြောင့် ဘာစီလိုနာဟာ နေမာကိုရဖို့ လိုတာထက်ပိုတဲ့ ဈေးနှုန်းကို တိုးပေးခဲ့ရတယ်။ ဒါကြောင့်
လည်း နောက်ပိုင်းမှာ နေမာရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်လာတဲ့အထိပါပဲ။
ဒါကြောင့်လည်း ဒီ တစ်ကြိမ်မှာတော့ ရီးယဲလ်ရဲ့ ဆွာရက်ဇ်အပေါ် စိတ်ဝင်စားမှုကို ကြားဝင်ဖြတ်
တောက်နိုင်ဖို့ အတွက် ၀င်ကြိုးစားရင်း မထင်မှတ်ဘဲ ဆွာရက်ဇ်ကို အရခေါ်နိုင်ခဲ့တာမျိုးလားဆို
တာလည်း တွေးချင်စရာကောင်းလာတယ်။ ဒီလို ၀င်ကြိုးစားရင်း ဆွာရက်ဇ်ကိုရလိုက် တဲ့အတွက်
လည်း တစ်ဖက်ကပြန်ကြည့် ရင်တော့ ဘာစီလိုနာအတွက် သိပ်ပြီး နစ်နာတာမျိုး မရှိခဲ့ပါဘူး။
ဘာဖြစ် လို့လဲဆိုတော့ ဘာစီလိုနာဟာ သူတို့ရဲ့တိုက်စစ်မှာ နေမာ၊ မက်ဆီ၊ ဆွာရက်ဇ်ဆိုတဲ့
အကောင်းဆုံး တိုက်စစ်မှူးတွေနဲ့ အကောင်းဆုံး တိုက်စစ် အစုအဖွဲ့တစ်ခုကို တည်ဆောက်
လိုက်နိုင်လို့ပါပဲ။
ဆွာရက်ဇ်ကြောင့်လည်း နေရာ ပျောက်ဖို့ ပိုများလာတဲ့ အလက်ဆစ် ဆန်းချက်ဇ်ကို အလွယ်
တကူပဲ ပြန်ရောင်းထုတ်ခဲ့တယ်။ သေချာကြည့်မယ်ဆိုရင် ဆန်းချက်ဇ်နဲ့ ကွင်းလယ်က ဖာဘရီ
ဂတ်စ်တို့နှစ်ဦးကို ရောင်းထားတဲ့ငွေက ပေါင် ၆၅ သန်း ၀န်းကျင်လောက် ရထားပြီဖြစ်လို့
ဆွာရက်ဇ်ကိုခေါ်ဖို့အတွက်လည်း ဘာစီ လိုနာဟာ အိပ်ထဲက နောက်ထပ် ပေါင် ၁၀ သန်း
၀န်းကျင်လောက်ပဲ ထပ်စိုက်လိုက်ရတဲ့ သဘောမျိုးလည်းဖြစ်သွားခဲ့တယ်။
ဆွာရက်ဇ်ကို အောက်တိုဘာလ လောက်အထိ အသုံးပြုခွင့်ရမှာမဟုတ်ပေမယ့်လည်း
အသုံးပြုခွင့်ရတဲ့ အချိန်မှာ တော့ ဘာစီလိုနာရဲ့ တိုက်စစ်အစုအဖွဲ့ဟာ တကယ်ကို စိတ်ဝင်
စားစရာ အစုအဖွဲ့တစ်ခု ဖြစ်လာတော့မှာဖြစ်ပြီး ဒီတိုက်စစ်အစုအဖွဲ့ ကို နည်းပြသစ် လူးဝစ္စ
အင်းနရစ်အနေနဲ့ ဘယ်လို ကိုင်တွယ်ပြသွားမလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါ
တယ်။
လက်ရှိ ဘာစီလိုနာတိုက်စစ်ကိုကြည့်ရင် အလက်ဆစ်နေရာကို ဆွာရက်ဇ်ဝင်လာတာကလွဲပြီး
သိပ်ပြီးအပြောင်းအလဲမရှိသေးဘူး။ ဒါကြောင့် ဘာစီလိုနာဟာ ထုံးစံအတိုင်း သူတို့ရဲ့ တိုက်စစ်
အသားပေးပုံစံကို လာမယ့်ရာသီမှာလည်း ဆက်ပြီး အသက်သွင်းဦးမယ်ဆိုတာ ငြင်းစရာမလို
ပါဘူး။ နေမာ၊ မက်ဆီနဲ့ ဆွာရက်ဇ်တို့ သုံးယောက် စလုံးဟာ တိုက်စစ်မှာ နေရာစုံရွေ့လျားပြီး
လှုပ်ရှားကစားနိုင်တဲ့ ကစားသမားမျိုး တွေဖြစ်လို့ ဘာစီလိုနာတိုက်စစ်ဟာ ပို အသက်ဝင်လာ
ဖို့ရှိနေသလို သုံးယောက်စလုံး ရဲ့ ဂိုးသွင်းသေချာမှုနဲ့ပါ ထပ်ပြီးပေါင်းထည့် မယ်ဆိုရင်တော့
ဘာစီလိုနာအတွက် ဆွာရက်ဇ် ကိုရလိုက်တာဟာ တကယ့်ကို အကျိုးရှိနိုင် မယ့်အနေအထား
မျိုးဖြစ်နေပါတယ်။
ဒါပေမဲ့ ခေတ်သစ်ဘောလုံးကစားနည်းအရ တစ်ချိန် လုံး တိုက်စစ်ကစားလို့ချည်းပဲ အလုပ်
မဖြစ်နိုင် တော့ဘူး။ ခံစစ်မှာ တောင့်တင်းမာကျောဖို့ လိုနေပြီဆိုတာကို ပြီးခဲ့တဲ့ရာသီက ဘာစီလို
နာ အသင်း ကြံုတွေ့ခံစားခဲ့ရတဲ့ အဖြစ်အပျက် တွေအရရော၊ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ မြင်တွေ့
ခဲ့ရတဲ့ အသင်းအများစုရဲ့ ကစားပုံကစားနည်း တွေအရပါ သိထားရပြီဖြစ်လို့ ဘာစီလိုနာအတွက်
အဓိကလိုအပ်နေတဲ့ ခံစစ်နေရာကို မဖြစ်မနေ ဖြည့်တင်းရဖို့ လိုနေပါပြီ။ ဒါကို အသင်းဥက္ကဋ္ဌ
ဘာတိုနီကိုယ်တိုင်က လက်ခံသိရှိထားပြီးဖြစ်လို့ ဆွာရက်ဇ်ကိုခေါ်ယူပြီးတဲ့ နောက်မှာတော့
ဘာစီလိုနာရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားမှုဟာ ခံစစ်သမားတွေဘက်ကို ဦးတည်
လို့လာပါပြီ။
သတင်းတွေအရတော့ ဘာစီလိုနာဟာ ကမ္ဘာ့ ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ တော့တင်ဟမ်
နောက်ခံလူ ဗာတွန်ဂန်နဲ့ ဒေါ့မွန်က ဟမ်းမဲလ်တို့ကို မျက်စိကျနေတယ်ဆိုပါတယ်။ ဒီတော့
ဘာစီလိုနာအနေနဲ့ တကယ်လိုအပ်နေတဲ့ ခံစစ်ကြောင်းကို ဘယ်လိုအားဖြည့်မှုမျိုး တွေ လုပ်ပြ
မလဲဆိုတာကို စောင့်ကြည့်ကြရဦး မှာပါ။















