ဖာဂူဆန်အလွန် မန်ယူကို စကော့တစ်မန်နေဂျာ နောက်တစ်ယောက်နဲ့ စာမျက်နှာသစ် ဖွင့်ခဲ့
ပေမယ့် ရလဒ်က ဆိုးရွားခြင်းဆိုတာပဲ ထွက်သွားလို့ မန်ယူစီးပွားရေးဟာ အကြီးအကျယ်ထိခိုက်
သွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်နေရာမရခဲ့သလို နောက်ဆက်တွဲ ဆိုးရွားမှုက တစ်လျှောက်လုံး
စပွန်ဆာပေးခဲ့တဲ့ နိုက်ကီ က နောက်ဆုတ်သွားလို့ စိုးရိမ်စရာဖြစ်ခဲ့ရပါ တယ်။ ဒါပေမဲ့ စီအီးအို
အက်ဒ်ဝုဒ်ဝါဒ်ရဲ့ စွမ်းဆောင်ရည်ကောင်းမှုကြောင့် မန်ယူဟာ နိုက်ကီကို လက်လွှတ်လိုက်ရပေ
မယ့် အက်ဒီး ဒက်စ်က အသင့်ရှိနေခဲ့လို့ ကံကောင်းသွားခဲ့ရပါတယ်။
နိုက်ကီနောက်ဆုတ်သွားခြင်းဟာ မန်ယူအနာဂတ်ကို အလဲထိုးလိုက်သလိုပဲ ဖြစ်ပါတယ်။
အက်ဒီးဒက်စ်ကိုသာ အက်ဒ်ဝုဒ် ၀ါဒ် မစည်းရုံးမကြိုးပမ်းနိုင်ခဲ့ရင် မန်ယူရဲ့ဂုဏ်ဒြပ်ဟာ အတော့်ကို
မှေးမှိန်သွားမှာပဲ ဖြစ်ပါတယ်။ ဒီရလဒ်ကောင်းကြောင့်လည်း အသစ်ရောက်လာတဲ့ မန်နေဂျာသစ်
ဗန်ဟားလ် အနေနဲ့လည်း စိတ်ဓာတ်တက်စရာဖြစ်သွား စေခဲ့ပါတယ်။ စီအီးအိုဖြစ်သူက တစ်ဖက်
မှာ ငွေကြေး အလုံးအရင်း ၀င်လာအောင် စွမ်းဆောင်လိုက်သလို သူရှာဖွေခန့်လိုက်တဲ့ မန်နေဂျာ
သစ်ကလည်း ရည်မှန်းချက်ကြီးသူတစ်ယောက် ဖြစ်လာတဲ့အတွက် မန်ယူရဲ့ စာမျက်သစ်ဟာ
မနှစ်က မိုယက်စ်လက်ထက် ကနဲ့တော့ အပြောင်းလဲကြီး ပြောင်းလဲတိုးတက် လာမယ်လို့
မျှော်လင့်အားထားနေကြပြီဖြစ်ပါတယ်။
မန်ယူကို စတင်ရောက်ရှိတဲ့ နေ့မှာပဲ ဗန်ဟားလ်ဟာ အသင်းထရိန်နင်ကို နှစ်ဆ လုပ်ခြင်းနဲ့
စတင်လိုက် တာကတော့ မန်ယူကစားသမားတွေကို တပ်လှန့် နှိုုးဆော်လိုက်တာပဲဖြစ်ပါတယ်။
မနှစ်ကနဲ့ မတူတဲ့ မန်ယူဖြစ်တဲ့လာဖို့အတွက် ကစား သမားတွေဟာ လေ့ကျင့်မှုတွေ ပြင်းပြင်း
ထန်ထန်လုပ်ရမယ်လို့ အသိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။
"ကျူပ်ရဲ့ရည်မှန်းချက်က နံပါတ် တစ်ဖြစ်ဖို့ပဲ။ နံပါတ်လေးရဖို့ မဟုတ်ပါဘူး။ အဲဒီရလဒ်ထွက်ဖို့က
မန်နေဂျာနဲ့ ကစားသမား အပြန်အလှန်နားလည် လက်ခံနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဆာဖာဂူဆန်ဟာ
ရည်မှန်းချက် ကြီးမားသူတစ်ယောက်ဖြစ်ခဲ့လို့ ဆုဖလား တွေ အများအပြားရသွားတာပါ။ ကျုပ်မှာ
လည်း ခိုင်မာတဲ့ယုံကြည်မှု၊ အယူအဆတွေရှိပါတယ်။ အဲဒီမှာ အရင်ဆုံးကတော့ ကစား သမား
တွေဟာ ကျုပ်ရဲ့ယုံကြည်ယူဆချက်တွေကို နားလည်ထားနိုင်ရပါမယ်။ ကျုပ်က လည်း ကစား
သမားတွေ ဘယ်အတိုင်းအတာအထိ စွမ်းဆောင်နိုင်စွမ်းရှိတယ် ဆိုတာကို သိထားနိုင်ရပါမယ်။
ပြောရရင် ကျုပ်ဘာကြိုက်ပြီး သူတို့ဘာဖြစ်နေတယ်ဆိုတာကို အပြန်အလှန် သိထားကြရပါမယ်။
ကစားသမားနဲ့ မန်နေဂျာကြားမှာ ကလစ်ဆိုတဲ့ဆက်ဆံရေးတစ်ခု အခိုင်အမာရှိထားဖို့ လိုပါ
တယ်''လို့ အသက် ၆၂ နှစ်ရှိ ဒတ်ချ်မန်နေဂျာ ကြီးက သူ့သဘောထားကို ထုတ်ဖော်ပြောကြား
လိုက်ပြီဖြစ်ပါတယ်။ မန်ယူကို(၀ါ) ပရီမီယာ လိဂ်ကို စတင်ရောက်လာသူဖြစ်လင့်ကစား မန်ယူရဲ့
ကစားသမားတွေ အလိုကျလိုက်မယ့် သူမဟုတ်ဘူးကြောင်း ပြောကြားလိုက်တဲ့ စကားပဲဖြစ်ပါ
တယ်။
ဒါက မနှစ်က မိုယက်စ် ရောက်လာပုံနဲ့ ကွာခြားနေမှုပဲဖြစ်ပါတယ်။ မိုယက်စ်တုန်းက ကစား
သမားတွေ ကိုင်နိုင်ဖို့ ဂစ်၊ ဖီးလ်နဗီးလ်တို့လို မန်ယူကစားသမားဟောင်းတွေကို အဆင့်ဆင့်
စီမံစေခြင်းနဲ့ကိုင်တွယ်ပေမယ့် အခုဒတ်ချ်က တော့ ပြတ်သားတဲ့ ရည်မှန်းချက်တစ်ခုနဲ့ ကိုင်
တွယ်မယ့်ပုံမှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။ သူဟာ မန်ယူလိုပဲ အလွန်ကြီးမားတဲ့ ဘာစီလိုနာ၊ ဘိုင်ယန်
မြူးနစ်တို့ကို ကိုင်တွယ်တည်ဆောက်ခဲ့တဲ့ မန်နေဂျာတစ်ယောက် ဖြစ်လေတော့ ယုံကြည်မှုက
တော့ အပြည့်ရှိ နေတာ သေချာနေပါတယ်။
"ကျုပ်ဒီကို ရောက်လာတဲ့ နှစ်ရက်အတွင်းမှာပဲ မန်ယူဟာ ဘယ်လောက် တန်ဖိုးကြီးမားတယ်
ဆိုတာ သိလာရပါတယ်။ ကျုပ်ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ပြောဆို
နေမှာ မဟုတ်ပါဘူး။ သေချာတာက ကျုပ်မှာ ရှိသမျှ စွမ်းရည်တွေနဲ့ အစွမ်းကုန်ကြိုးပမ်း သွား
မယ်ဆိုတာပါပဲ။ အသင်းတစ်သင်းအတွက် မိန်းစပွန်ဆာဟာ ဘယ်လောက် အရေးကြီးတယ်
ဆိုတာကို ကျုပ်နားလည် ထားပါတယ်။ ထိပ်တန်းအသင်းကြီးဖြစ်ဖို့ ဆိုတာ မလွယ်ကူပေမယ့်
ကျုပ်လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ကြရပါမယ်''လို့လည်း ထပ်ဆင့်ပြောဆိုသွားခဲ့ပါတယ်။
မန်ယူကို သူရောက်တဲ့အတောအတွင်းမှာပဲ နိုက်ကီက နုတ်ထွက်လိုက်ပြီး တစ်ပတ်အတွင်းမှာပဲ
အက်ဒီးဒက်စ်က မန်ယူကို စပွန်ဆာပေးခဲ့ တာက သူ့အနေနဲ့ မန်ယူကို ပိုပြီးလေးစားမှု ဖြစ်သွား
စေခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးတော့ နယ်သာလန်အသင်းနဲ့ ဘရာဇီးလ်မှာ ကမ္ဘာ့ ဖလားပွဲ နွှဲနေစဉ်
ကာလအတွင်းမှာ ထုထည်လိုက်ကြီးမားတဲ့ မန်ယူပရိသတ်ဟာ အာရှ ဒေသတင်မဟုတ်ဘဲ
ဘရာဇီးလ်မှာပါ ထုထည် လိုက်ရှိနေတာကို ဗန်ဟားလ်ဟာ သိရှိလာခဲ့ ရပါတယ်။
"ပိုင်ရှင်ရော၊ စီအီးအိုပါ ကျုပ်အပေါ် ယုံကြည်မှုအပြည့်ရှိထားခဲ့ကြပါတယ်။ သူတို့ နဲ့ ဆွေးနွေး
စဉ်ကတည်းက ကျုပ်ရဲ့အယူအဆ ပိုင်းကို ရှင်းပြထားခဲ့ပါတယ်။ သူတို့အနေနဲ့ မန်ယူပရိသတ်
တွေ ကျေနပ်လောက်တဲ့ အောင်မြင်မှုတွေပေးနိုင်မယ်လို့ ယုံကြည်ထားခဲ့ကြတယ်။ ဒါပေမဲ့
ဘောလုံးဆိုတာကတော့ ခန့်မှန်းရခက်တဲ့အရာပါ။ မန်ယူမှာ အတွေ့အကြုံရင့်တဲ့သူတွေ
အများအပြားရှိထားတဲ့အသင်းပါ။ အသက်အရွယ်က အဓိက မဟုတ်ပါဘူး"လို့လည်း
ဆိုခဲ့ပါတယ်။ သူ့ အနေနဲ့ အရင်ဆုံး ဆုံးဖြတ်ရမှာက ဘယ်သူ့ကို အသင်းကပ္ပတိန်အဖြစ်
ပေးမလဲဆိုတာပဲ ဖြစ်ပါတယ်။
အရင်မန်ယူရဲ့ ကပ္ပတိန်လုပ်ခဲ့သူတွေဖြစ်တဲ့ ဗီဒစ်၊ ရိုင်ယန်ဂစ်၊ အီဗရာ၊ ဖာဒီနန်တို့က မန်ယူမှာ
မရှိကြတော့တဲ့အတွက် ကပ္ပတိန်အသစ်ကို ရွေးရတော့မှာ ဖြစ်ပါ တယ်။ ဗန်ပါစီနဲ့ ရွန်နီဘယ်သူ
ကပ္ပတိန် ဖြစ်မလဲ ဆိုတာက မေးခွန်းဖြစ်နေပါတယ်။ "အသင်းတစ်သင်းကို ဦးဆောင်ရမယ့်သူ
ဟာ အရမ်းအရေးကြီးပါ တယ်။
မန်ယူကစားသမားတိုင်းမှာ ဖြစ်ခွင့်ရှိ နေပါတယ်။ ဒီကိစ္စကို အချိန်ယူရမှာပါ။ တချို့ကိစ္စတွေမှာ
အလျင်အမြန်ဆုံးဖြတ် ရတာတွေရှိသလို အခုလို အရေးကြီးတဲ့ ကပ္ပတိန်ရာထူးကိုတော့ အချိန်
ယူရပါမယ်''လို့ ပြောဆိုသွားခဲ့ပါတယ်။ ဗန်ဟားလ်ရဲ့ မန်ယူအသင်းဟာ အတော့် ကို ပြောင်းလဲ
သွားခဲ့ပြီဖြစ်ပါတယ်။ အသင်း မှာ ရိုင်ယန်ဂစ်၊ ဗီဒစ်၊ ဖာဒီနန်၊ အီဗရာတို့လို စီနီယာတွေ မရှိကြ
တော့ပါဘူး။ အထူးသဖြင့် မန်ယူနောက်တန်းကို ဗန်ဟားလ်ဟာ အသစ်တည်ဆောက်ရတော့
မှာ ဖြစ်ပါတယ်။ လောလောဆယ် အသစ်ဝယ်ထားတဲ့သူတွေက နောက်တန်းဘယ်စွန်သမား
လုခ်ရှောနဲ့ ခံစစ် အကူကွင်းလယ်သမား ဟာရဲရားတို့သာ ရှိထား သေးလို့ဗန်ဟားလ်အနေနဲ့
နောက်ထပ်ဖြည့်ဖို့ ရှိနေပါသေးတယ်။ "ကျုပ်အနေနဲ့ ကစားသမား စီမံတဲ့ပုံစံက ရိုးရှင်းပါတယ်။
ကစားသမားရဲ့ လက်ရှိခြေစွမ်းကိုပဲ အခြေခံထားတာပါ။ ဘယ်ကစားသမားဘယ်လောက်ပဲ
ကစားနိုင် တယ်ဆိုတာကိုသိထားပေမယ့် ကျုပ် ဘယ်လောက်လေ့ကျင့်ပေးထားခဲ့ပြီ ဆိုတာ
ကိုပဲ ကျုပ်မသိတာပါ။
ဒါကြောင့် ပထမ သုံးလေး ပတ်အတွင်းမှာ ဘယ်သူဘယ်လောက်လုပ်နိုင်တယ်ဆိုတာကို
လေ့လာရပါမယ်။ ပြီးမှအဝယ်စာရင်းလုပ်ပါမယ်။ လုခ်ရှောနဲ့ ဟာရဲရားက ကျုပ်က ကျေနပ်နှစ်
သက်မှုရှိလို့ ခွင့်ပြု ပေးခဲ့လို့ကြိုပြီး ၀ယ်ထားကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကိုလည်း ကျုပ်ရဲ့
အယူအဆ ယုံကြည်မှုနဲ့ပတ်သက်ပြီး စောင့်ကြည့်ရဦးမှာပါ''လို့ ကစားသမားနေရာပေးမှုနဲ့ ပတ်
သက်ပြီး ပြောပြသွားတာတွေ့ရပါတယ်။
လောလောဆယ်မှာ မန်ယူဟာ လုခ်ရှောနဲ့ ဟာရဲရားတို့နှစ်ဦးကို ပေါင် ၅၆ သန်းသုံးပြီး ၀ယ်ထား
ပြီးဖြစ်ပေမယ့် စီအီးအို အက်ဒ်ဝုဒ်ဝါဒ် က ဗန်ဟားလ်အတွက် ဒီနွေရာသီ ကစားသမား အပြောင်း
အရွှေ့ဈေးကွက်မှာ ဘတ်ဂျက် ကန့်သတ်ချက်မရှိဘဲ လွှတ်ပေးထားတာက ဗန်ဟားလ်အတွက်
စိတ်ကျေနပ်စရာပဲဖြစ် ပါတယ်။
"အောင်မြင်မှုရဖို့အတွက် ဒီရာသီ မှာ ဘတ်ဂျက်ကန့်သတ်ထားတာ မရှိဘူး။ မန်ယူရဲ့ငွေကြေးပိုင်း
ဟာ အတောင့်တင်း ဆုံးမှာ ရှိနေပါတယ်''လို့ အက်ဒ်ဝုဒ်ဝါဒ်က ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။
မန်ယူ ဟာ ယမန်နှစ်ဘောလုံးရာသီက ပရီမီယာလိဂ် မှာ အဆင့် (၇)သာ ရပ်တည်ပြီး ဆိုးဆိုး
ရွားရွား အခြေအနေနဲ့ ကြံုတွေ့ခဲ့ရတာကို ဗန်ဟားလ် အနေနဲ့ ချက်ချင်းထိပ်ဆုံး ပြန်ရောက်နိုင်
အောင် ကြိုးပမ်းရမှာ ဖြစ်တာကြောင့် မန်ယူ ဟာ အသုံးစရိတ်ကို ကန့်သတ်ပေးမထားဘဲ ဖွင့်
ပေးခဲ့တာပဲဖြစ်ပါတယ်။ ဗန်ဟားလ် အနေနဲ့ နောက်ထပ်ကစားသမား သုံးလေး ယောက်လောက်
ကို ဖြည့်တင်းမယ့်ပုံမှာရှိနေပါတယ်။ ဗန်ဟားလ် စိတ်ဝင်စားနေ တဲ့ကစားသမားတွေက ချီလီ
လက်ရွေးစင် တောင်ပံသမား ဗီဒယ်၊ နယ်သာလန်လက်ရွေး စင် နောက်တန်းသမား ဗာရီချ်နဲ့
ဘလင်း၊ ရိုးမားကွင်းလယ်သမား ကီဗင်စတူးမင်းနဲ့ အာဆင်နယ်နောက်တန်းသမား ဗာမေလန်
တို့ပဲဖြစ်ပါတယ်။
လောလောဆယ်မှာ ဗန်ဟားလ်ဟာ ကွင်းလယ်သမား အန်ဒါဆင်နဲ့ ဘီဘီတို့ကို စာချုပ်ဆက်
မချုပ်တော့ဘဲ လက်လွှတ်လိုက် ပြီဖြစ်သလို တိုက်စစ်မှူး ဟာနန်ဒက်ဇ်၊ ဇာဟာ၊ ဖယ်လိုင်နီ၊
စမောလင်း၊ ကလီဘာလေတို့ရဲ့ အနာဂတ်ဟာ မရေရာတဲ့ အနေအထားမှာ ရှိနေသလို ရွန်နေ
ကိုတောင် ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီနဲ့လဲဖို့လုပ်နေတယ်လို့ ဒေးလီးမေးလ်က ဖွနေပြီဖြစ်
ပါတယ်။
မနှစ်က ရွန်နေဟာ မန်ယူကထွက်ဖို့ တောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ မန်ယူက ရွန်နေကို
စာချုပ် ချုပ်ပြီး ထိန်းထားခဲ့ပါတယ်။ အခုတစ်ခါ အသံထွက်လာတာကတော့ ဒေးလီးမေးလ်
ဖွတာပဲဖြစ်မယ် ထင်ပါတယ်။ ဗန်ဟားလ် အနေနဲ့ နယ်သာလန်အသင်းကို ကမ္ဘာ့ဖလားမှာ
ဆီမီးဖိုင်နယ်ရောက်အောင် ပူပူနွေးနွေး စွမ်းဆောင်ပေးထားခြင်းက မန်ယူပရိသတ်တွေအတွက်
တော့ ဗန်ဟားလ်ဟာ လာခြင်း ကောင်းတဲ့ မန်နေဂျာဖြစ်နေပါတယ်။ ဒါပေမဲ့ မန်ယူရဲ့အပြောင်း
အလဲအောက်မှာ ဗန်ဟားလ် အနေနဲ့ တည်ဆောက်ရဦးမယ့် အချိန်ကာလ တစ်ခုတော့ ရှိနေဦး
မယ်ထင်ပါတယ်။
လော လောဆယ်အနေနဲ့ အကဲဖြတ်ဖို့ကတော့ မန်ယူရဲ့ အမေရိကားတိုးခရီးစဉ်ပဲဖြစ်ပါ တယ်။
မန်ယူရဲ့ အမေရိကားတိုးခရီးဟာ အပျော်ခရီးမဟုတ်ဘဲ ဗန်ဟားလ်အတွက် အကောင်းဆုံး
တည်ဆောက်မယ့် ခရီးဖြစ်ပါ တယ်။ ပြိုင်ဘက်တွေက အယ်လ်အေဂလက် ဆီ၊ ရိုးမား၊
အင်တာမီလန်၊ ရီးယဲလ်မက်ဒရစ် တို့နဲ့ဖြစ်လို့ ဒီခရီးစဉ်ဟာ ဗန်ဟားလ်ရဲ့ တည်ဆောက်ခြင်း
အခြေအနေကို စောင့်ကြည့် ရမယ့်ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်မှာ ဘယ်သူတွေနေရာရပြီး
ဘယ်သူတွေခြေစွမ်း ပြမလဲဆိုတာ နားစွင့်ရဦးမှာပါ။ အခြေအနေ တွေက မိုယက်စ်တုန်းကလည်း
မန်ယူ ပရိသတ်တွေဟာ အများကြီး မျှော်လင့်ထား ခဲ့ကြတာပါ။
ဒီတစ်ခါ ဒတ်ချ်တစ်ယောက်နဲ့ ဆိုရင်တော့ မန်ယူဟာ ချန်ပီယံမဖြစ်ဘူး ဆိုရင်တောင် ချန်ပီယံ
လိဂ်ဝင်ခွင့်နေရာကို တော့ ရလာနိုင်မှာ သေချာပါတယ်။ မျှော်လင့် ချက်ကြီးမားပြီး ပြင်ဆင်မှုတွေ
စနစ်တကျ ရှိထားခြင်းက အမေရိကားခရီးစဉ်ကိုပဲ ဦးစွာ နားစွင့်ဖွယ်ရာဖြစ်နေပါရဲ့...။















