၂၀၁၄-၁၅ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်နေ သော အေစီမီလန်သည် အမေရိကား ခြေစမ်း
ခရီးစဉ်တွင် အိုလံပီယာကော့စ်ကို ၃-၀၊ မန် စီးတီးကို ၅-၁ဖြင့် နှစ်ပွဲဆက်တိုက် ဂိုးပြတ် ရှုံးနိမ့်
ခဲ့ခြင်းကြောင့် ဝေဖန်သံ တစ်ပွေ့တစ်ပိုက်ကြီးကို ထွေးပွေ့လိုက်ရပြီ ဖြစ်သည်။
ယခုရာသီကြို အမေရိကား ခြေစမ်းခရီးစဉ် တွင် စီးရီးအေထိပ်သီးအများအပြား သွား ရောက်
ကစားခဲ့ကြရာ အေစီမီလန်သည် ယူရိုငွေ ၃ ဒသမ ၅ သန်း ရရှိသောကြောင့် ရိုးမား၊ အင်တာ
မီလန်တို့ထက် ၀င်ငွေအားဖြင့် ပိုကောင်းခဲ့သလောက် ရလဒ်အားဖြင့် ယင်း နှစ်သင်းထက်
များစွာဆိုးရွားခဲ့သည်။ ရာသီကြို ခြေစမ်းပွဲရလဒ်များသည် အရေးမကြီးဟု ဆိုနိုင်သော်လည်း
နည်းပြသစ် ဖိလစ်ပို အင်ဇာဂီအပေါ် ဖိအားနှင့် ၀န်ထုပ်ဝန်ပိုးတို့ အနည်းနှင့်အများ ကျရောက်
လာနိုင်သည် မဟုတ်ပါလား။
အသက် ၄၀ သာ ရှိသေးသော အင်ဇာဂီ သည် အေစီမီလန် လူငယ်အသင်းနည်းပြ ဘဝက
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ထဲတွင် အေစီမီလန်အသင်းကြီး၏ နည်းပြသစ် ဖြစ်လာ
သည်။
ကစားသမားဘဝ၌ နာမည်ဆိုး ဖြင့် ကျော်ကြားခဲ့သော အင်ဇာဂီသည် သူ နည်းပြဖြစ်လာသော
အခါတွင် အသင်းကို 'ခပ်ကြမ်းကြမ်း' ကိုင်တွယ်မည်ဟု ကြံုးဝါးထား သောကြောင့် အေစီမီလန်
သည် အလှည့်အပြောင်း တစ်ခုဆီသို့ သေချာပေါက် ရွေ့လျား သွားတော့မည် ဖြစ်သည်။
နည်းပြသစ် အင်ဇာဂီက အေစီမီလန်ကို 'ပြိုင်ဘက်ကို ရင်ထဲအသည်းထဲက နိုင်လိုစိတ် ရှိသော
အသင်း'မျိုး ဖြစ်စေလိုသည်ဟု သတင်း စာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆို လိုက်သည်။
အင်ဇာဂီသည် အေစီမီလန်ကစားသမား များ လိုက်နာရမည့် စည်းကမ်းချက်သုံးခုကို ခပ်ပြတ်ပြတ်
ထုတ်ပြန်လိုက်သည်။

ပထမ အချက်မှာ အာဟာရကျွေးမွေးမှုကို တင်းကျပ် လိုက်ပြီး အသေးစိတ်ထုတ်ပြန်မှုများ
ပြုလုပ် လိုက်သည်။ ဒုတိယအချက်မှာ လက်ကိုင်ဖုန်းများ သုံးခွင့်မပြုခြင်းဖြစ်ပြီး တတိယ
အချက်မှာ လေ့ကျင့်ရေးကွင်းကို အချိန်အတိအကျ လာရောက်ဖို့ တင်းကျပ်လိုက်ခြင်း ဖြစ်
သည်။
အီတလီ ဘောလုံးကျွမ်းကျင်သူများက အေစီမီလန် ကြံုတွေ့နေရသော အခက်အခဲ များကို
ဖော်ထုတ်ပြရာတွင် ၀ါရင့်သမ္ဘာရင့် များ၊ အစဉ်အလာရှိသူများ၏ ဦးဆောင်မှု အခန်းကဏ္ဍ
လျော့နည်းနေသည်ဟု ဆိုသည်။ သို့ကလို လျော့နည်းလာခြင်းသည် ၂၀၁၂ ခုနှစ်ကတည်းက
စတင် ဖြစ်ပေါ်ခဲ့ကြောင်း ကျွမ်းကျင်သူများက ထောက်ပြသည်။
ယခင်က အေစီမီလန်ကစားသမားများကို အစဉ်အလာနှင့် ၀ါရင့်သမ္ဘာရင့်သူများ၏ ဦးဆောင်မှု
အခန်းကဏ္ဍများဖြင့် 'ကျားကန်'ပေးထားသည်။ အထူးသဖြင့် အေစီမီလန်အသင်းဂျာစီအကျႌ
၀တ်ဆင်ခွင့်ရသည်မှာ တော်တန်ရုံ အခွင့်အရေးမျိုးမဟုတ်ဘဲ အစဉ် အလာ၊ ဂုဏ်သိက္ခာများဖြင့်
လွှမ်းခြံုထားသည် ဆိုသော 'မာန်'ကို အေစီမီလန်ကစားသမား များအား ထည့်သွင်းပေးထား
သည်။
သို့ရာတွင် ၂၀၁၂ ခုနှစ်ဝန်းကျင်မှ စတင် ကာ ပီယာလို အပါအဝင် အဓိကဘောလုံး သမားများ
ထွက်ခွာသွားကြပြီးနောက် အေစီ မီလန်တွင် ၀ါရင့်သမ္ဘာရင့်များ၏ ဦးဆောင်မှု အခန်းကဏ္ဍ
သည် သိသိသာသာ လျော့ကျ သွားသည်။ ယင်း၏ အကျိုးဆက်မှာ အေစီ မီလန် 'အစဉ်
အလာနှင့် ပုံရိပ်' ကျဆင်းသွား ခြင်းပင် ဖြစ်သည်။
အသစ် ပြောင်းရွှေ့ လာကြသူများကို ထိန်းကျောင်းပေးနိုင်မည့်သူများ လျော့နည်းသွားခြင်းသည်
အဝတ်လဲခန်းတွင် ပြဿနာများဆီသို့ တိုက်ရိုက်ဦးတည်သွားသည်။ သူတစ်လူ၊ ငါတစ်မင်း
ပြဿနာများ၊ အတ္တကို ရှေ့တန်းတင်လာခြင်းများ၊ အသင်းလိုက် ကစားဖော်များနှင့် ထိန်းညှိ
ကစားနိုင်စွမ်း လျော့ကျလာသည့် ပြဿနာများ တစ်ခုပြီး တစ်ခု ဖြစ်ပွားလာသည်။
အင်ဇာဂီသည် အေစီမီလန်ကို သာမန်ပြောင်းလဲခြင်းထက် 'မြေလှန်'ပစ်မည့် အနေ အထားတွင်
ရှိသည်။ နည်းပရိယာယ်ပိုင်းရော၊ ကစားသမားပါ အပြောင်းအလဲ ပြုလုပ်နေ သည်။ အီတလီ
ဘောလုံးကျွမ်းကျင်သူများက ၂၀၁၄ ကမ္ဘာ့ဖလားတွင် ဗိုလ်စွဲခဲ့သော ဂျာမန် အသင်းသည်
အေစီမီလန်နည်းပြ အင်ဇာဂီကို များစွာလွှမ်းမိုးနေသည်ဟု ဆိုသည်။ လတ် တလော အေစီမီ
လန်တွင် ခေတ်စားနေသော စကားလုံးမှာ 'ဂျာမန် ချဉ်းကပ်မှု' (German Approach) ဖြစ်သည်။
ကွင်းလယ်နှင့် တိုက်စစ်ပိုင်း ချိတ်ဆက်ကစားဟန်များတွင် ဂျာမန်အသင်းပုံစံအတိုင်း အမှား
အယွင်း မရှိဘဲ တိကျမှန်ကန်အောင် လေ့ကျင့်ပြင်ဆင် လာပြီဖြစ်သည်။ နည်းပြသစ် အင်ဇာဂီ
လက်ထက်တွင် ကွင်းလယ်နှင့် တိုက်စစ်ကြား ချိတ်ဆက် ကစားပုံများသည် ၂၀၁၄ ကမ္ဘာ့
ဖလားချန်ပီယံ ဂျာမန် အသင်း၏ ကစားဟန်ကို အများဆုံး ရယူပြီး ကျစ်လျစ်အောင် လေ့ကျင့်
ဖွယ်ရှိသည်။
နည်းပြအပြောင်းအလဲ၏ နောက်ဆက်တွဲ အဖြစ် ယမန်နှစ်က ပုံမှန်ခြေစွမ်း အောက်ဘက် တွင်
သာ ရှိခဲ့သော ကာကာ၊ ရော်ဘင်ဟို၊ မာ ထရီ၊ ဘာဆာ၊ နိုဆာရီနို၊ ဆဲလ်ဗက်စတြာတို့ အသင်း
ပြောင်းသွားကြသည်။
ပြီးခဲ့သောရာသီတစ်လျှောက်လုံး တည်ငြိမ်မှုနည်းပါး ခဲ့သော အေစီမီလန်ခံစစ်ကြောင်းအတွက်
အငှားလာရောက်ကစားခဲ့သော ဗလင်စီယာနောက်ခံလူ အဒီလ်ရာမီကို အပြီးသတ်ခေါ်ယူလိုက်
ပြီး အသစ်ရောက်လာသော ဘရာဇီးလ်နောက်ခံလူ အဲလက်စ်နှင့်တွဲကာ 'ဗဟိုခံစစ် အထိုင်'
ချကာ ၀ါရင့်နောက်ခံလူများ ဖြစ်သော မက်ဆက်စ်၊ ဘိုနီရာတို့ဖြင့် ရံထားလိုက်သည်။
ကွင်းလယ်တွင် လူငယ်ခြေတက် ဆာပို ရာနာကို ဒီဂျောင်း၊ အင်ဒရီယာပိုလီတို့နှင့် တွဲသုံးဖွယ်
ရှိသည်။ တစ်ဖန် တိုက်စစ်တွင် အသစ် ရောက်လာသော ကစားကွက်ဖန်တီး ရှင် ဂျာရီမီ
မန်နက်ဇ်ကို အဲလ်ရှော်ရေး- ဘာလိုတယ်လီတို့ဖြင့် တွဲဖက်အထိုင်ချစေ ပြီး ဘာလိုတယ်လီကို
ယမန်နှစ်ကထက် ပိုမို ပံ့ပိုးပေးနိုင်အောင် ပြင်ဆင်ထားသည်။ နည်းပြသစ် အင်ဇာဂီအနေဖြင့်
ရာသီကြို ခြေစမ်းပွဲများတွင် ၄-၃-၃၊ ၄-၄-၂ နှင့် ၄-၂-၃-၁ ကစားကွက် သုံးခုကို လေ့ကျင့်စမ်း
သပ်သွား မည်ဖြစ်ပြီး ထွက်ပေါ်လာ သော စွမ်းဆောင်ရည်နှင့် ရလဒ်တို့ပေါ်တွင် မူတည်ကာ
နည်းဗျူဟာ ချမှတ်သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။
သို့ရာတွင် အင်ဇာဂီ စိတ်အားထက်သန် နေသည့် ကစားကွက်မှာ တိုက်စစ် 'ဇောင်း'ပေးသော
၄-၃-၃ ဖြစ်သည်။ ၀ါရင့်တိုက်စစ်မှူး ပါဇီနီနှင့် ဘာလိုတယ်လီ တိုက်စစ်တွဲကို 'တည်' ပြီး
တောင်ပံနှစ်ဖက်တွင် အင်ဒရီယာပိုလီ၊ အဲလ်ရှော်ရေးနှင့် မီနက်ဇ်တို့ကို ဖြန့်ကြက်နေရာချထား
မည့် အနေ အထားတွင် ရှိသည်။
နည်းပြသစ် အင်ဇာဂီက လာမည့် ရာသီတွင် အေစီမီလန်ကို စိတ်ဓာတ်နှင့် လူငယ်အင်အားကို
အဓိက'ရိုက်သွင်း'သွားမည်ဟု ထုတ်ဖော် ပြောဆိုထားသည်။ ရာသီကြို ခြေစမ်းပွဲများတွင်
အေစီမီလန်သည် လူငယ်အသင်း၌ လေ့ကျင့်ပျိုးထောင်ပေးထားသော ကစားသမားသစ်အတော်
များများကို 'ဆွဲသွင်း' ကစားသွားသည်ကို တွေ့ရသည်။ သို့ရာတွင် ပြီးခဲ့သော ရာသီများအတွင်း
အေစီမီလန်၌ ပျောက်ဆုံးနေသော ၀ါရင့်သမ္ဘာရင့် ကစားသမားများ၏ ဦးဆောင်မှု အခန်းကဏ္ဍ
ကို ပြန်လည်မြှင့်တင်နိုင်ဖို့ ဆိုသည်မှာ နည်းပြသစ် အင်ဇာဂီကို အဓိက စိန်ခေါ်မှု ဖြစ်လာဖွယ်
ရှိသည်။
တစ်ဖက်က လည်း အောင်မြင်မှုစိတ်ဓာတ်ကို 'ရိုက်သွင်း' ပေးကာ လူငယ်ခြေတက်များကို
ဦးစားပေး မည်ဟု ဆိုထားသောကြောင့် ဆန့်ကျင်ဘက် ၀ိရောဓိများကို နည်းပြသစ်အင်ဇာဂီ
မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည် မဟုတ်ပါလား။















