ကစားသမားရှားပါးမှုသည် အခက်အခဲ တစ်ခုဖြစ်ကြောင်း ကုမာဒါပြောကြား

ကစားသမားရှားပါးမှုသည် အခက်အခဲ တစ်ခုဖြစ်ကြောင်း ကုမာဒါပြောကြား

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏နည်းပြချုပ်ကုမာဒါက မြန်မာနိုင်ငံတွင် မျိုးဆက်သစ်
ကစားသမား ရှားပါးမှုကြောင့် လက်ရွေးစင်အသင်းအတွက် အခက်ကြံုရ ကြောင်း ပြီးခဲ့သည့်
ဇူလိုင်လ ၂၇ ရက်နေ့က သုဝဏ္ဏဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော မြန်မာအသင်းနှင့်
ထိုင်းအသင်းတို့၏ ခြေစမ်းပွဲအပြီးတွင် ပြောကြားခဲ့သည်။

ကုမာဒါက "ကျွန်တော်တို့ အမျိုးသမီးလက်ရွေးစင်အသင်းအတွက် မျိုးဆက်သစ်ကစားသမား
ရှားပါးမှုကြောင့် အခက်အခဲတွေ ကြံုရပါတယ်။ လက်ရှိအသင်းရဲ့ အမာခံ ကစားသမားတွေက
အသက်အရွယ်အရ အကျပိုင်းကို ရောက်လာပေမယ့် သူတို့နေရာ ကို အစားထိုးနိုင်မယ့် မျိုး
ဆက်သစ်ကစား သမားတွေ မရှိပါဘူး။ အသင်းရဲ့ လက်ရှိ အရန် ကစားသမားတွေကလည်း
အလားအလာရှိတဲ့ ကစားသမားတွေဆိုပေမယ့် အဓိက ကစား သမားတွေရဲ့နေရာကို မဝင်နိုင်
သေးပါဘူး"ဟု ပြောသည်။

ကုမာဒါက မြန်မာနိုင်ငံတွင် မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်ရန်အတွက် အမျိုးသမီး
လိဂ်ပြိုင်ပွဲနှင့် သက်တမ်း အလိုက် ပြည်တွင်းပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် လိုအပ်ကြောင်းပြော
သည်။

မကျင်းပဖြစ်တော့သည့် 2014 AFF Women Championship နှင့် ပြိုင်ပွဲနှင့် ပတ်သက် ၍
မြန်မာအသင်းအုပ်ချုပ်သူဒေါ်မြတ်မြတ်ဦး က "ကျွန်မတို့က ဒီပြိုင်ပွဲကို ၀င်ပြိုင်ဖို့ အဆင်သင့်
ပါပဲ။ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပမယ့် နိုင်ငံမရှိတာကြောင့် ပြိုင်ပွဲကို ဖျက်ခဲ့ရတာပါ။နိုင်ငံ
တကာ အမျိုးသမီးပြိုင်ပွဲတွေကို ကျင်းပ ပြုလုပ်ရင် အိမ်ရှင်နိုင်ငံတွေက အများကြီး အရှုံးပေါ်
ပါတယ်။ အရှုံးခံနိုင်မယ့် အိမ်ရှင် နိုင်ငံမရှိတာကြောင့် ပြိုင်ပွဲကို မကျင်းပဖြစ်တော့ တာပါ"ဟု
ပြောသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် တရုတ်နိုင်ငံတွင် ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲ
များတွင် ပေကျင်းလက်ရွေးစင်အသင်းကို ၄-၂ ဂိုးဖြင့်လည်းကောင်း၊ တရုတ်လက်ရွေးစင်
ယူ-၂၀ အသင်းကို ၄-၁ ဂိုးဖြင့် လည်းကောင်းရှုံးနိမ့်ခဲ့ပြီး ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းကို
တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး