အားကစားဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်
ဖွင့်လှစ် သည့် ကျောင်းသားလူငယ်တင်းနစ်ဖွံ့ဖြိုးရေးသင်တန်းကို ပြီးခဲ့သည့် ဩဂုတ်လ (၄)ရက်မှ (၁၀)ရက်နေ့အထိ နေပြည်တော်၊ပျဉ်းမနားမြို့တွင်ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါသင်တန်းကျောင်းကို မျိုးဆက်သစ်တင်းနစ်ကစားသမားများ ပေါ်ထွက်လာစေရေးအတွက်
ရည်ရွယ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး နေပြည်တော်၊ပျဉ်းမနားရှိကျောင်း(၄)ကျောင်းမှ ကာယဆရာ၊
ဆရာမ (၆)ဦးနှင့်ကျောင်းသား၊ကျောင်းသူဦးရေ (၄၀၈)ဦးကို သင်ကြားပို့ချခဲ့ပြီး မြန်မာနိုင်ငံတင်းနစ်
အဖွဲ့ချုပ်မှ တင်းနစ်ရိုက်တံ(၂၀)ချောင်း၊ ဘောလုံး (၁၀၀)လုံး၊ mini net (၂)ခုတို့အားပေးအပ်
ခဲ့သည်။
"ကျောင်းသားလူငယ်များဟာ တင်းနစ်အခြေခံနည်းစနစ်ကိုသိရှိနားလည်ရပါမယ်။တင်းနစ်အား
ကစားနည်းဟာရေရှည်စီမံကိန်း ဖြစ်တာကြောင့် စိတ်ပါ၀င်စားစွာနဲ့ နေ့စဉ်လေ့ကျင့်ဆောင်ရွက်
သွားရမှာ ဖြစ်ပါ တယ်။ပထမအဆင့်အနေနဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ် ကိုယ်စားပြု ကျောင်းသား
လက်ရွေးစင် ကစားသမား၊ ဒုတိယအဆင့်အနေနဲ့ တက္ကသိုလ် လက်ရွေးစင် ကစားသမား၊
တတိယအဆင့်အနေနဲ့ တိုင်းဒေသကြီး နှင့်ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ကစားသမားများ
ဖြစ်အောင် အဆင့်ဆင့်ကြိုးစားသွားရမှာဖြစ်ပြီး နောက်ဆုံး အဆင့်မှာ နိုင်ငံကိုယ်စားပြု လက်ရွေး
စင် ကစားသမားများဖြစ်အောင် ကြိုးစားသွားရမှာ ဖြစ်ပါတယ်"ဟု အားကစားဝန်ကြီးဌာန
ဒုတိယဝန်ကြီးဦးဇော်ဝင်းကပြောသည်။
မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်၏ရေရှည်စီမံကိန်းအဖြစ်လူငယ်တင်းနစ်ဖွံ့ဖြိုးရေးအစီအစဉ်ကို
တိုင်းဒေ သကြီးနှင့်ပြည်နယ်အတွင်းရှိ မြို့ပေါင်း (၅၉)မြို့ရှိကျောင်းသားလူငယ်များကို အခြေခံ
တင်းနစ်အားကစား နည်း သင်ကြားပို့ချရေးအစီအစဉ်ကို စနစ်တကျ အကောင်အထည်ဖော်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
"တင်းနစ်အားကစားနည်းရဲ့ပင်မသွေးကြောဖြစ်တဲ့ မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်
လာစေဖို့ ကြိုးစားသွားမှာပါ။ မျိုးဆက်သစ်ကစားသမားတွေ အတွက် သင်တန်းပို့ချရုံတင်မကပဲ
အသက် (၈)နှစ်၊ (၁၀)နှစ်၊ (၁၂)နှစ် ပြိုင်ပွဲများစွာကို စီစဉ်ကျင်းပသွားမှာပါ"ဟုလူငယ်တင်းနစ်
ဖွံ့ဖြိုးရေးအစီအစဉ်စီမံကြီးကြပ်သူဦးတိုး မင်းကျော်က ပြောသည်။
" ဒီလိုသင်တန်းများ သင်ကြားပို့ချပေးခြင်းကြောင့် တင်းနစ်အားကစားနည်းဟာ ဆီးဂိမ်းပြိုင်ပွဲ
တွေမှာ တွင် ဆုတံဆိပ်များရယူနိုင်တဲ့အားကစားနည်းဖြစ်လယအောင် ရေရှည်စီမံကိန်းတစ်ရပ်
အနေဖြင့် ဆောင်ရွက် သွား မှာပါ၊ဒါ့အပြင်ထူးချွန်တဲ့ လူငယ်လက်ရွေးစင်တင်းနစ်ကစားသမား
တွေကို နိုင်ငံတကာပြိုင်ပွဲအ တွေ့အကြံု တွေရရှိအောင် International Junior ပြိုင်ပွဲတွေကို
၀င်ရောက်ယှဉ်ပြိုင်ခိုင်းပြီး အနာဂတ်မှာနိုင်ငံတကာ ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်နိုင်တဲ့
Professional ကစားသမားကောင်းတွေ ဖြစ်လာအောင်ပျိုးထောင် သွားမှာပါ"ဟုလည်း ၄င်းက
ရှင်းပြသည်။















