အပြောင်းအလဲများနှင့် တွေ့မြင်ရမည့် နာပိုလီ

အပြောင်းအလဲများနှင့် တွေ့မြင်ရမည့် နာပိုလီ

၂၀၁၄-၁၅ ရာသီအကြို ပြင်ဆင်နေကြသော စီးရီးအေ ထိပ်တန်းအသင်းကြီးများအနက်
အပြောင်းအလဲ အနည်းဆုံးဖြစ်သော နာပိုလီ ကို လာမည့်ရာသီတွင် အဓိက စောင့်ကြည့်
ရမည့်အသင်းဟု အီတလီ မီဒီယာအချို့က ဖော်ပြကြသည်။

သို့ရာတွင် နာပိုလီ နည်းပြ ဘင်နီတက်ဇ်ကမူ သူ၏အသင်းသည် ဂျူဗင် တပ်၊ ရိုးမားနှင့် အင်တာ
မီလန်တို့လို စကူဒက်တိုချန်ပီယံဆုအတွက် ရေပန်းစားသော အသင်း မဟုတ်ကြောင်း ထုတ်ဖော်
ပြောဆို ကာ ကျရောက်လာမည့် 'ဖိအားနှင့်မျှော်လင့်ချက်'များကို လျှော့ချပစ်လိုက်သည်။

ရာသီသစ်အတွက် ပြင်ဆင်ရာတွင် နာပိုလီသည် စီးရီးအေထိပ်သီးများအနက် ကစားသမား
သစ်ခေါ်ယူမှု အနည်းဆုံး ဖြစ် သလို ဂိုးသမားရေနာမှလွဲ၍ ပြီးခဲ့သောရာသီ ၌ ခြေစွမ်းပြခဲ့သူ
အားလုံးနီးပါးကို အသင်း တွင် ဆက်ထိန်းထားနိုင်ခဲ့သည်။ ယမန်နှစ်က အငှားချထားသော
ချီလီလက်ရွေးစင် တိုက်စစ်မှူး အဒူရာဒို ဗားဂတ်စ်(၂၄ နှစ်)နှင့် ဥရုဂွေးလက်ရွေးစင် ကွင်းလယ်လူ
ဂါဂါနို (၃၀ နှစ်)တို့ကို ပြန်လည်ခေါ်ယူခဲ့သည်။

တစ်ဖန် ဆွမ်ဆီးအသင်းမှ စပိန်ကွင်းလယ် ကစားသမား မီချူး (၂၈ နှစ်)ကို အငှားဖြင့် ခေါ်ယူ
လိုက်သည်။ တစ်ဖက်တွင် အသင်း ဖော်အချို့နှင့် အဆင်မပြေဖြစ်နေ သော ဆွစ်ဇာလန်လက်
ရွေးစင် ကွင်းလယ်လူ ဘဟာမီ (၂၉ နှစ်)ကို အသင်းပြောင်းခွင့်ပြုလိုက်သည်။

ခြံုကြည့်လျှင် နာပိုလီနည်းပြ ဘင်နီတက်ဇ်သည် ကွင်းလယ်ကို 'ခပ်ပါးပါး' အပြောင်းအလဲသာ
ပြုလုပ်ပြီး အသင်းတောင့်တင်းသွားအောင် အားဖြည့်မှုကို သာ အဓိက ပြုလုပ် ခဲ့တာကို တွေ့
ရသည်။

စပိန်ကွင်းလယ်ကစားသမား မီချူးကို ခေါ်ယူလိုက်ပြီးနောက် စပိန်ဘောလုံးလောက နှင့် ဆက်နွှယ်
ပတ်သက်သော ဘောလုံး သမားများဖြင့် အသင်းကို 'အထိုင်ချ'လာဖွယ် ရှိသည်။

လက်ရှိ နာပိုလီတွင် ဘင်နီတက်ဇ် အပါအဝင် ဟီဂူအင်၊ မီချူး၊ ရာအူးလ် အဲလ်ဘီယော၊ ဟိုဆေး
ကယ်လီဂျွန်တို့သည် စပိန် ဘောလုံးလောကမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။

တစ်ဖန် ရီးယဲလ်မက်ဒရစ် နောက်ခံလူများ ဖြစ်ကြသော အာဘီလိုအာ၊ ပီပီတို့ကို ခေါ်ယူမည့်
သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ခြံုကြည့်လျှင် နာပိုလီသည် စပိန်ဘောလုံးလောကနှင့်
ဆက်နွှယ်သူ များကို အသင်းအတွက် အုတ်မြစ်ကစားသမားများအဖြစ် အသုံးပြုဖွယ်ရှိသည်။

တစ်ဖန် လာမည့်ရာသီတွင် နာပိုလီသည် တိုက်စစ်ကို ပိုမိုဦးစားပေးကာ စပိန်ကစားဟန်
(Spanish style of play) ဘက်သို့ ကူးပြောင်း နိုင်သည်ဟု ထင်ကြေးပေးကြသည်။

သို့ကလို ထင်ကြေးပေးခံရခြင်းမှာ ပြီးခဲ့သောရာသီက နာပိုလီ၏ ခံစစ်ပိတ်ဆို့ကစားဟန်အပေါ်
ဝေဖန်၊ ဖိအားပေးခြင်းနှင့်လည်း တစ်စိတ် တစ်ဒေသ သက်ဆိုင်နေသည်။ စီးရီးအေ ထိပ်တန်း
အသင်းကြီးများအနက် နာပိုလီကွင်းလယ်သည် အသက်ကြီး ကစား သမား ပါ၀င်မှုနှုန်း အများ
ဆုံး ဖြစ်သည်။

ကျွမ်းကျင်သူ များက ထိုအချက်ကို နာပိုလီ၏ 'ပျော့ကွက်' အဖြစ် ထောက်ပြကြ သည်။ နာပိုလီ
တွင် အသက်ကြီး ကစား သမားပါ၀င်မှုများပြား ပြီး အထူးသဖြင့် ကွင်းလယ်တွင် လူဟောင်း တွေ
က အများဆုံး နေရာယူထားသောကြောင့် လူငယ်ခြေတက်များအတွက် အခွင့်အလမ်းနည်းပါး
သည်။

တစ်ဖန် လူဟောင်း တွေ များသောကြောင့် နာပိုလီသည် ဒုတိယ ပိုင်းများတွင် ကစားအား၊
ပြေးအား၊ ရွေ့လျား အားများ ကျဆင်းလာကာ ခံစစ်ဘက် အားပြု ပြီး ပိတ်ဆို့ကစားသော
အသင်း ဖြစ်သွားတတ် ကြောင်း ကျွမ်းကျင်သူများ ထောက်ပြကြ သည်။

သို့ရာတွင် ထိုအချက်ကို နာပိုလီနည်းပြ ဘင်နီတက်ဇ်က လက်မခံဘဲ ပြီးခဲ့သောရာသီ က
နာပိုလီသည် ၁၀၄ ဂိုး သွင်းယူနိုင်ခဲ့သော ကြောင့် ထိုကဲ့သို့ အသင်းမျိုးကို ခံစစ်အသင်း ဟု
ပြောနိုင်ပါမည်လောဟု ကိန်းဂဏန်းများ ကို ထောက်ပြကာ ပြန်လည်ခုခံချေပလိုက် သည်။

နာပိုလီခံစစ်ကြောင်းတွင် အပြောင်းအလဲများရှိသည်။ ယမန်နှစ်က ခြေစွမ်းမပြနိုင်ခဲ့သော
အသင်းခေါင်းဆောင်ဟောင်း ပေါ်လိုကင်နဗာရိုကို အသင်းပြောင်းခွင့်ပြုလိုက်ပြီး ဂျန့်အသင်းမှ
ပြင်သစ်လက်ရွေးစင် နောက်ခံလူ ကာလီဘာလီ (၂၃ နှစ်)ကို ခေါ်ယူ လိုက်သည်။

ကာလီဘာလီ ရောက်လာခြင်းကြောင့် နာပိုလီခံစစ်ကြောင်းသည် ယမန်နှစ် ကထက် ပိုမို
တောင့်တင်းကာ ပြေးအား၊ ရွေ့လျားမှု၊ ပါ၀ါများ တိုးတက်လာမယ်ဟု ကျွမ်းကျင်သူများက
ခန့်မှန်းထားကြသည်။ ရာသီကြိုခြေစမ်းပွဲ၌ နာပိုလီသည် ဘာစီလို နာ ကို ၁-၀ ဖြင့်နိုင်ခဲ့ရာတွင်
ခံစစ်ကစားပုံများ တိုးတက်မှုရှိလာသဖြင့် ကျွမ်းကျင်သူများက ယခုလို ခန့်မှန်းလိုက်ခြင်း ဖြစ်ဖွယ်
ရှိသည်။

နာပိုလီနည်းပြ ဘင်နီတက်ဇ်နှင့် အီတလီ ဘောလုံးကျွမ်းကျင်သူအချို့၏ ပြောဆိုချက် များအရ
နာပိုလီသည် အဓိကပြဿနာနှစ်ခုဖြင့် လုံးချာလိုက်နေကြောင်း သိရသည်။ ပထမအချက်မှာ
၂၀၁၄ ကမ္ဘာ့ဖလားတွင် ပါ၀င်ခဲ့သော နာပိုလီ ကစားသမားများသည် ကလပ်အသင်းတွင်
လေ့ကျင့်ခန်းပြန်ဆင်းရက် နောက်ကျနေ ခြင်း ဖြစ်သည်။

၂၀၁၄ ကမ္ဘာ့ ဖလားတွင် မပါ၀င်ခဲ့သူများသည် အစောပိုင်းက တည်းက သတ်မှတ်ရက်အတိုင်း
နာပိုလီတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်သည်။ သို့ရာ တွင် ၂၀၁၄ ကမ္ဘာ့ဖလားတွင် ပါ၀င်
ခဲ့ကြသော ဟီဂူအင်၊ ဖာနန်ဒက်ဇ်၊ ဗားဂတ်စ်၊ ဂိုခန်အင်လာ၊ ဇီမေးလီ၊ ဂါဂါနို၊ အစရှိသူများမှာ
နောက်ကျပြီးမှ ရောက်လာကြ၍ ၎င်းတို့သည် ပွဲအမီ ကိုယ်ခန္ဓာကြံ့ခိုင်မှု အကောင်းဆုံး အနေ
အထားကို ရနိုင်ပါ့မလားဆိုသည်မှာ နည်းပြဘင်နီတက်ဇ်အဖို့ စိုးရိမ်ပူပန်စရာ ဖြစ်နေသည်။

အထူးသဖြင့် နာပိုလီသည် ချန်ပီယံလိဂ် သူ့မြေ ကိုယ့်မြေ ရှုံးထွက်ပွဲစဉ်များအဖြစ် ဘီလ်ဘာအိုနှင့်
ဩဂုတ်လ ၁၉ နှင့် ၂၇ ရက် များတွင် ရင်ဆိုင်ရမည် ဖြစ်သောကြောင့် ပွဲကျပ်နေသည်။

သို့ကလိုကြောင့် လေ့ကျင့်ခန်းဆင်း နောက်ကျနေသော ကစားသမား များ၏ ဩဂုတ်လ ၁၉ ရက်
အမီ ကြံ့ခိုင်မှု ပြည့်ဝရေးသည် နည်းပြဘင်နီတက်ဇ် 'ခေါင်းကိုက်'နေရသော လတ်တလောပြဿ
နာ ဖြစ်သည်။

ဒုတိယအချက်မှာ နာပိုလီအသင်းခေါင်းဆောင် ဟမ်ဆစ်သည် လာမည့်ရာသီတွင် ပုံမှန်ခြေစွမ်းမျိုး
ပြန်လည်ထွက်ပေါ်လာနိုင် ရေး ဖြစ်သည်။ ကွင်းလယ်တိုက်စစ်သမားအဖြစ် နာပိုလီ တိုက်စစ်ကို
အဓိက ပုံဖော်ပေးသော ဟမ်ဆစ် သည် ပြီးခဲ့သောရာသီတွင် ခြေစွမ်းပျောက်ဆုံး နေပြီး ဒဏ်ရာ
များဖြင့်သာ လုံးချာလိုက်ခဲ့ရ သည်။ ငါးလခန့် ဂိုးမိုးခေါင်ခဲ့သည်။ တမြန်နှစ် က ဥရုဂွေးတိုက်စစ်မှူး
ကာဗာနီ ရှိစဉ်၌ ကာဗာနီ-ဟမ်ဆစ် တိုက်စစ်တွဲသည် စီးရီးအေ တွင် ကြောက်စရာအကောင်းဆုံး
နှင့် အထက် မြက်ဆုံးတိုက်စစ်တွဲအဖြစ် ကျော်ကြားခဲ့ သည်။

ပြီးခဲ့သော ရာသီတွင်မူ ကာဗာနီအသင်းပြောင်းသွားပြီးနောက် ဟမ်ဆစ်လည်း ဖိအား များလာရုံ
တင်မက ခြေစွမ်းပါပျောက်ဆုံးပြီး ရက်ရှည်ဒဏ်ရာရခဲ့သောကြောင့် နာပိုလီ၏ တိုက်စစ်ထက်မြက်
မှု ပျောက်ဆုံးခဲ့ရသည်။

အကျိုးဆက်မှာ နည်းပြဘင်နီတက်ဇ်၏ ပထမဆုံးရာသီတွင် နာပိုလီသည် ခံစစ်ကစား သော
အသင်းအဖြစ် ဝေဖန်ခံခဲ့ရသည်။ အမှန်တကယ်တွင် ယမန်နှစ်က နည်းပြသစ် ဘင်နီတက်ဇ်သည်
ကာဗာနီ ပြောင်းသွားပြီး အာဂျင်တီးနားတိုက်စစ်မှူး ဟီဂူအင်နှင့် စပိန်တောင်ပံတိုက်စစ်မှူး ဟိုဆေး
ကယ်လီဂျွန်တို့ ရောက်လာသောကြောင့် တိုက်စစ်အထိုင်ကို 'ပြန်ပြင်'နေချိန် တွင် အားထားရသော
ကွင်းလယ်တိုက်စစ် သမား ဟမ်ဆစ်က ခြေစွမ်းပျောက်ဆုံးကာ ဒဏ်ရာများဖြင့် ရုန်းကန်နေရ
သောကြောင့် တည်ငြိမ်ထက်မြက်သော တိုက်စစ်အင်အားစု ကို တည်ဆောက်နိုင်ခြင်း
မရှိတော့ပေ။

လာမည့်ရာသီတွင်မူ ဟမ်ဆစ်သည် ကာဗာနီရှိစဉ်က ခြေစွမ်းမျိုး ပြန်လည်ရရှိမည်ဟု မျှော်လင့်
ထားကြသည်။ ဟမ်ဆစ်ကိုယ်တိုင်က သို့ကလိုခြေစွမ်းမျိုး ပြန်လည်ရရှိရန် အလွန်အာရုံစိုက်နေ
ကြောင်း ပြောဆို သည်။

ဟမ်ဆစ်သည် နာပိုလီတိုက်စစ်ကို ပုံဖော်နိုင်သလို ဦးဆောင် မောင်းနှင်နိုင်သောကြောင့် ၎င်းသာ
တမြန်နှစ်က ခြေစွမ်းမျိုး ပြန်လည်ရရှိပါက နာပိုလီတိုက်စစ်သည် မထင်မှတ်ဘဲ ထက်မြက်ပြီး ပြိုင်ဘက်တိုင်းအတွက် ကြောက်စရာကောင်းသောအသင်း ဖြစ်လာနိုင်သည်။

နည်းပြ ဘင်နီတက်ဇ်သည် တိုက်စစ်အင်အား ဖြည့်တင်းမှုအနေဖြင့် တောင်ပံ တိုက်စစ်နှင့်
တိုက်စစ်မှူး နှစ်နေရာစလုံး ကစား နိုင်သော ချီလီလက်ရွေးစင် အဒူရာဒို ဗားဂတ်စ် ကို ပြန်လည်
ခေါ်ယူလိုက်သည်။

ခြေစမ်းပွဲတွင် ဗားဂတ်စ်သည် တောင်ပံတိုက်စစ်မှ ဖောက်ထွက်ပြီး ကွင်းလယ်ထဲသို့ 'ချိုးဝင်'
ရာတွင် သေသပ်ပြီး ထိရောက်စွာ ကစားနိုင်ခဲ့ သည်။ သို့ရာတွင် ကျဉ်းတည်းကျပ်တည်း ရောက်
နေချိန်၌ ၎င်းကို တောင်ပံခံစစ်သမား တစ်ယောက်က ကူညီပံ့ပိုးပေးနိုင်ဖို့ လိုအပ် သည်ဟု
နည်းပြဘင်နီတက်ဇ်က သုံးသပ်ထား သည်။

သို့ကလိုကြောင့် နာပိုလီသည်ဗားဂတ်စ် နှင့် တွဲသုံးနိုင်မည့် တောင်ပံခံစစ်သမား တစ်ယောက်ကို
ခေါ်ယူဖွယ်ရှိသည်။ ခြံုကြည့်လျှင် နည်းပြဘင်နီတက်ဇ်၏ ပထမဆုံးနှစ်ဖြစ်သော ၂၀၁၃-၁၄ ရာသီ
တွင် နာပိုလီသည် ကိုပါအီတာလျံ ရှုံးထွက် ဖလားတွင် ဗိုလ်စွဲခဲ့ပြီး စီးရီးအေ၌ တတိယ ရခဲ့သော
ကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရခဲ့သည်။ သို့ကလိုကြောင့် နည်းပြဘင်နီ တက်ဇ်သည် ကစား
သမားများနှင့် ပရိသတ် များ၏ ယုံကြည်အားကိုးမှုကို ရရှိခဲ့သည်။ လာမည့်ရာသီတွင်လည်း နာ
ပိုလီသည် ယမန် နှစ်က ခြေစွမ်း၏အောက်ဘက်သို့ ရောက်သွားနိုင်ခြေ နည်းပါးသည်ဟု
ကောက်ချက်ဆွဲမိသည်။

သို့ရာတွင် ဘီလ်ဘာအိုနှင့်ကစားမည့် ချန်ပီယံ လိဂ်ရှုံးထွက် ပွဲစဉ်များသည် နာပိုလီအတွက်
အရေးပါသော အလှည့်အပြောင်းများ ဖြစ်လာနိုင်သည် မဟုတ်ပါလား။



ဖတ်ရှုမှုအများဆုံး