ချန်ပီယံလိဂ်မျှော်လင့်ချက်များနှင့် ဘီလ်ဘာအို

ချန်ပီယံလိဂ်မျှော်လင့်ချက်များနှင့် ဘီလ်ဘာအို

ပြီးခဲ့တဲ့ရာသီ လာလီဂါမှ ချန်ပီယံလိဂ်ကစား ခွင့်ရတဲ့ လေးသင်းထဲမှာ စိတ်ဝင်စားစရာ
ကောင်းတဲ့ အသင်းတစ်သင်းပါလာပါတယ်။ အသင်းကြီးသုံးသင်း၊ ထိပ်ဆုံးသုံးနေရာကို
အပိုင်ယူထားတဲ့အချိန်မှာ ချန်ပီယံလိဂ် ၀င်ခွင့်တစ်နေရာအတွက် ခြေစစ်ပွဲကစပြီး ကစား
ရမယ့် အဆင့်(၄) နေရာရဖို့ဆိုတာ ကျန်တဲ့ ၁၇ သင်းအတွက် အရေးကြီးဆုံး ဖြစ်လာခဲ့တယ်။

ပြီးခဲ့တဲ့ရာသီကတော့ ဘီလ်ဘာအိုဟာ အဲဒီနေရာကို အရယူပြနိုင်ခဲ့ တယ်။ ကျန် ၁၇ သင်းထဲ
မှာတော့ ဘီလ်ဘာအို အသင်းဟာ ဒီအဆင့်(၄) နေရာကိုရလိုက်တာဟာ ချန်ပီယံဆုတစ်ဆု
ကို ရလိုက်တာနဲ့မခြားပါဘူး။ ဘီလ်ဘာအိုအတွက် ဂုဏ်ယူစရာ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ချန်ပီယံလိဂ်ခြေစစ်ပွဲအတွက် ပွဲစဉ်တွေထွက်လာတဲ့အခါမှာတော့ ဘီလ် ဘာအိုရဲ့
ချန်ပီယံလိဂ်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ခက်ခက် ခဲခဲကို ကြိုးစား
ရုန်းကန်ရတော့မယ့် အခြေ အနေမျိုးနဲ့ ကြံုခဲ့ရတယ်။ ဘီလ်ဘာအိုရဲ့ခြေစစ်ပွဲပြိုင်ဘက်က
နာပိုလီ ဖြစ်နေတယ်။

နည်းပြဘင်နီတက်ဇ်လို လာလီဂါ၀ါရင့်နည်းပြ တစ်ဦး ကိုင်တွယ်နေတဲ့အသင်းလည်း ဖြစ်နေ
ပြန်တယ်။ ဒီတော့ ဘီလ်ဘာအိုရဲ့ ချန်ပီယံလိဂ် အိပ်မက်တွေကအခန့်မသင့်ရင် ဒီနေရာမှာပဲ
အဆုံးသတ်သွားတော့မလား စောင့်ကြည့် ချင်စရာဖြစ်လာတယ်။ ဘီလ်ဘာအိုနည်းပြ ဗယ်လ်
ဗာဒီကတော့ သူတို့အသင်းဟာ ဘင်နီတက်ဇ်ရဲ့ လောင်းရိပ် အောက်မှာရှိနေမှာမဟုတ်ဘဲ
နာပိုလီအသင်း ကို အကောင်းဆုံး ပြန်တုံ့ပြန်သွားမယ်လို့ ဆိုနေသလို နာပိုလီနည်းပြ ဘင်နီ
တက်ဇ်ကိုယ်တိုင်ကလည်း ဒီပွဲဟာ နာပိုလီအတွက် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာ သေချာနေ
တယ်လို့ ဆိုထားပါတယ်။

စပိန်နည်းပြ နှစ်ဦး ကိုင်တွယ်နေတဲ့ အီတလီစပိန်နှစ်သင်း ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အားပြိုင်မှု
ဟာ အကြိတ်အနယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်မှာ တော့သေချာနေပါတယ်။ ဘီလ်ဘာအိုအသင်းရဲ့
ထူးခြားချက် ကတော့အသင်းကို စပိန်ကစားသမားအများ စုနဲ့ စုဖွဲ့ထားတဲ့အချက်ပါပဲ။ ဒါဟာ
ဘီလ်ဘာအိုအသင်းရဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ပါ မှတ်တမ်းတင်နိုင်တဲ့အချက်ပါပဲ။ ကျန်တဲ့
ကမ္ဘာပေါ်မှာရှိတဲ့ ကလပ်အသင်းအများစု ဟာ သူတို့ရဲ့အသင်းတွေကို ပြည်ပနိုင်ငံခြား သားကစား
သမားတွေကို အားဖြည့်ပြီး အသင်းကို တောင့်တင်းအောင် ဖန်တီးလေ့ရှိကြပေမယ့်လည်း
ဘီလ်ဘာအိုကတော့ စပိန်သားတွေနဲ့ပဲ အသင်းကို ဖွဲ့စည်းလေ့ရှိတယ်။

ဒီတော့ စပိန်သားတွေနဲ့ စုဖွဲ့ထားတဲ့ ဘီလ်ဘာအိုရဲ့ တိုးထွက်လာမှုဟာ စပိန်နိုင်ငံ အတွက်လည်း
ဂုဏ်ယူစရာ အခြေအနေတစ်ခုလို့ ပြောနိုင်ပါတယ်။ တကယ်လို့သာ ဘီလ်ဘာအိုသာ ခြေစစ်ပွဲ
အောင်ခဲ့ရင် ပြည်တွင်းကစားသမား အများဆုံးပါတဲ့ အသင်းတစ်သင်းအဖြစ် ချန်ပီယံလိဂ်မှာ
မှတ်တမ်းရေးထိုးနိုင်ဖို့ရှိပါတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုရဲ့လက်ရှိအင်အားနဲ့အနေအထားအရတော့
နာပိုလီကို ကျော်ဖြတ်နိုင်ရေးအတွက် သိပ်တော့မလွယ်လှပါဘူး။

အဓိက ကတော့ စိတ်ဓာတ်တစ်ခုတည်းနဲ့ပဲ အားပြုရင်ဆိုင်ရမယ့်ပုံပါပဲ။ ဒါပေမဲ့ ဘီလ်ဘာအိုကို
လျှော့မတွက်သင့်တဲ့အချက်က ဘီလ်ဘာအိုအသင်းဟာ နည်းပြဗယ်လ်ဗာဒီ လက်အောက်မှာ
အသားကျနေတဲ့ အသင်း တစ်သင်းဖြစ်နေတဲ့အပြင် ဥရောပပြိုင်ပွဲတွေနဲ့လည်း ရင်းနှီးနေတဲ့အသင်း
တစ်သင်းဖြစ်နေလို့ပါပဲ။

ဘီလ်ဘာအိုအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ဪ၁၂ မှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်
ခဲ့ပြီး အလက်တီကိုကို အရေးနိမ့်ခဲ့လို့ ဒုတိယနေရာသာရခဲ့ပေမယ့်အဲဒီတုန်းက ကစားသမားအများ
စုဟာ အခု ချိန်မှာတော့ ရင့်ကျက်တဲ့ကစားသမားတွေ ဖြစ်နေပြီဖြစ်လို့ အသင်းဟာ ဗယ်လ်ဗာဒီ
လက်အောက်မှာ ကစားပုံ ပိုလို့တောင် ငြိမ်လာ ပါတယ်။ ဗယ်လ်ဗာဒီ ကိုယ်တိုင်ကလည်း အသင်း
ကို တစ်ကျော့ပြန်ရောက်လာတဲ့အချိန်မှာ အကောင်းဆုံး ကိုင်တွယ် ထိန်း ကျောင်းနိုင်ခဲ့လို့ စတာ
၀န်ယူခဲ့တဲ့ ရာသီမှာပဲ အခုလို ချန်ပီယံလိဂ်မျှော်လင့်ချက် ရှင်သန် ခွင့်ရခဲ့တာပါ။

လက်ရှိအသင်းဟာ နည်းပြ ဘီယယ်လ်ဆာလက်ထက် တည်ဆောက်ထား ခဲ့တဲ့အသင်းဖြစ်ပြီး
ဒီအသင်းကိုပဲ ဗယ်လ်ဗာ ဒီက ပိုပြီးတောက်ပလာအောင် မွမ်းမံပေးခဲ့ တာလို့ပြောနိုင်တယ်။
ဒီရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်က အားကိုးရတဲ့ ဟာရဲရားကို မန်ယူအသင်းထံ ရောင်းချ
လိုက်ပေမယ့် ဘီလ်ဘာအိုအသင်း အတွက် လူငယ်ကစားသမားတွေ အဆင်သင့် ရှိနေလို့
အသင်းပေါ်ထိခိုက်မှု သိပ်မရှိခဲ့ပါ ဘူး။ အသင်းဟာ တိုက်စစ်မှူး အဒူရစ်ဇ်၊ ကွင်းလယ်က အသင်း
ခေါင်းဆောင် ဂါပီဂွီ၊ ဂိုးသမား အီရိုင်ဇော့တို့လောက်ပဲ သက်ကြီး ကစားသမားတွေအဖြစ် ပါ၀င်
နေကြပြီး ကျန်ကစားသမားအများစုဟာ ၂၀ နဲ့ ၃၀ ကြား ကစားသမားတွေပဲဖြစ်လို့ ကစားအား
ကောင်းတဲ့အသင်းတစ်သင်းလို့ သတ်မှတ်လို့ ရတယ်။

ဒါ့ပြင် ကွင်းလယ်မှ ဆူဆေတာ၊ အီနီဂိုပီရက်ဇ်၊ ဒီမားကို့စ်၊ မူနီယန်တို့လို လူငယ်တွေကလည်း
တောက်မယ့်မီးခဲ တရဲရဲ လို ကစားသမားတွေဖြစ်ပြီး ဥရောပအသင်း ကြီးအများစု မျက်စိကျနေ
တဲ့ကစားသမားတွေဖြစ်လို့ ဘီလ်ဘာအိုရဲ့ကစားသမား စုဖွဲ့မှုဟာ ပြည်တွင်းကစားသမားတွေ
ချည်းပဲ ဆိုပေမယ့် ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို အကောင်းဆုံးရင်ဆိုင်နိုင်မယ့် အသင်းမျိုးလို့
ပြောနိုင်တယ်။

နောက်တစ်ချက်ကတော့ ဘီလ်ဘာအိုအသင်းရဲ့ အိမ်ကွင်းအားသာမှုပါ ပဲ။ ဘီလ်ဘာအိုဟာ
အိမ်ကွင်းဆမ်မာမီးမှာ ပရိသတ်အားနဲ့ အကောင်းဆုံးခြေစွမ်းမျိုးကို ထုတ်ပြလေ့ရှိပြီး ပြီးခဲ့တဲ့
ရာသီကဆိုရင် ချန်ပီယံ အလက်တီကိုနဲ့ ဘာစီလိုနာလို အသင်းတွေတောင်ဆမ်မာမီးမှာ
ဘီလ်ဘာ အိုကို အနိုင်မရခဲ့ပါဘူး။ ဒါကြောင့်လည်း ဘီလ်ဘာအိုဟာ လာမယ့် နာပိုလီနဲ့ပွဲမှာ
သူတို့ အိမ်ကွင်းအားကို အဓိက ထား အသုံးချသွားဖို့ရှိနေပြီး အသင်းဥက္ကဋ္ဌ ဟိုဆူအူရူတီယာ
ကတောင် သူတို့အသင်းဟာ အိမ်ကွင်းမှာမျှော်လင့်ချက် ခပ်ပါးပါးရှိနေ တယ်လို့ထုတ်ပြောထား
ပါတယ်။

စပိန်သားအများစုနဲ့ စုဖွဲ့ထားတဲ့ ဘီလ်ဘာအိုရဲ့ ချန်ပီယံ လိဂ်မျှော်လင့်ချက်တွေ အကောင်
အထည် ပေါ် မပေါ် မကြာခင်တွေ့ကြရတော့မှာပါ။



ဖတ်ရှုမှုအများဆုံး