မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်၊ T&T Group နဲ့ Naing Moe Entertainment တို့ရဲ့
ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာပြည်ချန်ပီယံ ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ပြီးခဲ့တဲ့ ဩဂုတ် ၁၇
ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားခန်းမကြီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီပွဲကြီးရဲ့အဓိကတွဲဆိုင်းဖြစ်တဲ့ မြန်မာပြည် အလွတ်တန်းချန်ပီယံ စောငမန်း(ရွှေဖူး)နဲ့ စိန်ခေါ်သူ
တူးတူး (နဂါးမာန်)တို့ရဲ့ ပွဲစဉ်က ပရိသတ်ခန့်မှန်းထားတဲ့အတိုင်း သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပေမယ့်
ပွဲစဉ်က အကြိတ်အနယ်ရှိခဲ့သလို အခြားစိန်ခေါ်ပွဲ ခုနစ်ပွဲကလည်း ရိုးရာလက်ဝှေ့ပရိသတ်တွေ
အတွက် အားရ ကျေနပ်စရာတွေ ဖြစ်ခဲ့ပါတယ်။
စောရွှေကျော်(ရွှေဖူး)နဲ့ စောလယ်ဘွယ်ထူး (T&T)၊ သားအသဲတစ်ပွင့် (စွမ်းကေကေ)နဲ့အားမာန်
(T&T)၊ ကျားပေါက်(ရွှေသောင်းရင်း) နဲ့ ရဲတံခွန်(အလင်းရောင်) တို့ရဲ့ ပွဲစဉ်တွေ ကတော့ အလူး
အလဲနဲ့ ပူးတွဲသရေ ပွဲစဉ်တွေ ဖြစ်ခဲ့ပြီးဖိုးလပြည့်(ရွှေဖူး)နဲ့ စောအယ်လေး(ထော့မဲပါ)တို့ရဲ့ ပွဲစဉ်မှာ
ဖိုးလပြည့်က ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရခဲ့သလို ရဲရင့်အောင်(နဂါးမာန်) ကလည်း
စောဂပရေမှူး(ထော့မဲပါ)ကို စတုတ္ထအချီမှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ယခုစိန်ခေါ်ပွဲကြီးမှာ အထူးပွဲစဉ်အဖြစ် ၀ါရင့်လက်ဝှေ့ကျော်ကြီးများဖြစ်ကြတဲ့ ရွှေဝါထွန်း
(ရွှေသောင်းရင်း)နဲ့ လုံးချော(သတ္တိ)တို့ က သရုပ်ပြထိုးသတ်ခဲ့ကြသလို ရိုးရာလက်ဝှေ့ ကြိုးဝိုင်း
ထဲမှာ မတွေ့တာကြာပြီဖြစ်တဲ့ ပရိသတ်အချစ်တော် တွေ့မရှောင်ကလည်း လက်ဝှေ့ရေးပြသခဲ့
လို့ တွေ့မရှောင်ပရိသတ်တွေအတွက် အလွမ်းပြေစေခဲ့ပါတယ်။ နှစ်အနည်းငယ်အတွင်း သိသိ
သာသာတိုးတက်လာတဲ့ လူငယ်လက်ဝှေ့သမား စောဂေါ်မူတို(သတ္တိ)နဲ့ ၀ါရင့်လက်ဝှေ့သမား
ထွန်းထွန်း(၀ါဆို)တို့ရဲ့ ပွဲစဉ်မှာတော့ စောဂေါ်မူဒိုက ဒုတိယအချီ ၂ မိနစ်နဲ့ ၃၄ စက္ကန့်မှာပဲ
အလဲထိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ထွန်းထွန်းက ၀ါရင့်လက်ဝှေ့သမားတစ်ဦး ဖြစ်ပေမယ့် ပွဲဝေးနေခြင်း၊ အသက်အရွယ်အရ အကျပိုင်း
ကို ရောက်လာခြင်းတို့ကြောင့် စောဂေါ်မူဒိုကို လုံးဝမယှဉ်နိုင်ခဲ့ဘဲ ဒုတိယ အချီမှာတင် အရှုံးပေး
ခဲ့ရခြင်း ဖြစ်ပါတယ်။
မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲမှာတော့ လူငယ်လက်ဝှေ့သမားတူးတူးက လက်ရှိချန်ပီယံ စောငမန်း
ကို အနည်းငယ်သာ အသာရခဲ့ပါတယ်။ စောငမန်းကလည်း တူးတူးကို အနိုင်ထိုးဖို့ထက် သရေ
ရလဒ်ရယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့အတွက် သာ ပြင်ဆင်ခဲ့ပြီး ပွဲရဲ့ပထမအချီတွေက ပျင်း
စရာကောင်းခဲ့ပါတယ်။ စောငမန်းက တူးတူးကို သူ့ထုံးစံအတိုင်း ကိုင်ပေါက်ဖို့ တစ်ချိန်လုံးကြိုးစား
နေခဲ့ပြီး တူးတူးကလည်း ကိုင်ပေါက်မခံရဖို့အတွက် ကာကွယ်နေရတာကြောင့် စိတ်ကြိုက်ထိုး
ကွက်မရခဲ့ပါဘူး။
စောငမန်းက နှစ်ယောက်ပူးသွားရင် ကိုင်ပေါက်မယ်။ အလစ်မှာ ဖြောင့်လက်သီးတွေ ထိုးသွင်း
မယ်။ အခြေအနေကောင်းရင် ကန်ချက်တွေနဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက် မယ်။ အတွေ့အကြံုရင့်
တဲ့ ၀ါရင့်လက်ဝှေ့ သမားပီပီ ဒီအကွက်တွေနဲ့ တတိယအချီ လောက်ထိ ပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။
တူးတူး ကလည်း စိုးရိမ်စိတ်များနေပုံရပြီး အရင်ပွဲတွေကလို အားပါတဲ့ ခြေကန်ချက်တွေ၊ လက်သီး
တွဲလုံးတွေကို ဒီပွဲမှာ သိပ်မတွေ့ခဲ့ရ ပါဘူး။
စတုတ္ထအချီမှာ စောငမန်း သက်လုံကျ လာတာကြောင့် တူးတူးအတွက် အခွင့်အရေး တွေ
ပိုရခဲ့ပါတယ်။ တူးတူးရဲ့ အားပါတဲ့ လက်သီးချက်တွေကို ခံစားခဲ့ရတဲ့ စောငမန်း ဟာ အသက်
အရွယ်ကြောင့် သက်လုံမကောင်း တော့ပေမယ့် ခံနိုင်ရည်ကတော့ ရှိနေတုန်းပဲ ဆိုတာ တွေ့မြင်
ရပါတယ်။ စောငမန်းရဲ့ ပြိုင်ဘက်ကို 'စ' ပြီး ထိုးသတ် ဟန်၊ အတွေ့အကြံုရှိရှိ၊ ပညာသားပါတဲ့
ထိုးသတ်မှုများရှိခဲ့သလို တူးတူးကလည်း မိမိထက်အတွေ့အကြံုရင့်သော စောငမန်း လို ယှဉ်ပြိုင်
ရခက်တဲ့ လက်ဝှေ့သမားကို အသည်းကောင်းကောင်းနဲ့ ထိုးသတ်နိုင်ခဲ့တဲ့ အချက်တွေကြောင့်
ဒီပွဲက သရေကျခဲ့တယ် ဆိုပေမယ့် ရိုးရာလက်ဝှေ့ပရိသတ်တွေအတွက် ကျေနပ်စေခဲ့တဲ့ ပွဲတစ်ပွဲ
ဖြစ်ပါတယ်။















