ချီယေဗို - ဂျူဗင်တပ် (စနေ၊ ည ၁၀း၃၀)
ရာသီကြိုခြေစမ်းပွဲတွေမှာ ပွဲတိုင်းရှုံးထားတဲ့ ချီယေဗိုခြေစွမ်းက ဂျူဗင်တပ်ကို ခံကစားနိုင်ဖို့
ခက်လိမ့်မယ်။ ၀ါရင့်တိုက်စစ်မှူး မက်ဆီလိုပက်ဇ်၊ အေစီမီလန်ကွင်းလယ်လူ ဘာဆာတို့ကို
ခေါ်ယူထားပေမယ့် အထိုင်မကျသေးဘူး။ ဂျူဗင်တပ်ကတော့ နည်းပြအပြောင်းအလဲ ဖြစ်တာ
ကလွဲပြီး မနှစ်က အသင်းကို ပိုကောင်းအောင် လူထပ်ဖြည့်ထားတယ်။ ၀ါရင့်မန်ယူနောက်ခံလူ
အီဗရာ၊ ရီးယဲလ်တိုက်စစ်မှူး မိုရာတာ၊ ဆက်စူလို ကွင်းလယ်လူ မာရိုနီ၊ ဗီရိုနာက အီတလီလက်
ရွေးစင်ကွင်းလယ်လူ ရိုမူလိုတို့ကို ခေါ်ယူအားဖြည့်ထားတယ်။ ပုံမှန်အတိုင်းဆိုရင် ဂျူဗင်တပ်ကိုပဲ
ရွေးချယ်ရမယ်။
အတ္တလန္တာ - ဗီရိုနာ (တနင်္ဂနွေ၊ ည ၁၀း၃၀)
ရာသီကြိုခြေစမ်းပွဲနဲ့ ကိုပါအီတာလျံဖလားပွဲ၊ စုစုပေါင်း လေးပွဲကစားခဲ့ရာမှာ ပွဲတိုင်းနိုင်ပြီး ပေးဂိုး
တစ်လုံးမှ မရှိခဲ့တဲ့ အတ္တလန္တာဟာ တိုက်စစ်ရော၊ ခံစစ်ပါ လတ်တလော ကောင်းမွန် ကျစ်လျစ်
တဲ့အသင်း ဖြစ်နေတယ်။ အထူးသဖြင့် အတ္တလန္တာမှာ အသင်းကြီးက ပြောင်းလာ သူတွေများလို့
အတွေ့အကြံုနဲ့ နည်းပရိယာယ်ပိုင်း ကောင်းတယ်။ ဗိရိုနာကလည်း တိုက်စစ်ထက်မြက်ပြီး ထူးချွန်
သူ အတော်များများ ပါ၀င်နေပေမယ့် အဝေးကွင်းမှာ စိတ်မချရဘူး။ ခံစစ်ကောင်းပြီး အိမ်ရှင်အား
သာချက်ရှိတဲ့ အတ္တလန္တာဘက်က အလေးသာတယ်။
အေစီမီလန် - လာဇီယို (တနင်္ဂနွေ၊ ည ၁၀း၃၀)
နည်းပြသစ် အင်ဇာဂီလက်ထက် ရာသီကြိုခြေစမ်းပွဲ လေးပွဲစလုံး ရှုံးခဲ့ရာမှာ ၁၂ ဂိုးသွင်းခံ လိုက်ရ
တဲ့ အေစီမီလန်ခံစစ်ကြောင်းကို ကျွမ်းကျင်သူတွေက မေးခွန်းထုတ်ခဲ့ကြတယ်။ လာဇီယို ကတော့
ပါးမားက အီတလီလက်ရွေးစင် ကွင်းလယ်လူ ပါရိုလို၊ နယ်သာလန်လက်ရွေးစင် စတီဖန်ဒီဘရစ်
အပါအဝင် ကစားသမားကောင်းတွေ အားဖြည့်ထားတယ်။ အထူးသဖြင့် ကိုပါအီတာလျံဖလားပွဲ
မှာ အသင်းငယ်လေး ဘာဆာနိုကို ရ-၀ နဲ့ ဂိုးပြတ် နိုင်လိုက်လို့ လာဇီယိုရဲ့ တိုက်စစ်အားနဲ့
စုဖွဲ့မှုကို လျှော့တွက်လို့ မရဘူး။ လာဇီယိုဘက်က အရဲစွန့်သင့်တယ်။
ဆီစီနာ - ပါးမား (တနင်္လာ၊ နံနက် ၁း၁၅)
တန်းတက် ဆီစီနာမှာ စီးရီးအေ အတွေ့အကြံုရှိသူနည်းပါးလို့ ရုန်းကန်ရမယ်လို့ ယူဆရ တယ်။
ရာသီကြိုခြေစမ်းပွဲတွေမှာ ဂျူဗင်တပ်ကို ၀-၀၊ စပိန်ကလပ် ရာယိုဗယ်လီကာနိုကို ၁-၁ ကစားနိုင်
ခဲ့လို့ လူညီ ခြေညီပြီး စိတ်ဓာတ်ကောင်းတာကို ဖော်ပြနေတယ်။ ပါးမားကတော့ အင်တာမီလန်
က အယ်လ်ဂျီးရီးယားတိုက်စစ်မှူး ဘဲလ်ဖိုဒီကို ခေါ်ယူထားလို့ ကာဆာနို၊ အမော်ရီ တို့လို သမ္ဘာ
ရှိသူတွေနဲ့ တွဲလိုက်ရင် တိုက်စစ်ထက်မြက်တဲ့အသင်း ဖြစ်လာနိုင်တယ်။ လူငယ်တွေကို ခေါ်ယူ
အားဖြည့်ထားပြီး 'ညှစ်အား'ရှိတယ်။ ပါးမားကို ပိုကြိုက်တယ်။
ဂျီနိုအာ - နာပိုလီ (တနင်္လာ၊ နံနက် ၁း၁၅)
လူကောင်းတွေ အတော်များများကို ခေါ်ယူအားဖြည့်ထားပေမယ့် ဂျီနိုအာဟာ ပြီးခဲ့တဲ့ ရာသီ
ကတည်းက ခပ်လှုပ်လှုပ်ပါ။ မာထရီ၊ ပင်နယ်လာတို့လို ၀ါရင့်တိုက်စစ်မှူးတွေရှိပြီး စပိန်တိုက်စစ်မှူး
ဖဲလ်ကွီကို ထပ်မံအားဖြည့်ထားလို့ အချိတ်အဆက်မိရင် နာပိုလီနောက်တန်းကို ဒုက္ခပေးနိုင်တဲ့
အနေအထားရှိတယ်။ နာပိုလီကတော့ တိုက်စစ်ပိုင်း အပြောင်းအလဲမရှိဘဲ ကွင်းလယ်မှာ
လူဟောင်းတချို့ထွက်သွားပြီး စပိန်ကစားသမား မီချူး၊ ဟော်လန်လက်ရွေးစင် ဒီဂုဇ်မန်း၊
ပြင်သစ်နောက်ခံလူ ကူလီဘာလီတို့ကို ခေါ်ယူထားလို့ တောင့်တင်းကျစ်လျစ်တယ်။ နာပိုလီဟာ
ချန်ပီယံလိဂ်ခြေစစ်ပွဲ ၀င်ထားရလို့ အသင်းလိုက်ကြ့ံခိုင်မှု ပိုကောင်းတယ်။ နာပိုလီ ဘက်က
အလေးသာတယ်။
ပါလာမို - ဆမ်ဒိုးရီးယား (တနင်္လာ၊ နံနက် ၁း၁၅)
စီးရီးဘီမှာတော့ ပါလာမိုဟာ အိမ်ကွင်းမှာ ခြေစွာရုံတင်မက ဂိုးသွင်းအားကောင်းသလို ခံစစ်ပါ
ကျစ်လျစ်မှုရှိတယ်။ ကစားသမားသစ်တွေလည်း ခေါ်ယူထားတယ်။ ပါလာမိုဟာ စီးရီးအေနဲ့
မစိမ်းပေမယ့် 'ဖိအား'ကို ခံနိုင်ရည်ရှိပါ့မလားလို့ သံသယ ဖြစ်မိတယ်။ ဆမ်ဒိုးရီးယား ကတော့
နည်းပြ မီဟိုးလိုဗစ်လက်ထက်မှာ တိုးတက်မှုတွေရှိလာတယ်။ မကြာသေးမီက ကစားခဲ့တဲ့
ကိုပါအီတာလျံဖလားမှာ ကိုမိုအသင်းကို ၄-၁ နဲ့နိုင်ထားတယ်။ ဆမ်ဒိုးရီးယားဟာ တိုက်စစ်
ကစားပုံကောင်းပြီး တစ်ဦးချင်း ထူးချွန်သူတွေရှိတယ်။ ဆမ်ဒိုးရီးယားကို ပိုကြိုက်တယ်။
ယူဒီးနိစ် - အမ်ပိုလီ (တနင်္လာ၊ နံနက် ၁း၁၅)
၀ါရင့်ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ဒီနာတာလီ(၃၆ နှစ်)၊ ကွင်းလယ် ပင်ဇီ(၃၄ နှစ်)၊
တိုက်စစ်မှူး ဂီဂျို (၃၂ နှစ်)တို့ကလွဲပြီး တစ်သင်းလုံးနီးပါး လူငယ်တွေနဲ့ စုဖွဲ့ထားလို့ ယူဒီးနိစ်
ခြေစွမ်းကို မှန်းဆရခက်တယ်။ အမ်ပိုလီကတော့ စီးရီးဘီမှာတုန်းက အဝေးကွင်း ခြေစွမ်း
သိပ်အားရစရာ မရှိဘူး။ ဒါပေမဲ့ ရာသီကြိုခြေစမ်းပွဲနဲ့ ကိုပါအီတာလျံဖလားပွဲတွေမှာတော့
ပွဲတိုင်းနိုင်ခဲ့ရာမှာ လေးပွဲကို ၂၃ ဂိုးသွင်းပြီး ပေးဂိုးမရှိခဲ့လို့ တိုက်စစ်ရော၊ ခံစစ်ပါ လျှော့တွက်
လို့မရဘူး။ အမ်ပိုလီဘက်က အရဲစွန့်သင့်တယ်။
ဆက်စူလို - ကက်ဂလီယာရီ (တနင်္လာ၊ နံနက် ၁း၁၅)
ပြီးခဲ့တဲ့ရာသီ ပန်းဝင်ချိန်မှာ တောက်လျှောက်ခြေစွာခဲ့တဲ့ ဆက်စူလိုဟာ ယူရို ၁၆ ဒသမ ၅ သန်း
သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားလို့ ခိုင်မာပြီး ရည်မှန်းချက်ရှိတဲ့့ အသင်းဆိုတာ
ထင်ရှားတယ်။ နောက်တန်းလူတွေဖြစ်တဲ့ ပလူဆို (ဂျူဗင်တပ်)၊ ဗရာဆယ်ကို (ဂျီနိုအာ)၊ ကွင်း
လယ်အဖျက် ကူအာတစ် (တိုရီနို)၊ ဂျီနိုအာဝါရင့်တိုက်စစ်မှူး အန်တိုနီယို ဖလော်ရက်စ်တို့
ရောက်လာကြပြီး ကိုပါအီတာလျံဖလားမှာလည်း ၄-၁နဲ့ နိုင်ထားတယ်။ ကက်ဂလီယာရီကတော့
လူအဝင်အထွက် သိပ်မရှိပေမယ့် ပြီးခဲ့တဲ့ရာသီ ပန်းဝင်ချိန်မှာ တောက်လျှောက် 'စိုက်ဆင်း'သွား
တယ်။ အိမ်ကွင်းရလဒ်ကောင်းတဲ့ ဆက်စူလိုဘက်က အလေးသာတယ်။
တိုရီနို - အင်တာမီလန် (တနင်္လာ၊ နံနက် ၁း၁၅)
အဓိကတိုက်စစ်မှူး အင်မိုဘီလီကို ဒေါ့မွန်ထံ ရောင်းလိုက်လို့ တိုရီနိုတိုက်စစ် ထိခိုက်သွားနိုင်တယ်။
တိုရီနိုမှာ တစ်ဦးချင်း ကောင်းသူတွေရှိပြီး မနှစ်က အနေအထားအရတော့ စုဖွဲ့မှုရော၊ စိတ်ဓာတ်ပါ
ကောင်းမွန်တဲ့အသင်း ဖြစ်တယ်။ အင်တာမီလန်ကတော့ ဒီရာသီမှာ မန်ယူခံစစ်မှူး ဗီဒစ်ရောက်လာ
လို့ နောက်တန်းကျစ်လျစ်သွားပြီး ကွင်းလယ်မှာ ဂယ်ရီမီဒယ်၊ အမ်ဗီလာ၊ ရီနီခါရင်၊ တိုက်စစ်မှာ
အော့စဗဲလ်ဒိုတို့ကို ခေါ်ယူနိုင်ခဲ့လို့ အထိုင်ကျပြီး တိုက်စစ် ရော၊ ခံစစ်ပါ စွယ်စုံကောင်းတဲ့အသင်း
ဆိုတာ ခြေစမ်းပွဲတွေနဲ့ ယူရိုပါလိဂ်ပွဲတွေမှာ ပေါ်လွင်နေ တယ်။ အင်တာမီလန် နိုင်ခြေရှိတယ်။














