ရီးယဲလ်မက်ဒရစ် -အလက်တီကို (တနင်္ဂနွေ၊ နံနက် ၀၀း၃၀) နိုင်ငံတကာပွဲတွေအပြီး လာလီဂါရဲ့
ပွဲစဉ်(၃) ကိုကြည့်လိုက်တော့ စိတ်ဝင်စားစရာ ပွဲကောင်းတွေ ပါနေတယ်။ ပြီးခဲ့တဲ့ရာသီက ရာသီ
ကုန်ချိန်မှာ အဆင့် ၁၊ ၂၊ ၃၊ ၄ အသီးသီး ရပ်တည်ခဲ့ကြတဲ့ လေးသင်းရဲ့ထိပ်တိုက်တွေ့ မယ့်ပွဲတွေ
ဟာ လာလီဂါရဲ့ပွဲစဉ် (၃)အတွက် ဆွဲဆောင်မှု အားကောင်းမယ့်ပွဲတွေ ဖြစ်လာ နိုင်တယ်။
ပြီးခဲ့တဲ့ရာသီက အဆင့်(၂) ဘာစီလိုနာ ဟာ အိမ်ကွင်းမှာ ဘီလ်ဘာအိုကို လက်ခံ ကစားရမှာ
ဖြစ်ပြီး လက်ရှိချန်ပီယံ အလက် တီကိုကတော့ မက်ဒရစ်ပြိုင်ဘက်ကြီး ရီးယဲလ် ရဲ့ကွင်းကို သွား
ကစားရတော့မှာပါ။ နှစ်ပွဲစလုံး စိတ်ဝင်စားစရာကောင်းနေလို့ ဒီနှစ်ပွဲကနေ အခုတစ်ပတ်အတွက်
တစ်ပွဲရွေးထုတ်ရမှာတောင် ခက်နေသလိုပါပဲ။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ရာသီ ဥရောပပွဲတွေရဲ့
နောက်ဆုံးပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ခဲ့ကြသလို ဒီရာသီ စပိန်ဘောလုံး
လောကရဲ့ ပထမဆုံးဖွင့်ပွဲဖြစ်တဲ့ စူပါဖလား မှာလည်း အပြန်အလှန်ကစားပြီးဖြစ်ခဲ့တဲ့ မက်ဒရစ်
ဒါဘီပွဲက ပိုရင်ခုန်စရာကောင်းမယ် လို့ထင်ပြီး ဒီတစ်ပတ်အတွက် ဘာနေဗျူးကွင်း က မက်ဒရစ်
ဒါဘီကိုပဲ ရွေးချယ်ခံစားကြည့် ချင်ပါတယ်။
ရာသီအစ စူပါဖလားပွဲ သူ့ကွင်း ကိုယ့်ကွင်း နှစ်ကျော့ကစားခဲ့ချိန်မှာတော့ အလက်တီကို က
ရီးယဲလ်ကို ဘာနေဗျူးမှာ ၁ဪ၁ သရေ ခံကစားခဲ့ပြီး အိမ်ကွင်းမှာ ၁ဪဝ နဲ့အနိုင်ပြန်
ကစားနိုင်ခဲ့လို့ စပိန်စူပါဖလားကို အရယူ ထားနိုင်ပါတယ်။ ဒါကြောင့် အခုပွဲမှာလည်း အလက်
တီကိုရဲ့အနေအထားဟာ ရီးယဲလ်ကို အကောင်းဆုံး ပြန်တုံ့ပြန်နိုင်မယ့် အနေ အထားမျိုးကို
ပိုင်ဆိုင်ထားဦးမယ်လို့ ယုံကြည်ချင်စရာပါပဲ။
ဒါပေမဲ့ ဒီနှစ်သင်းရဲ့ လာလီဂါရာသီအစ ပွဲတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်တော့ နှစ်သင်းစလုံး
ရဲ့ခြေစွမ်းဟာ အားရစရာ သိပ်မရှိ သေးပါဘူး။ ရီးယဲလ်က အိမ်ကွင်းမှာ ကော် ဒို ဘာလို တန်း
တက်အသင်းကိုတောင် အနိုင်ရဖို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး ၂ဪဝ နဲ့ နိုင်ခဲ့ပေမယ့် ဆိုစီဒက်နဲ့
အဝေးကွင်းပွဲမှာတော့ နှစ်ဂိုးအသာနဲ့ ဦးဆောင်ပြီးမှ လေးဂိုးပြန်ပေး ရပြီး ၄ဪ၂ နဲ့ အရှုံးပေး
ထားရတယ်။
အလက် တီကိုကတော့ ပွဲဦးထွက်အဝေးကွင်းပွဲအဖြစ် ရာယိုဗလာကာနိုနဲ့ ကစားခဲ့ရပြီး ဂိုးမရှိ
သရေကျခဲ့ပေမယ့် အိမ်ကွင်းပွဲမှာတော့ တန်းတက်အိုင်ဘာကို ၂ဪ၁ နဲ့ အနိုင်ယူနိုင်ခဲ့တာ
တွေ့ ရတယ်။ မက်ဒရစ်နှစ်သင်းဟာ ရာသီအစပွဲတွေကို ရာနှုန်းပြည့်နိုင်ပွဲနဲ့ မစနိုင်ကြတဲ့အပြင်
အဲဒီပွဲတွေမှာ ကစားသွားတဲ့ခြေစွမ်းတွေအရလည်း နှစ်သင်းစလုံးအားရစရာ မရှိသေးပါဘူး။
အထူးသဖြင့် ရီးယဲလ်ဆိုရင် ပြီးခဲ့တဲ့ရာသီက အသင်းကို ရိုဒရီဂွက်ဇ်၊ တိုနီခရူးစ်တို့ နှစ်ယောက်
လောက်နဲ့ အားဖြည့်ထားခဲ့ ပေမယ့် အသင်းရဲ့ကစားပုံက အရှိန်မရသေး တဲ့ပုံမျိုး တွေ့နေရတယ်။
ဂိုးသမား ကားဆီး လက်စ်ကပါ အရင်လို လက်စွမ်းမျိုးမရှိတော့ တဲ့အတွက် ဂိုးတွေ အလွယ်
တကူပေးခဲ့ရတာကို ဆိုစီဒက်နဲ့ပွဲမှာ တွေ့ခဲ့ရတယ်။ အလက်တီကိုကတော့ ရာသီအစမှာ
အပြောင်းအလဲတွေ အများကြီးလုပ်ထားခဲ့ပြီး အသင်းကို အသစ်ပြန်ထိုင်နေတဲ့ပုံစံမျိုး တွေ့ရ
တယ်။
အသင်းကစားပုံကလည်း ပြီးခဲ့တဲ့ ရာသီကလို ဟန်ချက်ညီမျှမှု ရှိဖို့လိုနေသေးတဲ့ အပြင် ရာသီအစ
နည်းပြဆီမြွန်နီ ရှစ်ပွဲအပယ်ခံထားရတဲ့အချက်ကလည်း အသင်းကို ကွင်းဘေးကနေပြီး စိတ်ဓာတ်
ပိုင်းဆိုင်ရာ အားပေးနိုင်မယ့်အနေအထားမျိုး လျော့နည်းသွားစေတာတွေ့ရတယ်။ ဒါပေမဲ့ အလက်
တီကိုရဲ့အားသာမှုကတော့ ခံစစ်ပိုင်းကိုသတိထားပြီး ပိုကစားတတ်တဲ့အချက်ပါပဲ။ တိုက်စစ်မှာ
မန်ဇူကစ်၊ ဂရစ်ဇ်မန်းတို့လို ကစားသမားသစ်တွေနဲ့ အရှိန်မရသေးသလို တွေ့ရ ပေမယ့် ခံစစ်မှာ
တော့ လူဟောင်းတွေဖြစ်တဲ့ ဂိုဒင်၊ မီရန်ဒါတို့က ခံစစ်ကိုဦးဆောင်ပြီး ထိန်းထားနိုင်ဆဲပါပဲ။
ဒါကြောင့် အလက်တီကို ရဲ့ကစားပုံဟာ ရီးယဲလ်လောက်တော့ မဆိုး သေးဘူးလို့ ယူဆလို့ရပါ
တယ်။ ပြီးခဲ့တဲ့ စူပါဖလားပွဲတုန်းကလည်း အလက်တီကိုဟာ ရီးယဲလ်ကို ခံစစ်အားပြု ပုံစံမျိုးနဲ့ပဲ
ရင်ဆိုင်ကစားခဲ့ပြီး လိုချင်တဲ့ရလဒ်မျိုးရအောင်ယူနိုင်ခဲ့တာ တွေ့ရတယ်။ ဒါကြောင့် အခုပွဲမှာ
လည်း ဘာနေဗျူးကွင်းမှာ ဖြစ်နေပေမယ့် အလက်တီကိုဟာ သူတို့ရဲ့ ပုံစံအတိုင်း ရီးယဲလ်ကို
ရှိန်နေမှာမဟုတ်ဘဲ မာမာကျောကျောနဲ့ ပြန်တုံ့ပြန်ဖို့ များနေ တယ်။
ပြီးခဲ့တဲ့ရာသီတုန်းကလည်း အလက် တီကိုဟာ ရီးယဲလ်ကို ဘာနေဗျူးမှာ ၁ဪဝ နဲ့ အနိုင်ရ
ထားဖူးတဲ့အတွက် အခုပွဲမှာလည်း အလက်တီကိုရဲ့ တုံ့ပြန်လာနိုင်မှုဟာ ရီးယဲလ်ကို အခက်တွေ့
စေဦးမယ်ထင်တယ်။ ရီးယဲလ်ကတော့ ကစားသမား အများစု နိုင်ငံတကာပွဲတွေ ပြန်ကစားထားရ
တဲ့အပြင် အဓိကအားကိုးနေရတဲ့ ရော်နာဒိုကလည်း ဒဏ်ရာပြဿနာကြောင့် ဒီပွဲမှာ ၀င်ကစားခဲ့
ရင်တောင် ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ပါ့ မလားဆိုတာ စဉ်းစားစရာပါပဲ။
ရီးယဲလ်ရဲ့ တိုက်စစ်ပိုင်းဟာ တစ်ပွဲကို နှစ်ဂိုးနှုန်းသွင်း နိုင်တယ်ဆိုပေမယ့်လည်း ခံစစ်ပိုင်းတကယ်
တောင့်တင်းတဲ့အသင်းမျိုးနဲ့တွေ့ရင် ဂိုးရဖို့ ခက်တတ်တာကို ပွဲဦးထွက်ကော်ဒိုဘာနဲ့ပွဲ မှာပဲ တွေ့
ခဲ့ရလို့ အခုလည်း ရီးယဲလ်ကို အမြဲ ရင်ဆိုင်နေကျအသင်းဖြစ်ပြီး ခံစစ်ပိုင်းကို လည်း အဝေးကွင်း
ရောက်ရင် ပိုပြီးသတိထား ကစားတတ်လေ့ရှိတဲ့ အလက်တီကိုရဲ့ ကစားပုံ ဟာ ရီးယဲလ်အတွက်
တော့ ဂိုးရဖို့ ရုန်းကန်ရဦး မယ့်ပုံပါပဲ။ ရီးယဲလ်ရဲ့ ခံစစ်မငြိမ်မှုကလည်း အလက်တီကိုရဲ့ တန်ပြန်တိုက်စစ်အတွက်အခွင့်အရေး ပြန်ရသွားနိုင်တဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုတော့
ဒီတစ်ကြိမ်လည်း ဘာနေဗျူးမှာ ရီးယဲလ် အမှတ်ပြည့်ရနိုင်ဖို့ မလွယ်သေးဘူးနဲ့တူပါတယ်။
အခြားပွဲစဉ်များ
(စနေ၊ နံနက် ၁း၃၀) အယ်လ်မီရီယာ - ကော်ဒိုဘာ *
(စနေ၊ ည ၈း၃၀) * ဘာစီလိုနာ - ဘီလ်ဘာအို
(စနေ၊ ည ၁၀း၃၀) မာလာဂါ - လီဗန်တေး *
(တနင်္ဂနွေ၊ နံနက် ၂း၃၀) * ဆယ်လ်တာ - ဆိုစီဒက်
(တနင်္ဂနွေ၊ ညနေ ၄း၃၀) * ရာယို - အယ်လ်ချီ
(တနင်္ဂနွေ၊ ည ၉း၃၀) * ဗလင်စီယာ - အက်စ်ပန်ညို
(တနင်္ဂနွေ၊ ည ၁၁း၃၀) * ဆီဗီလာ - ဂီတာဖေး
(တနင်္လာ၊ နံနက် ၁း၃၀) * ဂရန်နာဒါ - ဗီလာရီးယဲလ်
(အင်္ဂါ၊ နံနက် ၁း၁၅) * အိုင်ဘာ - ဒီပို့တီဗိ















