၂၀၁၄ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂၁) အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလရက် ၁၄ ရက်နေ့က
မန္တလေးမြို့၊ ဗထူးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သော ရတနာပုံအသင်းနှင့် နေပြည်တော်အသင်းတို့၏
ပွဲစဉ်တွင် ရတနာပုံအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရပြီး ၂၀၁၄ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး
ဖလားကို ရယူနိုင်ခဲ့သည်။
အဆိုပါပွဲစဉ်တွင် ရတနာပုံအသင်းအတွက် အနိုင်ဂိုးများကို ရန်ပိုင်နှင့် ဖွန်ဆီကာတို့က သွင်းယူ
ပေးခဲ့ခြင်း ဖြစ်သည်။ ရတနာပုံအသင်းသည် ၂၀၁၄ မြန်မာနေရှင် နယ်လိဂ် ပွဲစဉ်(၂၁)တွင်
နေပြည်တော်အသင်းကို အနိုင်ရပြီးနောက် ရမှတ် ၅၀ မှတ် ရရှိကာ ဒုတိယနေရာမှ ရန်ကုန်
ယူနိုက်တက် အသင်းကို ခုနစ်မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး ရာသီကုန်ရန် တစ်ပွဲအလို၌ ဆုဖလား
ကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ဒုတိယနေရာမှ ရန်ကုန်ယူနိုက်တက်အသင်းသည် တစ်ပွဲလျော့ အနေအထားဖြင့် ရမှတ် ၄၃ မှတ်
ရရှိထားသည်။ မန္တလေးမြို့အခြေစိုက် ရတနာပုံအသင်း သည် ပွဲစဉ် (၂၁)အပြီးတွင် ၁၅ ပွဲနိုင်၊
ငါးပွဲ သရေ၊ ရှုံးပွဲတစ်ပွဲနှင့် ရမှတ် ၅၀ မှတ် ရရှိ ကာ ရဂိုး ၄၁ ဂိုး၊ ပေးဂိုး ၁၄ ဂိုးဖြင့် အမှတ်ပေးဖလား
ကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
"ဒီလို ချန်ပီယံဖြစ်တာ တစ်သင်းလုံး အကောင်းဆုံးကြိုးစားလို့ဖြစ်တာပါ။ရတနာပုံအသင်း
ချန်ပီယံဖြစ်ဖို့ တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်ခဲ့တဲ့အတွက် အရမ်းဝမ်းသာမိပါ
တယ်။ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲမှာ ဦးဆောင်ဂိုး သွင်းပေးနိုင်တဲ့အတွက်လည်း အရမ်း
၀မ်းသာပါတယ်။ ရတနာပုံအသင်းက အမှတ်ပေးချန်ပီယံ ဖြစ်သွားပြီဆိုတော့ နောက်နှစ်မှာ
အေအက်ဖ်စီပြိုင်ပွဲလည်းဝင်ပြိုင်ရမယ်။ မြန်မာနေရှင်နယ်လိဂ်မှာ လည်း ချန်ပီယံအသင်းဆိုတော့
ပြိုင်ဘက် အသင်းတိုင်းက အားထုတ်ပြီး အနိုင်ရဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ နောက်နှစ်မှာ
တစ်သင်းလုံး ဒီထက်ကြိုးစားဖို့ လိုပါတယ်။ အကောင်းဆုံးပြင်ဆင်သွားမှာပါ"ဟု ရတနာ
ပုံအသင်း၏ ၀ါရင့်တိုက်စစ်မှူး ရန်ပိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
ရတနာပုံအသင်း၏ နည်းပြချုပ်ဦးခင် မောင်တင့်က "ဒီလိုဆုဖလားရတာ တစ်သင်း လုံး
ကောင်းလို့ရတာပါ။ ကစားသမားတွေ၊ လက်ထောက်နည်းပြအဖွဲ့ဝင်တွေ အားလုံး ကို
ကျေးဇူးတင်ပါတယ်။ လာမယ့်ရာသီအတွက်မှာ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲရော၊ အေအက်ဖ်
စီပြိုင်ပွဲရောရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပြိုင်ပွဲတစ်ပွဲချင်း ကိုပဲ အာရုံစိုက်ပြီးသေချာ
ပြင်ဆင်သွားမှာပါ"ဟု ပြောသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ သမိုင်း တစ်လျှောက်တွင်နိုင်ငံခြားသားနည်းပြ များသာ ချန်ပီယံဆုကို
ရယူနိုင်ခဲ့ကြပြီး ယခု နှစ်တွင် ရတနာပုံအသင်း၏ နည်းပြချုပ် ဦးခင်မောင်တင့်သည် ချန်ပီယံဆု
ဖလားရယူနိုင်သော ပထမဆုံး ပြည်တွင်းနည်းပြ တစ်ဦးဖြစ်လာခဲ့သည်။
"ကျွန်တော် မနောမြေအသင်းကနေ ရတနာပုံအသင်းကို ပြောင်းလာတာ အောင်မြင်မှုတွေ ရယူ
ချင်လို့ပါ။ အခုလို အောင်မြင်မှုတွေ ရယူနိုင်ခဲ့လို့ အတိုင်းမသိ ၀မ်းသာမိပါတယ်။ နောက်ပြီး မြန်မာ
နေရှင် နယ်လိဂ် သမိုင်းတစ်လျှောက်မှာ ချန်ပီယံဆု ကို ရယူနိုင်တဲ့ ပထမဆုံး ပြည်တွင်းနည်းပြ
တစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိပါ တယ်"ဟု ဦးခင်မောင်တင့်က မြန်မာတိုင်း(မ်) ကို
ပြောသည်။
၂၀၀၉ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ သော မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ ၏ အမှတ်ပေး
ဖလားကို ရတနာပုံအသင်းက ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင် နှစ်နှစ် ဆက် ရယူနိုင်ခဲ့ပြီးနောက်
သုံးနှစ်အကြာ တွင် ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲသမိုင်း တစ်
လျှောက်တွင် ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့သည် အမှတ်ပေးဖလားကို
သုံးကြိမ်စီ ရယူထားပြီး အအောင်မြင်ဆုံး အသင်းများအဖြစ် ပူးတွဲ ရပ်တည်လျက်ရှိသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံ အသင်းနှစ်သင်း တည်းသာ
ဗိုလ်စွဲနိုင်ခြင်းနှင့်ပတ်သက်၍ ဦးခင်မောင်တင့်က "အဓိက ကတော့ ရင်းနှီး မြှုပ်နှံမှုပါပဲ။ ရန်ကုန်
အသင်းဆိုလည်း တကယ့် ကွာလတီကောင်းတဲ့ ကစားသမားတွေနဲ့ဖွဲ့စည်းထားတယ်။ ကျွန်တော်
တို့အသင်းလည်း ဒီလိုပါပဲ။ အသင်းပိုင်ရှင်တွေအနေနဲ့ ကလည်း ထွက်ငွေပဲရှိပြီး ၀င်ငွေမရှိတဲ့
အတွက် ပံ့ပိုးမှုပိုင်းမှာ အားနည်းပါတယ်။ဒါကိုတော့ အပြစ်ပြောလို့မရပါဘူး"ဟု သုံးသပ်ပြောကြား
ခဲ့သည်။















