မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နဲ့ H&S Group တို့ ပူးပေါင်းစီစဉ်ကျင်းပတဲ့ who is number
one မြန်မာပြည်ချန်ပီယံ စိန်ခေါ် ပွဲကြီးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက် နေ့က ရန်ကုန်မြို့
သိမ်ဖြူအားကစားခန်းမ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး မှာ အဓိက တွဲဆိုင်းအဖြစ် မြန်မာပြည်ချန်ပီယံစောငမန်း
(ရွှေဖူး)နဲ့ စိန်ခေါ်သူ ထွန်းထွန်းမင်း(မုဒုံသား)တို့ရဲ့ ပွဲစဉ်အပြင် တခြားပြည်တွင်း စိန်ခေါ်ပွဲ ရှစ်ပွဲနဲ့
စုစုပေါင်း ပွဲစဉ် ကိုးပွဲအထိ ပါ၀င်ခဲ့ပါတယ်။ မင်းနိုင်ထွန်း(စွမ်းကေကေ)နဲ့ ခွန်ရှိုင်း ထက်(အဖြူရောင်
သွေးသစ်) တို့ရဲ့ သုံးချီပွဲစဉ်ကတော့ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ရဲသွေးနီ(တောင်ကလေး)နဲ့ စောဖြိုး
ဝေ(အဖြူရောင်သွေးသစ်)တို့ရဲ့ ပွဲစဉ်မှာတော့ ရဲသွေးနီက ဒုတိယအချီမှာပဲ အလဲထိုးနဲ့အနိုင်ရခဲ့
ပါတယ်။
ထွန်းနိုင်ဦး(အဖြူရောင် သွေးသစ်)က မြင့်အောင်(မုဒုံသား)ကို စတုတ္ထအချီ ၁၆ စက္ကန့်မှာ
အလဲထိုးနဲ့ အနိုင် ရခဲ့ပါတယ်။ ရှမ်းလေး(၀ါဆို)က ဖြူလေး(မုဒုံသား)ကို ဒုတိယအချီမှာ
အလဲထိုးဖြင့် လည်းကောင်း၊ မိုးဟိန်း(မိဂသီ)က စောသဲဦး (ွှရွှ)ကို နောက်ဆုံးအချီမှာ
အလဲထိုးဖြင့် လည်းကောင်း၊ စောအယ်လေး(ထော့မဲပါ) က သားအသဲတစ်ပွင့်(စွမ်းကေကေ)ကို
ဒုတိယအချီမှာ အလဲထိုးဖြင့်လည်းကောင်း၊ ထက်အောင်ဦး(တောင်ကလေး)က ကျား ပေါက်
(ရွှေသောင်းရင်း)ကို စတုတ္ထအချီမှာ အလဲထိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ကြပါတယ်။
ပွဲစဉ်(၈)အဖြစ် ဖိုးကေ(မန္တလေး)နဲ့ စောရန်ပိုင်(မိဂသီ)တို့ ရင်ဆိုင်ယှဉ်ပြိုင် ခဲ့ကြပါတယ်။ လက်
ဝှေ့ကြိုးဝိုင်းကနေ တစ်နှစ်ကျော်နီးပါး ပျောက်ကွယ်နေတဲ့ ဖိုးကေရဲ့ တစ်ကျော့ပြန်ခရီးကတော့
ပူးတွဲ သရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ အဓိကပွဲစဉ်အဖြစ် မြန်မာပြည်ချန်ပီယံ စိန်ခေါ်ပွဲမှာတော့ မြန်မာ
ပြည်ချန်ပီယံ စောငမန်း(ရွှေဖူး)ဟာ စိန်ခေါ်သူ ထွန်းထွန်း မင်း(မုဒုံသား)ကို မယှဉ်နိုင်ခဲ့ဘဲ စတုတ္ထ
အချီမှာပဲ အရှုံးပေးခဲ့ရပြီး မြန်မာပြည် ချန်ပီယံဘွဲ့ကို ထွန်းထွန်းမင်းထံ လွှဲပြောင်း ပေးခဲ့ရပါတယ်။
ထွန်းထွန်းမင်းဟာ စောငမန်းဆီက ချန်ပီယံဘွဲ့ကို ရယူဖို့အတွက် သေချာပြင် ဆင်လာပုံရပြီး
ပွဲစကတည်းက တရစပ် တိုက်စစ်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ထွန်းထွန်းမင်းရဲ့ အားပါတဲ့
ခေါင်းတိုက် ချက်ကြောင့် ပထမအချီကတည်းက စော ငမန်း အနားတောင်းခဲ့ရပါတယ်။ ဒုတိယ
အချီနဲ့ တတိယအချီမှာတော့ စောငမန်းက ပွဲကို သူ့အတွေ့အကြံုနဲ့ ထိန်းဖို့ကြိုးစားလာ တာကို
တွေ့ရပါတယ်။
ဒါပေမဲ့ အသက် အရွယ်ကွာဟမှုကြောင့် သက်လုံပိုင်းနဲ့ မာကျောမှုပိုင်းမှာတော့ ထွန်းထွန်းမင်းကို
စောငမန်း မယှဉ်နိုင်ခဲ့ပါဘူး။ စတုတ္ထအချီ မှာ စောငမန်းရဲ့အရှိုက်ကို တိုက်လိုက်တဲ့ ထွန်းထွန်းမင်း
ရဲ့ ဘယ်ဒူးနဲ့ ခေါင်းတိုက်ချက် တွဲလုံးက မြန်မာ့ရိုးရာလက်ဝှေ့လောက အတွက် အလွတ်တန်း
ချန်ပီယံအသစ် ပေါ်ထွက်လာစေတာပဲဖြစ်ပါတယ်။















