အောက်တိုဘာ ၉ ရက်တွင် စတင်ကျင်းပမည့် အေအက်ဖ်စီ ယူ - ၁၉ ပြိုင်ပွဲကို အကောင်းဆုံး
ပြင်ဆင်ပြီး ကြိုးစားကစားသွားမည် ဖြစ် ကြောင်း မြန်မာအသင်းနည်းပြဖြစ်သူ ဂတ်ဇီဆီက ပြိုင်ပွဲ
အကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ဒီပြိုင်ပွဲအတွက် ကျွန်တော်တို့အသင်း ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ ကျွန်တော်အသင်း
ဟာ အရှေ့တောင်အာရှ မှာ တကယ်တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲက
အာရှအဆင့်ပြိုင်ပွဲ ဖြစ်တာကြောင့် ကျွန်တော့်အသင်းရဲ့အဆင့် ကို ဒီပြိုင်ပွဲမှာ သေချာမြင်တွေ့
ရမှာပါ။ ဒီပြိုင်ပွဲကို အကောင်းဆုံးပြင်ဆင်ပြီး ကြိုးစား မှာဆိုတော့ ရလဒ်ကောင်းရဖို့ မျှော်လင့်ပါ
တယ်"ဟု မြန်မာ ယူ - ၁၉ အသင်း၏နည်းပြ ဂတ်ဇီဆီက ပြောသည်။
အိမ်ရှင်မြန်မာ ယူ - ၁၉ အသင်းသည် ပြိုင်ပွဲ၏ အုပ်စု(က)တွင် အီရန်၊ထိုင်း၊ယီမင်အသင်းများနှင့်
တစ်အုပ်စုတည်း ကျရောက် လျက်ရှိပြီး အောက်တိုဘာ ၉ ရက်တွင် ယီမင်အသင်းနှင့် လည်း
ကောင်း၊ အောက်တိုဘာ ၁၁ ရက်တွင် ထိုင်းအသင်းနှင့် လည်း ကောင်း၊ အောက်တိုဘာ ၁၃
ရက်တွင် အီရန် အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် အာရှနိုင်ငံပေါင်း ၁၆ နိုင်ငံမှ အသင်း ၁၆ သင်းပါ၀င် ယှဉ်ပြိုင် မည်ဖြစ်ပြီး
အောက်တိုဘာ ၉ ရက်မှ ၂၃ ရက် အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းနှင့် နေပြည်တော်
၀ဏ္ဏသိဒ္ဓိဘောလုံးကွင်းတို့ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲ၏ အုပ်စု (ခ) တွင်
ဥဇဘက်ကစ္စတန်၊ ဩစတြေးလျ၊ ယူအေအီး၊ အင်ဒိုနီးရှား အသင်းများပါ၀င်ပြီး အုပ်စု (ဂ) တွင်
တောင် ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဗီယက်နမ်၊ အုပ်စု (ဃ) တွင် အီရတ်၊ မြောက်ကိုရီးယား၊
ကာတာ၊ အိုမန်အသင်းတို့ ပါ၀င်သည်။အဆိုပါပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်
သော အသင်းလေးသင်း သည် ၂၀၁၅ ယူ - ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိ
မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် အာရှ ယူ - ၁၉ ချန်ပီယံ
ရှစ်ပြိုင်ပွဲ၏ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာအသင်းနှင့် ယီမင် ယူ - ၁၉ အသင်းတို့သည်
အောက်တို ဘာ ၉ ရက် ညနေ ၆ နာရီခွဲတွင် ရန်ကုန် မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်
ကစားကြမည်ဖြစ်သည်။















