လာမည့် ၂၀၁၅ ခုနှစ်၊ မေလတွင် နယူးဇီလန် နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ယူ-၂၀ ကမ္ဘာ့ ဖလားတွင်
ရလဒ်ကောင်း တစ်ခုရရှိအောင် ကြိုးစားပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာ့ လက်ရွေးစင် ယူ-၁၉
အသင်း၏ နည်းပြချုပ် ဂတ်ဇီဆီက အောက်တိုဘာလ ၂၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော ကာ
တာအသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့ သည်။
ဂျာမနီလူမျိုး နည်းပြချုပ် ဂတ်ဇီဆီက "ကျွန်တော်က ပြိုင်ပွဲတိုင်းကို သွားရောက် ယှဉ်ပြိုင်နိုင်ရုံဆိုပြီး
၀င်ရောက်ယှဉ်ပြိုင်လေ့ မရှိပါဘူး။ ဒီပြိုင်ပွဲမှာ ကမ္ဘာ့ဖလားဝင်ခွင့် အတွက် အဓိကပစ်မှတ်ထားပြင်
ဆင်ခဲ့တယ်။ ၀င်ရောက်ယှဉ်ပြိုင်ရပြီဆိုရင်တော့ ရလဒ် ကောင်းတစ်ခုရရှိအောင်တော့ ကြိုးစားပြင်
ဆင် သွားမှာပါ။ ကျွန်တော်တို့မှာ ပြင်ဆင်ချိန် ခုနစ်လရှိပါတယ်။ ဒီခုနစ်လအတွင်းမှာ မြန်မာနိုင်ငံ
ဘောလုံးအဖွဲ့ချုပ်နဲ့ တိုင်ပင် ဆွေးနွေးပြီး အသင်းကို အကောင်းဆုံးဖြစ် အောင်ပြင်ဆင်သွားမှာပါ"
ဟုပြောသည်။
မြန်မာ ယူ-၁၉ အသင်း၏ အဓိက အားနည်း ချက်မှာ အရန်ကစားသမားအင်အားရှားပါး ခြင်းဖြစ်
ကြောင်း ဂတ်ဇီဆီက ဆက်လက်ပြော ကြားသည်။ "မြန်မာအသင်းမှာက အဓိက ကစားသမား
၁၁ ဦးပြီးရင် လူစားလဲဖို့ အရန် ကစားသမား အင်အားနည်းပါးပါတယ်။ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက်
ကစားသမားအသစ်တွေ ရှာဖွေရပါမယ်။ အကြိုပြင်ဆင်မှုအနေနဲ့ နိုင်ငံတကာကအသင်းတွေနဲ့
ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်နေပါတယ်။ ဥရောပခရီးစဉ်တွေလည်း သွားဖို့ရှိပါတယ်"ဟု ပြောသည်။
"AFC ပြိုင်ပွဲကို ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အတွက် ရည်ရွယ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ အခုကျွန်
တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ကစားသမားတွေရဲ့ စိတ်ဓာတ်ကို အရမ်း ကျေနပ်မိပါတယ်။ ဒီစိတ်ဓာတ်
လေးကို ဆက်လက် ထိန်းကျောင်းပေးသွားမှာပါ"ဟု ပြောသည်။
မြန်မာ ယူ-၁၉ အသင်းသည်မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ခဲ့သော AFC U-19
Championship 2014 ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ သောကြောင့် ကမ္ဘာ့
ဖလားပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် AFC U-19 Championship 2014 ပြိုင်ပွဲ၏ အုပ်စု(က)တွင် ပါ၀င်
ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုဒုတိယနေရာမှ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ သည်။ ကွာတား
ဖိုင်နယ်ပွဲစဉ်တွင် အာရှ အင်အားကြီး ယူအေအီးအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီမီး
ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာရှကိုယ်စားပြု အသင်းလေးသင်းအနေ
ဖြင့် ပါ၀င်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆီမီးဖိုင်နယ်တွင် ကာတာအသင်းကို မိနစ် ၁၂၀ လုံးအကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ပြီး ၃-၂ ဂိုး
ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ရပြီး ဥဇဘက်ကစ္စတန် အသင်းနှင့် ပူးတွဲတတိယ
သာ ရရှိခဲ့သော်လည်း မြန်မာဘောလုံး သမိုင်းကြောင်းတစ်လျှောက် ကမ္ဘာ့အဆင့်ပြိုင်ပွဲကို ပထမ
ဆုံး ၀င်ရောက် ယှဉ်ပြိုင်ခွင့်ရသော အသင်းတစ်သင်းဖြစ်လာ ခဲ့သည်။















