ဂျူဗီပွဲပန်းနေတာကို သတိထားရမယ်

ဂျူဗီပွဲပန်းနေတာကို သတိထားရမယ်

ဂျူဗင်တပ် - ပါလာမို (တနင်္ဂနွေ၊ ည ရး၃၀)
အဓိကပြိုင်ဘက်ဖြစ်သော ရိုးမားကို အိမ်ကွင်း၌ ၃-၂ဖြင့် နိုင်ပြီးနောက် ဂျူဗင် တပ်သည် အသင်း
ငယ်လေး ဆက်စူလိုကွင်း တွင် ၁-၁ သရေကျလိုက်သောကြောင့် အမှတ်ကွာဟမှုနှင့် ခြေစွမ်းကို
ဆက်ထိန်း နိုင်ပါ့မလားဟု မေးခွန်းထုတ်စရာ ဖြစ်လာ သည်။

ဂျူဗင်တပ်သည် ချန်ပီယံလိဂ်နှင့် စီးရီးအေပြိုင်ပွဲနှစ်ခုကို တစ်ပြိုင်နက်တည်း 'ဖွင့်'ကစားနေရာတွင်
ရိုးမားကဲ့သို့ ခြေစွမ်း ပြနိုင်ခြင်းမရှိဘဲ လတ်တလောခြေစွမ်း အရ ရိုးမားသည် ဂျူဗင်တပ်ထက်
ခြေစွမ်း အားဖြင့် မသာလျှင်သော်မှ အနိမ့်ဆုံး ခြေရည်တူရှိသည်ဟု သုတေသီအများစုက
ထင်ကြေးပေးကြသည်။

ရိုးမားနှင့်ပွဲတွင် အငြင်းပွားဖွယ်ရာ ကွင်းလယ်ဒိုင် အဆုံးအဖြတ်ကြောင့် ပင်နယ်တီနှစ်လုံးဖြင့်
နိုင်ခဲ့သော ဂျူဗင်တပ် သည် ပြီးခဲ့သော ပွဲစဉ်တွင် ဆက်စူလိုကဲ့သို့ အသင်းငယ်လေးကို ယှဉ်ပြိုင်
ရာ၌ ကစား ကွက်နှင့် ဘောလုံးပိုင်ဆိုင်မှုအားဖြင့် တစ်ဖက်သတ်နီးပါး အသာစီးရခဲ့သည်။

သို့ရာတွင် ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာ က ဂျူဗင်တပ်အတွက် တစ်လုံးတည်းသော ဂိုးကို
သွင်းယူခဲ့ပြီး တိုက်စစ်မှူးများဖြစ်သော တေဗက်ဇ်၊ လော်ရန်တေးတို့ ဂိုးပေါက် ပျောက်ခဲ့သည်။
တေဗက်ဇ်သည် ရိုးမားနှင့်ပွဲတွင် နှစ်ဂိုး သွင်းနိုင်ခဲ့သော်လည်း ပင်နယ်တီမှတစ်ဆင့် သွင်းယူခြင်း
သာဖြစ်ပြီး ဆက်စူလို နှင့်ပွဲတွင် ဂိုးသွင်းနိုင်ခြင်း မရှိပေ။ တစ်ဖန် လော်ရန်တေးသည် ယခုရာသီ
စီးရီးအေ တွင် ခုနစ်ပွဲစလုံးပါ၀င်ကစားခွင့်ရခဲ့သော် လည်း တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသေးသော
ကြောင့် တေဗက်ဇ်-လော်ရန်တေး တိုက်စစ်တွဲသည် ဂျူဗင်တပ်အတွက် အမှန် တကယ် အားကိုး
ရပါ့မလား၊ အထူးသဖြင့် အဆုံးအဖြတ် ပွဲစဉ်များတွင် အားထားရပါ့ မလားဟု မေးခွန်းထုတ်စရာ
ဖြစ်လာသည်။

တစ်ဖန် ရီးယဲလ်မက်ဒရစ်မှ ခေါ်ယူလိုက် သော စပိန်တိုက်စစ်မှူးလေး မိုရာတာမှာ လေးပွဲကစားခဲ့
ရာတွင် တစ်ဂိုးသွင်းယူနိုင် ပြီး အီတလီလက်ရွေးစင်တိုက်စစ်မှူး ဂျီယို ဗင်ကိုမှာမူ နှစ်ပွဲကစားခွင့်ရပြီး
တစ်ဂိုးမျှ သွင်းယူနိုင်ခြင်းမရှိသောကြောင့် ဂျူဗင်တပ် တိုက်စစ် အရန်အင်အားမှာ အားရစရာ မရှိပေ။

သို့ရာတွင် ပြည်တွင်းစီးရီးအေ အမှတ် ပေးပွဲ၌ ဂျူဗင်တပ်သည် စိတ်ဓာတ်ရော ခြေစွမ်းပါ အသာ
စီးရနေသည်။ ဂျူဗင်တပ် ခြေစွမ်းသည် ရိုးမားနှင့်ပွဲတွင်သာ ဝေဖန်ခံ ခဲ့ရသော်လည်း ကျန်စီးရီးအေ
ပွဲတိုင်းလိုလို ခြေစွမ်းပြနိုင်ခဲ့သည်။ ကွင်းလယ်တိုက်စစ် သမားများ၏ ဖြည့်ဆည်းပံ့ပိုးမှုကြောင့်
ဂျူဗင်တပ်တိုက်စစ်သည် ထက်မြက်လျက် ရှိပြီး ခုနစ်ပွဲကစားပြီးရာ၌ ၁၄ ဂိုးသွင်းယူ ထားပြီး
တစ်ပွဲပျမ်းမျှ နှစ်ဂိုးသွင်းထားသည်။

သို့ရာတွင် ပေးဂိုးသုံးဂိုးသာရှိပြီး ငါးပွဲဆက် တိုက် ပေးဂိုးမရှိသောကြောင့် ဂျူဗင်တပ် ခံစစ်ကြောင်း
သည် စီးရီးအေတွင် အကောင်း ဆုံးအဖြစ် ရပ်တည်နေသည်။ ဂျူဗင်တပ်နောက်တန်းတွင် အီတလီ
လက်ရွေးစင် နောက်ခံလူများဖြစ်ကြသော အော့ဘွန်နာ၊ ချီလီနီနှင့် ဘိုနုချီတို့သည် နားလည်ချိတ်
ဆက်မှု၊ ကစားအား၊ အတွေ့ အကြံု ကောင်းမွန်မြင့်မားသည်။ ဂျူဗင်တပ်ကွင်းလယ်သည် စွမ်း
ဆောင် ရည်မြင့်မားပြီး စုဖွဲ့မှု ကျစ်လျစ်သည်။ တိုက်စစ်မှူးများကို ဂိုးသွင်းခွင့်များ စနစ် တကျ
ဖန်တီးပ့ံပိုးပေးနိုင်သကဲ့သို့ အရေးပါ သော အဆုံးအဖြတ်ဂိုးများကိုလည်း ကွင်းလယ်ကစားသမား
များ ကိုယ်တိုင် တက်သွင်းနိုင်စွမ်းရှိကြသည်။

ပြီးခဲ့သော ဆက်စူလိုနှင့်ပွဲတွင်မူ အဓိက ကွင်းလယ်လူ ဗီဒဲလ်မပါ၀င်ဘဲ မာချီစီယိုကိုလည်း ဒုတိယ
ပိုင်း မိနစ် ၆၀ မှ ထည့်သွင်းခဲ့သည်။ တစ်ဖန် ပီယာလိုသည်လည်း ယခင်ပွဲများ လောက် အားစိုက်
ကစားခြင်းမရှိသော ကြောင့် ယေဘုယျအားဖြင့် ဂျူဗင်တပ်သည် ဆက်စူလိုနှင့်ပွဲတွင် ကွင်းလယ်
'၀ိတ်လျှော့' ခဲ့ဟု ကောက်ချက်ဆွဲနိုင်သည်။ တစ်ဖက်တွင် ဂျူဗင်တပ်ကို ရင်ဆိုင်မည့် ပါလာမို
သည် တန်းတက်အသင်းဖြစ်သော ကြောင့် ခြေစွမ်းကွာဟမှု ကြီးမားသည်။

ပါလာမိုသည် ပြီးခဲ့သောပွဲစဉ်၌ ဘဝတူ တန်းတက်အသင်း စီဆီနာကို အိမ်ကွင်းတွင် အကြိတ်
အနယ် ယှဉ်ပြိုင်ပြီးမှ ၂-၁ ဖြင့် နိုင်ခဲ့သောကြောင့် ယခုရာသီ စီးရီးအေ ပထမဆုံးနိုင်ပွဲကို စတင်
ရရှိခဲ့သည်။ ပါလာမိုတိုက်စစ်မှူးများသည် အသက် ၂၄ နှစ်အောက်များသာ ဖြစ်သောကြောင့်
ကစားအား၊ ပြေးအား၊ ပါ၀ါကောင်းမွန်သော်လည်း ပွဲကျပ်များတွင် ကြံရည်ဖန်ရည်၊ အတွေ့
အကြံုများ လိုအပ်နေသေးသည်။

ဆီစီနာနှင့် ကစားသောပွဲတွင် ပါလာမို တိုက်စစ်နှင့် ကွင်းလယ်တွင် အသက် ၂၅ နှစ်အထက်
ကစားသမားတစ်ဦးသာ ပါ၀င် သည်။ နောက်တန်းတွင်လည်း အန်ဒယ် ကိုဗစ် (၂၈ နှစ်)၊ ဂွန်ဇာ
လက် (၂၆ နှစ်)၊ မူနော့ဇ် (၂၄ နှစ်)တို့ကို ထည့်သွင်းခဲ့ရာ ကစားအား ကောင်းမွန်သော်လည်း
နောက်ခံလူများ မကြာခဏပြောင်းလဲနေခြင်းကြောင့် ခံစစ်ကြောင်းတည်ငြိမ်မှု နည်းပါးသည်။

ဆိုရပါလျှင် ဂျူဗင်တပ်သည် ကြားရက် တွင်ကစားမည့် ချန်ပီယံလိဂ် အဝေးကွင်း တွင် အစွမ်းကုန်
ဖျစ်ညှစ်ကစားပြီးနောက် အိမ်ကွင်းတွင် ပါလာမိုနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် ချန်ပီယံလိဂ်
ပွဲတွင် ထွက် ပေါ်ခဲ့သော ရလဒ်ပေါ်မူတည်ကာ အလှည့် အပြောင်းများ ဖြစ်လာနိုင်သည်။

စီးရီးအေ ပြိုင်ပွဲ၌ ဂျူဗင်တပ်သည် ခြေစွမ်းရော၊ စိတ်ဓာတ်ပါ အသာစီးရနေသောကြောင့် ယခုပွဲတွင်
အိမ်ရှင်အားသာချက်ကို အမိအရ ယူကာ ပြိုင်ဘက်ကို အနိုင်ကစားသွားမည် ဖြစ်သည်။

သို့ရာတွင် ပွဲပန်းနိုင်ဖွယ်ရှိသော ကြောင့် ခပ်ပါးပါးအနိုင်သာ ထိန်းကစား သွားမည်ဟု ယူဆမိသည်။



ဖတ်ရှုမှုအများဆုံး