ဗလင်စီယာမြို့ခံနှစ်သင်းဆုံမယ့်ပွဲမှာ ဗီလာရီးယဲလ်ကိုပဲ ရွေးထားမယ်

ဗလင်စီယာမြို့ခံနှစ်သင်းဆုံမယ့်ပွဲမှာ ဗီလာရီးယဲလ်ကိုပဲ ရွေးထားမယ်

ဗီလာရီးယဲလ် - ဗလင်စီယာ
တနင်္ဂနွေ၊ ည ၁၀း၃၀ လာလီဂါက ကိုးပွဲစီကစားပြီးမှာ ခါတိုင်း ရာသီတွေနဲ့မတူဘဲ ထိပ်ပိုင်း
အသင်းတွေ ကြားမှာ အမှတ်ကွာဟမှုတွေသိပ်မရှိပါဘူး။ အရင်ရာသီတွေကဆိုရင် အသင်းကြီး
တွေနဲ့ ကျန်တဲ့အသင်းတွေကြားမှာ ဒီအချိန်လောက် ကစပြီး အမှတ်ကွာဟမှုရှိခဲ့ပေမယ့် ဒီရာသီ
မှာတော့ ထိပ်ပိုင်းမှာ အသင်းအများစုအပြိုင် အဆိုင်ပိုဖြစ်လာတာတွေ့ရတယ်။

ဒီအနေအထားဟာ နောက်လာမယ့်ပွဲတွေမှာ ချန်ပီယံ ဆုအတွက် မဟုတ်ရင်တောင် ဥရောပပွဲဝင်
ခွင့် အတွက် အပြိုင်အဆိုင်ပိုရှိလာတော့မယ့်ပုံမျိုး ပေါ်လာပါတယ်။ အခုတစ်ပတ်ကစားမယ့် ပွဲစဉ်
(၁၀) မှာ တော့ အသင်းကြီးတွေအတွက် သိပ်ခက်ခဲမယ် လို့ ထင်ရတဲ့ ပြိုင်ဘက်မျိုးတွေလည်း
ရင်ဆိုင် ရဖို့ မရှိပါဘူး။

ဒီတစ်ပတ်ပွဲတွေထဲမှာ အကြိတ်အနယ် အဖြစ်နိုင်ဆုံးပွဲကတော့ ဗလင်စီယာမြို့ခံနှစ်သင်းရဲ့ ထိပ်
တိုက်ဆုံမယ့် ပွဲပါပဲ။ ဗလင်စီယာမြို့ခံနှစ်သင်းဖြစ်တဲ့ ဗီလာရီးယဲလ်နဲ့ ဗလင်စီယာအသင်းတွေဟာ
ဗီလာရီးယဲလ်ရဲ့ကွင်း အယ်လ်မက်ဒရီဂယ်မှာ ယှဉ်ပြိုင်ရဖို့ရှိပြီး ဒီပွဲဟာ မြို့ခံပြိုင်ဘက် နှစ်သင်းရဲ့
ပွဲပီပီ အကြိတ်အနယ်နဲ့ အနိုင်မခံ အရှုံးမပေးဘဲ ကစားကြမယ့်ပွဲမျိုးပါပဲ။ ဒီရာသီ ဒီနှစ်သင်းရဲ့
ခြေစွမ်းပိုင်းကိုကြည့်မယ်ဆိုရင် လည်း သိပ်ပြီးမကွာလှပါဘူး။ ဗီလာရီးယဲလ်ဟာ အသင်းကြီးတွေ
နဲ့ကစားထားရတဲ့ပွဲတွေကို အရေးနိမ့်ထားလို့ သာ ရမှတ်ပိုင်းမှာ ဗလင်စီယာထက်နည်းနေပေမယ့်
ခြေစွမ်းပိုင်းအရတော့ ဗလင်စီယာကို ကောင်းကောင်းဖိအားပေးနိုင်မယ့် ခြေစွမ်း မျိုးကို ပိုင်ဆိုင်ထား
တယ်။

ဗလင်စီယာက လည်း ဒီရာသီမှာ လာလီဂါတစ်ခုတည်းကို အာရုံစိုက်ထားခွင့်ရရှိနေတဲ့ အသင်းပီပီ
ခြေစွမ်းပိုင်းတည်ငြိမ်မှုကိုလည်း ထိန်းထားနိုင်တာတွေ့ရတယ်။ နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း
ပွဲမှာ ဒီပို့တီဗိုကို အရေးနိမ့်ခဲ့ရ တာကလွဲပြီး အိမ်ကွင်း အဝေးကွင်းမရွေး အကောင်းဆုံးကစားပြ
နေနိုင်တဲ့ ခြေစွမ်းနဲ့ဆိုရင် ဒီပွဲဟာ အဝေးကွင်းမှာဆိုပေမယ့် လည်း ဗလင်စီယာကို သိပ်ပြီးလျှော့
တွက်လို့ တော့ရမယ် မထင်ပါဘူး။ ဗီလာရီးယဲလ်ဟာ အခုနောက်ပိုင်းပွဲတွေ မှာ တိုက်စစ်မှာ
အူချီရော ဒေါ့ဆန်းတို့စ်ပါ နှစ်ယောက်စလုံး ပြန်ကစားနိုင်နေပြီး တိုက်စစ် ကစားပုံ တိုးတက်မှုရှိ
လာတာ တွေ့ရတယ်။

အထူးသဖြင့် ကွင်းလယ်ကို အားပြုကာ လျင်လျင် မြန်မြန်နဲ့ထိုးဖောက်ကစားတတ်တဲ့ ဗီလာရီး
ယဲလ်ရဲ့ကစားပုံက ဗလင်စီယာကို ကောင်း ကောင်းဖိအားပေးနိုင်ဖို့ ရှိနေတယ်။ ဗလင်စီယာက
တော့ အဝေးကွင်းမှာ အိမ်ကွင်းလိုမဟုတ်ဘဲ အနည်းငယ် ထိန်း ကစားတတ်တာတွေ့ရတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အဝေးကွင်းပွဲမှာ ဒီပို့တီဗိုကို အရှုံးပေးခဲ့ရပြီး အဲဒီပွဲမှာ ဒီပို့ရဲ့ မြန်နှုန်းမြင့် ထိုးဖောက်
ကစားဟန်ကို မနည်းထိန်းချုပ်ကစားနေရတာ တွေ့ရတယ်။ အထူးသဖြင့် ဗလင်စီယာခံစစ် ဟာ
သိပ်စိတ်ချထားလို့မရသေးဘဲ ပွဲတိုင်း နီးပါးဂိုးပေးနေရတဲ့ အနေအထားကလည်း ခံစစ်အမှားကို
စောင့်ကစားပြီး ဂိုးရအောင် ယူတတ်တဲ့ ဗီလာရီးယဲလ် တိုက်စစ်မှူး အူချီ ကြောင့် အခက်တွေ့မယ့်
ပုံတော့ ရှိတယ်။

ဗီလာရီးယဲလ်ဟာ အိမ်ကွင်းဆိုပေမယ့် လည်း ခံစစ်ကိုသတိထားကစားတတ်တယ်။ ခံစစ်မှာ
အသင်းခေါင်းဆောင် ဘရူနိုဟာခံစစ်ကြောင်းကို ဦးဆောင်မှုပေးနိုင်ပေမယ့် လျင်မြန်တဲ့ တိုက်
စစ်ဆင်မှုမျိုးတွေနဲ့ တွေ့ရင် တော့ ဗီလာရီးယဲလ်ခံစစ်ကစားပုံဟာ အနည်း ငယ် အားလျော့သွား
တတ်တာမျိုး ဖြစ်သွား တတ်တယ်။ ဒီအချက်ဟာ ဗလင်စီယာအတွက် အခွင့် အရေး ဖြစ်လာနိုင်
တယ်။ ဗလင်စီယာဟာ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်ကစားရာမှာ ကောင်းမွန်မှုရှိပြီး တိုက်စစ်
မှာလည်း အခွင့် အရေးရရင် ဂိုးသွင်းနိုင်တဲ့ အယ်လ်ကာဆာ လို တိုက်စစ်မှူးမျိုးတွေ ရှိနေတာကြောင့်
ဗီလာရီးယဲလ်ခံစစ်ကို အချိန်မရွေး ဒုက္ခပေး သွားနိုင်စွမ်းရှိတယ်။

အထူးသဖြင့် ဗလင်စီယာ ကွင်းလယ်မှ ပါရီရို၊ ပီယက်တီ၊ အီဘန်နက်၊ ဇူကူလီနီ စတဲ့ကစားသမား
တွေဟာ လျင်မြန်မှု အားကောင်းပြီး တိုက်စစ်ဖန်တီးပေးမှုတွေကို အမြန်ဆုံး ပြုလုပ်ပေးနိုင်စွမ်းရှိ
တယ်။ ဒါပေမဲ့ ဗလင်စီယာရဲ့ အဓိကအားနည်းမှုက ကွင်းလယ် အဖျက်ပိုင်းပဲဖြစတယ်။ ဒီပွဲဟာ
မြို့ခံပြိုင်ဘက် အသင်းနှစ်သင်းရဲ့ ပွဲပီပီ နှစ်သင်းစလုံး အမှားမခံစတမ်း ကစား ကြဖို့ရှိနေတဲ့အပြင်
နှစ်သင်းစလုံးကလည်း ကြားထဲမှာ အနားရထားခဲ့ကြလို့ အင်ပြည့် အားပြည့်နဲ့ ကစားနိုင်ကြမယ့်
ပုံအရ အပြိုင် အဆိုင်ရှိမယ့်ပွဲမျိုးလို့ ပြောနိုင်တယ်။ မြို့ခံပွဲတွေမှာ များသောအားဖြင့် အိမ်ရှင်အသင်း
တွေအသာရလေ့ရှိပြီး ပြီးခဲ့တဲ့ရာသီကလည်း ဗီလာရီးယဲလ်ရဲ့ ဂိုးပြတ်အနိုင်ယူမှုကို ခံထားရတဲ့
ဗလင်စီယာအတွက် ဒီပွဲမှာ ဗီလာရီးယဲလ် ဆီက သုံးမှတ်အပြည့်ရအောင် ယူသွားနိုင်ဖို့ ဆိုတာ
သိပ်ပြီးမလွယ်လောက်ပါဘူး။ဒါကြောင့် ဒီပွဲအတွက် ဂိုးအများနဲ့ ဗီလာရီးယဲလ်ကို ရွေးထားချင်တယ်။

အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ * ဒီပို့တီဗို - ဂီတာဖေး
စနေ၊ ည ၉း၃၀ ဂရန်နာဒါ - ရီးယဲလ် *
စနေ၊ ည ၁၁း၃၀ * အလက်တီကို - ကော်ဒိုဘာ
တနင်္ဂနွေ၊ နံနက် ၁း၃၀ * ဘာစီလိုနာ - ဆယ်လ်တာ
တနင်္ဂနွေ၊ နံနက် ၃း၃၀ * ဆိုစီဒက် - မာလာဂါ
တနင်္ဂနွေ၊ ညနေ ၅း၃၀ ဘီလ်ဘာအို - ဆီဗီလာ *
တနင်္လာ၊ နံနက် ၀၀း၃၀ * လီဗန်တေး - အယ်လ်မီရီယာ
တနင်္လာ၊ နံနက် ၂း၃၀ အယ်လ်ချီ - အက်စ်ပန်ညို *
အင်္ဂါ၊ နံနက် ၂း၁၅ * ရာယို - အိုင်ဘာ



ဖတ်ရှုမှုအများဆုံး