အားကောင်းလာတဲ့ နောက်ထပ် လန်ဒန်ကလပ်အသင်း (သို့မဟုတ်) ၀က်စ်ဟမ်းယူနိုက်တက်

အားကောင်းလာတဲ့ နောက်ထပ် လန်ဒန်ကလပ်အသင်း (သို့မဟုတ်) ၀က်စ်ဟမ်းယူနိုက်တက်

၀က်စ်ဟမ်းယူနိုက်တက် ကလပ်အသင်းဆိုတာ လန်ဒန်အခြေစိုက်အသင်းပါ။ လန်ဒန်အရှေ့ ပိုင်း
မှာ အခြေစိုက်ထားတဲ့ အသင်းဖြစ်ပါ တယ်။ ပရီမီယာလိဂ်ရဲ့ လန်ဒန်အခြေစိုက် အသင်းတွေထဲ
မှာ ၀က်စ်ဟမ်းယူနိုက်တက် ဟာ တစ်ချိန်က လူငယ်ကစားသမားတွေမွေးထုတ်ပေးနိုင်တဲ့ အသင်း
ဖြစ်ပေမယ့် ထိပ်တန်းအသင်းအဆင့်ကို ရောက်လာခဲ့တဲ့ အသင်းတော့ မဟုတ်ခဲ့ပါဘူး။

အလယ် အလတ်အဆင့်မှာ ရှိရင်ရှိ၊ မရှိခဲ့ရင် တန်းဆင်းဇုန်နားမှာ ရုန်းကန်၊ ပြီးရင်တန်းဆင်းသွား
ဆိုတဲ့ အနေအထားနဲ့ပဲ ၀ဲလည်နေတဲ့ ကလပ်အသင်းတစ်သင်းသာပဲ ဖြစ်ပါတယ်။ အခုတော့
၀က်စ်ဟမ်းရဲ့မျှော်လင့်ချက်တွေ က ပြောင်းလဲတိုးတက်လို့လာနေပြီ ဖြစ်ပါ တယ်။ လန်ဒန်အသင်း
တွေထဲမှာ အာဆင်နယ်၊ ချယ်လ်ဆီးတို့ ဥရောပထိပ်သီးအသင်းတွေ ဖြစ်နေသလို တော့တင်ဟမ်
ဟော့စပါးအသင်း ဟာလည်း တိုးတက်လာခဲ့ပြီး ပရီမီယာလိဂ် မှာ ထိပ်သီးအဆင့်ရောက်အောင်
ကြိုးပမ်း နေတဲ့အသင်း ဖြစ်ပါတယ်။

ဒီရာသီမှာ တော့တင်ဟမ်အသင်း ပရီမီယာလိဂ်မှာ ရုန်းကန်နေချိန်မှာတော့ လန်ဒန်အရှေ့ပိုင်း က ၀က်စ်ဟမ်းအသင်းဟာ တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နေရာကို ၀င်ရောက်နေရာယူဖို့
အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ ပရီမီယာလိဂ်ပွဲစဉ်(၁၀)ကစားပြီးချိန်မှာ ၀က်စ်ဟမ်းဟာ အဆင့်(၅)
နေရာမှာ အဆင့်(၄) နေရာက အာဆင်နယ်နဲ့အတူ ရမှတ် ၁၇ မှတ် နဲ့ ရပ်တည်နေပြီဖြစ်ပါတယ်။
ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ယူ၊ လီဗာပူး၊ အဲဗာတန်၊ စပါး တို့ဟာ ၀က်စ်ဟမ်းရဲ့အောက်မှာသာ
ရပ်တည် နေတာက ၀က်စ်ဟမ်းအနေနဲ့ အိမ်မက်မက်လို့ရတဲ့ အခြေအနေဖြစ်လို့နေပြီဖြစ်ပါတယ်။

၀က်စ်ဟမ်းရဲ့ အဓိကရှယ်ယာရှင် တွေက ဒေးဗစ်ဆူလီဗန် ၅၅ ဒသမ ၆ ရာခိုင် နှုန်းနဲ့ ဒေးဗစ်ဂိုးလ်
၃၀ ဒသမ ၆ ရာခိုင်နှုန်းတို့ပဲ ဖြစ်ပါတယ်။ အသင်းကို အဓိကစီမံကွပ်ကဲသူက အမျိုးသား မဟုတ်ဘဲ
အမျိုးသမီးဖြစ်တဲ့ ကယ်ရင်ဘရက်ဒီ ပဲ ဖြစ်ပါတယ်။ ဒီသုံးဦးလက်တွဲလာခဲ့ကြတာ အခုမှမဟုတ်ပါ
ဘူး။ ဘာမင်ဂမ်အသင်းကို သူတို့ပိုင်ဆိုင်စဉ်ကတည်းက လက်တွဲ လာတဲ့သူတွေပဲ ဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးလောကအကြောင်းကို နောကျေအောင် သိထားကြသူတွေလည်း ဖြစ်ကြပါ
တယ်။

ဒါပေမဲ့ သူတို့တွေဟာ ၀က်စ်ဟမ်းကို ချက်ချင်း ဆွဲတင်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သူတို့ တွေ
ငွေတွေအလုံးအရင်းနဲ့ မသုံးစွဲဘဲ ချွေတာ သုံးစွဲခဲ့လို့ ၂၀၁၀ဪ၁၁ ဘောလုံးရာသီက ၀က်စ်ဟမ်း
ဟာ တန်းတောင်ဆင်းသွားခဲ့ရပါတယ်။ ဒါပေမဲ့ ချက်ချင်းတန်းပြန်တက်နိုင်အောင် အဘိုးကြီးနှစ်
ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ ကြိုးပမ်းနိုင်ခဲ့ကြပါတယ်။ အခုနှစ်မှာတော့ သူတို့သုံးဦးဟာ
၂၅ သန်း အထိ ငွေသုံးစွဲရင်း ၀က်စ်ဟမ်းကို အပြောင်း အလဲစတင်ပြောင်းလဲလိုက်ခြင်းက အခု
လို ၀က်စ်ဟမ်းအသင်း အဆင့်(၅)နေရာရောက်လာဖို့ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒေးဗစ်ဆူလီဗန်၊ ဒေးဗစ်ဂိုးလ်၊ ကယ်ရင်ဘရက်ဒီနဲ့ မန်နေဂျာ ဆမ်အလာဒိုက်စ်တို့ဟာ ကစားသမား
ရှာဖွေမှုကောင်းခဲ့တဲ့ ရာသီတစ်ခုဖြစ်ခဲ့ တာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ၀က်စ်ဟမ်းကို
ကြည့်လိုက်ရင် အသင်းက တော်တော်ကြီးကို ပြောင်းလဲသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
တိုက်စစ်နေရာ၊ ကွင်းလယ်နေရာ၊ နောက်တန်းအစွန်နေရာတို့ကို ၀က်စ်ဟမ်းပြောင်းလဲလိုက်
တာပါ။ အရင်လိုအသက်ကြီးကစားသမားတွေနဲ့ ၀က်စ်ဟမ်း မဟုတ်တော့ပါဘူး။

အရင်က ၀က်စ်ဟမ်းတိုက်စစ်မှာ အင်ဒီကာရိုးလ်ဒဏ်ရာရသွားရင် ၀က်စ် ဟမ်းတိုက်စစ်ဟာ
အားနည်းသွားတာမျိုး ဖြစ်သွားပေမယ့် အခုတော့ ၀က်စ်ဟမ်းတိုက် စစ်ကအဲဒီလိုမဟုတ်တော့
ပါဘူး၊ ကွင်းလယ် မှာ နိုဘယ်နဲ့နိုလန်နာသွားခဲ့ရင် ၀က်စ်ဟမ်း ပြဿနာဖြစ်တတ်ပေမယ့်အခုတော့
တောင့် တင်းနေပါပြီ။ ပြီးခဲ့တဲ့နွေရာသီမှာ ၀က်စ်ဟမ်း ဟာ ပေါင် ၂၅ သန်း သုံးစွဲခဲ့တော့ အီကွေ
ဒေါ တိုက်စစ်မှူး အင်နာဗလင်စီယာကို ပေါင် ၁၂ သန်းပေးပြီးခေါ်ခဲ့သလို ပြင်သစ်ကလပ် မက်ဇ်က
ဆီနီဂေါတိုက်စစ်မှူး ဒီယာဖရာဆာခို၊ အန်ဒါလက်ချ်ကွင်းလယ်သမား ကိုယိုတေ၊ အာဂျင်တီးနား
ကွင်းလယ် သမား ဇာရက်တီ၊ မနှစ်က ဘာစီလိုနာက ၀က်စ်ဘရွန်း ကိုအငှားချခဲ့တဲ့ အမယ်ဖီတာနို၊
ပြီးတော့ နောက် တန်း အစွန်သမား ခရက်စ်ဝဲလ်နဲ့ ကွင်းလယ် သမား ပိုယက်စ်တို့ကို စာချုပ် ချုပ်ဆို
ခဲ့တာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဘာစီ လိုနာက အာဆင်နယ်ကစားသမားဟောင်း ကွင်း လယ် ခံ
စစ်အကူ ကစားသမား အလက်ဇန်ဒါးဆောင်းနဲ့ အာ ဆင်နယ် နောက်တန်းညာအစွန် ကစား
သမား ဂျန်ကင်ဆင်တို့ကို အငှားနဲ့ ခေါ်လိုက်တဲ့အတွက် ၀က်စ် ဟမ်းဟာ တော်တော် ကြီးကို
ပြောင်းလဲသွားတဲ့ အသင်းဖြစ်သွား ခဲ့တာက အခုလို ထိပ်တန်းအဆင့်ရောက် ဖို့ ဖြစ်လာစေတဲ့
အကြောင်းရင်းပဲဖြစ်ပါ တယ်။

အလက်ဇန်ဒါးဆောင်း၊ ကိုယိုတေ၊ ခရက်စ်ဝဲလ်၊ ဆာခို၊ အမယ်ဖီတာနို၊ ဗလင် စီယာတို့ဟာ ပုံမှန်
ပွဲထွက်ခွင့်ရတဲ့ ကစားသမားဖြစ်လာခဲ့လို့ မက်ဂျာဗစ်၊ ဗက်ဇ်တီ၊ နိုလန်၊ ကာလ်တန်ကိုးလ်၊ ဒီမဲလ်၊
အိုဘရီယန်တို့ဟာ နေရာပျောက်သွားခဲ့ကြပြီ ဖြစ်ပါတယ်။ ရာသီအစ ဩဂုတ်လထဲမှာ ၀က်စ်ဟမ်း
ဟာ ခြေစွမ်းမကောင်းခဲ့ဘဲ စပါးနဲ့ ဆောက် သမ်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် စက်တင်ဘာ
လထဲမှာတော့ လီဗာပူးကို အနိုင်ကစားခဲ့ပြီးတဲ့နောက်ကစပြီး ၀က်စ်ဟမ်းဟာ ပြောင်းလဲသွားခဲ့တာ
အောက်တိုဘာထဲမှာလည်း မန်စီးတီးကိုအိမ်ကွင်းမှာ အနိုင်ကစားသွားခဲ့တာက အခုလိုထိပ်တန်း
အသင်း ဖြစ်လာဖို့အကြောင်း ဖန်လာခဲ့တာပဲဖြစ်ပါတယ်။

မန်နေဂျာဆမ်အလာဒိုက်စ်ဟာ ၀က်စ်ဟမ်းကို ၄-၃-၁-၂ ကစားကွက်အသစ် နဲ့ တည်ဆောက်
ထားတာ ဖြစ်ပါတယ်။ ဒီကစားကွက်ကို မနှစ်က လီဗာပူးအသင်းကစားခဲ့ပြီး ခြေစွမ်းပြ ဂိုးတွေ
သွင်းနိုင်ပေမယ့် ဒီနှစ်မှာ ဘရန်ဒန်ရော်ဂျာဟာ အောင်မြင်မှု မရဘဲ ဆမ်အလာဒိုက်စ်က အောင်
မြင်နေ ခဲ့တာပဲ ဖြစ်ပါတယ်။

အရင်က ၀က်စ်ဟမ်း ဆိုရင် တောင်ပံအားကိုးနဲ့ ဖြတ်တင်ဘောတွေ ပို့ကစားတဲ့အသင်းဖြစ်ပေမယ့်
အခုတော့ အဲဒီလိုမဟုတ်ဘဲ အမြန်နှုန်းအောက်မှာ ဘောလုံးပေးပို့မှု အတိုကစားဟန်နဲ့ ကစားနေ
တဲ့အသင်း ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။အသစ်ဝယ်ခဲ့၊ ငှားခဲ့တဲ့ကစားသမားတွေဟာ အသင်းမှာ ချက်
ချင်းအထိုင်ကျပြီး နေရာရနေ တာကလည်း ဆမ်အလာဒိုက်စ်အတွက် ကံကောင်းမှုပဲ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ ဒေါင်းနင်းကို အများအမြင်မှာ တောင်ပံသမား ဖြတ်တင်ဘောတွေ ပေးမယ်လို့ မြင်
ထားကြ တာပါ။ ဒီနှစ်မှာတော့ ဒေါင်းနင်းဟာ အဲဒီလို မဟုတ်တော့ဘဲ နောက်ချန်တိုက်စစ်နေရာ
ကိုဝင်ပြီး နေရာလွတ်တွေ လိုက်ဖြည့်ကစားပေးသူ ဖြစ်နေခဲ့ပြီဖြစ်ပါတယ်။ အသစ်ရောက်လာ တဲ့
ဗလင်စီယာ (တောင်အမေရိက)နဲ့ ဆာခို(အာဖရိက)တို့ တိုက်စစ်အတွဲ ကတော့ အတွဲညီညီ
အပေးအယူမိမိ အဆုံးသတ်ကောင်းကောင်းနဲ့ကစားနေတဲ့ သတိထားရတဲ့ တိုက်စစ်အတွဲ ဖြစ်နေ
ခဲ့ပါတယ်။

ဆီနီဂေါလက်ရွေးစင်ဆာခိုဆိုရင် သူကစားရတဲ့ ခြောက်ပွဲဆက်တိုက်မှာ ဂိုးသွင်းနိုင်တဲ့ ကစား
သမားဖြစ်ခဲ့ပြီး ၀က်စ်ဟမ်းရဲ့ ပထမဆုံးကစားသမား ဖြစ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူဟာ
ဂိုးမသွင်း နိုင်တော့ ဗလင်စီယာက ဂိုးသွင်းသွားခဲ့ပြန်ပါတယ်။ မနှစ်က ပရီမီယာလိဂ်ချန်ပီယံဖလား
ကို အကြိတ်အနယ်လုခဲ့ကြတဲ့ မန်စီးတီးနဲ့ လီဗာပူးတို့ဟာ ဒီနှစ်မှာတော့ ၀က်စ်ဟမ်း ကွင်းမှာ
အရှုံးနဲ့ကြံုတွေ့ထားကြပြီ ဖြစ်ပါတယ်။ မထင်မရှားကစားသမားတွေကို ရှာဖွေနိုင်စွမ်း ရှိတာကိုက
၀က်စ်ဟမ်းအတွက် အမြတ်ထွက် မှုပဲဖြစ်ပါတယ်။ တိုက်စစ်က ဗလင်စီယာရော၊ ဆာခိုပါ ကြံ့ခိုင်
ကြသလို တစ်ကိုယ်တော်ထိုးဖောက်မှုတွေကလည်း သတိပြုစရာ ဖြစ်လာစေခဲ့ပါတယ်။

မနှစ်က တစ်ရာသီလုံး မှာ ၀က်စ်ဟမ်းမှာ ဂိုးအများဆုံးသွင်းနိုင်သူက ကီဗင်နိုလန် ခုနစ်ဂိုးသာဖြစ်ခဲ့
ပေမယ့် အခု ၁၀ ပွဲကစားအပြီးမှာတင် ဆာခိုတစ်ဦးတည်း က ခုနစ်ဂိုးသွင်းထားခဲ့ပြီဖြစ်ပါတယ်။
ဆာခို-ဗလင်စီယာတိုက်စစ်အတွဲဟာ အခုဆိုရင် ၁၀ ဂိုးသွင်းထားကြပြီ ဖြစ်ပါတယ်။ ၀က်စ်ဟမ်းရဲ့
ကွင်းလယ်နဲ့ တိုက်စစ်နေရာ တွေက လုံးဝကိုပြောင်းလဲသွားပြီး လူဟောင်း ထဲက မာ့ခ်နိုဘယ်နဲ့
ဒေါင်းနင်းသာဦးစားပေး နေရာရရှိနေခဲ့ကြပြီး ကျန်တဲ့လေးနေရာမှာက ကစားသမားအသစ်တွေ
သာ နေရာရ နေခဲ့ကြပါတယ်။ ဒါကြောင့် အင်ဒီကာရိုးလ် ဒဏ်ရာက ပြန်ကောင်းလာမယ်ဆိုရင်
တောင် ကာရိုးလ်ဟာ ၀က်စ်ဟမ်းတိုက်စစ်မှာ နေရာ ရဖို့ မလွယ်တဲ့အခြေအနေကို ရောက်သွား
ဖွယ်ရှိနေပါတယ်။

၀က်စ်ဟမ်းဟာ ပွဲဦးထွက် စပါးနဲ့ပွဲမှာ ဂိုးမသွင်းနိုင်တာကလွဲရင် ကျန်တဲ့ပွဲတိုင်းမှာ ဂိုးသွင်းနိုင်တဲ့
အသင်း ဖြစ်နေတာက ၀က်စ်ဟမ်းအပေါ်မှာ သတိပြု စရာဖြစ်ပါတယ်။ မနှစ်က အဝေးကွင်းရောက်
ရင် ၀က်စ်ဟမ်းဟာ ခံစစ်ကစားတဲ့အသင်းဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အဝေးကွင်း မှာတောင် ဂိုး
သွင်းအားက အိမ်ကွင်းထက် ပိုကောင်းတဲ့အသင်းဖြစ်နေခဲ့ပါတယ်။ ၁၀ ပွဲကစားအပြီးမှာ ၀က်စ်
ဟမ်းဟာ ၁၉ ဂိုးသွင်းထားပြီး မန်ယူ၊ စပါး၊ လီဗာပူးတို့ထက်တိုက်စစ် ပိုကောင်းနေလျက်ရှိနေပါ
တယ်။

မနှစ်က ပွဲ ၂၀ ကစားပြီးမှ ၁၉ ဂိုးသာသွင်းထား နိုင်ခဲ့တာပါ။ ဒါကိုကြည့်လိုက်ရင် ၀က်စ်ဟမ်းရဲ့
ကစားပုံကမနှစ်ကနဲ့ မတူတော့ဘဲ ပြောင်းလဲ သွားပြီဆိုတာ ထင်ရှားနေပါတယ်။ ပွဲတစ်ပွဲရဲ့ သုံး
ပုံနှစ်ပုံနောက်ပိုင်းဆိုရင် ၀က်စ်ဟမ်းဟာ ဂိုးသွင်းနိုင်စွမ်းရှိနေတာကို ကြည့်လိုက်ရင်ဝက်စ်ဟမ်းရဲ့
ကြံ့ခိုင်မှုကိုမြင်သာမှာပဲ ဖြစ် ပါတယ်။ အခုနောက်ဆုံး ကစားသွားတဲ့ စတုတ်နဲ့ပွဲမှာဆိုရင် နှစ်ဂိုး
ပြတ်ရှုံးရာကနေ နောက်ကနေ နှစ်ဂိုးလိုက်သွင်းနိုင်တာက ၀က်စ်ဟမ်းရဲ့ ရုန်းအားဟာ သတိပြု
ဖွယ်ရာ ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အဓိက အချက်ကတော့ ၀က်စ်ဟမ်းတိုက်စစ်မှာ ဖိုက်
တာတွေရှိနေတာပဲ ဖြစ်ပါတယ်။ သူတို့ တွေဟာ ထင်ရှားလှသူတွေမဟုတ်ကြပါဘူး။ ဒါပေမဲ့
တကယ့်အရည်အချင်းတွေ ရှိနေကြသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူး၊ မန်စီးတီးတို့ကို
အနိုင်ကစားထားတာပဲဖြစ် ပါတယ်။ မန်ယူနဲ့ပွဲမှာ ဂိုးသမားဒီဂီယာသာလက်စွမ်းမပြနိုင်ခဲ့ဘူးဆိုရင်
သရေတောင် ရသွားဦးမှာ ဖြစ်ပါတယ်။ အဲဒီပွဲမှာတော့ ၀က်စ်ဟမ်းဟာ ရှုံးသွားခဲ့ပါတယ်။

ပွဲဦးထွက် စပါးနဲ့ ပွဲတုန်းကလည်း နိုဘယ် ပင်နယ်တီကန်တာ မလွဲချော်ခဲ့ဘူးဆိုရင် စပါးကို အနိုင်
တောင် ရသွားနိုင်ခြေရှိခဲ့တာပါ။ ၀က်စ်ဟမ်း ခြေစွမ်းလုံးဝမပြနိုင်ခဲ့တာက ဆောက်သမ်တန်ကို
၃-၁ နဲ့ရှုံးတဲ့ တစ်ပွဲသာ ဒီရာသီမှာ ရှိထားတာက ၀က်စ်ဟမ်းဟာ လန်ဒန်ကလပ် အသင်းတွေထဲ
မှာ စပါးကို အမီလိုက်နိုင်တဲ့ အသင်းဆိုတာ ထင်ရှားနေပါတယ်။ အခုဆိုရင် အာဆင်နယ်နဲ့
အမှတ်တူ ၁၇ မှတ်နဲ့ အဆင့်(၅)မှာ ရပ်တည်လို့နေပါပြီ။ ဒီလို အခြေအနေမျိုး လွန်ခဲ့တဲ့ ၈၃-၈၄
ဘောလုံး ရာသီတုန်းကပဲ ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းဝေးသွားတာ အခုတစ်ကျော့ ပြန်ဖြစ်လာတာ
ပဲဖြစ်ပါတယ်။

အရင်က ထိပ်သီး ၁၀ သင်းထဲဝင်ရေးဆိုတာ သူတို့အိပ်မက်ဖြစ်ပေမယ့်အခုတော့ သူတို့အိပ်မက်
က ဥရောပဝင်ခွင့် ဖြစ်လာနေပြီဖြစ်ပါတယ်။ ဖြစ်နိုင်စွမ်းရည် ကလည်း ရှိနေတော့ ၀က်စ်ဟမ်းဟာ
စပါးရဲ့ နေရာကိုတောင် ရောက်သွားနိုင်တယ်လို့ ယုံကြည်နေမိပါရဲ့ ...။



ဖတ်ရှုမှုအများဆုံး