ရီးယဲလ်မက်ဒရစ် - ရာယိုဗလာကာနို
တနင်္ဂနွေ၊ နံနက် ၁း၃၀
၁၀ ပွဲစီကစားအပြီးမှာ လာလီဂါထိပ်ပိုင်း မှာ အပြောင်းအလဲဖြစ်သွားခဲ့ပါပြီ။ ဘာစီလိုနာကိုနိုင်ပြီး
စိတ်ဓာတ်တက်ကြွနေတဲ့ ရီးယဲလ်မက်ဒရစ်ဟာ အချိန်ကိုက်လို့ ပြောနိုင် အောင် ဘာစီလိုနာရဲ့
ထိပ်ဆုံးနေရာကို ၀င်ယူ လိုက်နိုင်တယ်။ဘာစီလိုနာကတော့ နူးကမ့်မှာကစားခဲ့တဲ့ နည်းပြအင်း
နရစ်ရဲ့ အသင်းဟောင်း ဆယ်လ်တာဗီဂိုကို မထင်မှတ်ဘဲအရေးနိမ့်သွားခဲ့ရလို့ ထိပ်ဆုံးနေရာက
နေ ဖယ်ပေးလိုက်ရပါတယ်။
အခုအချိန်မှာတော့ ထိပ်ဆုံးမှာ ရီးယဲလ်နဲ့ အလက်တီကို နှစ်သင်းရှေ့ဆင့်နောက်ဆင့်ဦးဆောင်ခွင့်
ရနေကြပါပြီ။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ရီးယဲလ်ရဲ့ခြေစွမ်းဟာ လာလီဂါ အသင်းတွေထဲမှာ
အားရစရာ အကောင်းဆုံး လို့ ပြောနိုင်တဲ့အထိဖြစ်လာနေလို့ ရီးယဲလ် ကို အလက်တီကိုနဲ့ ဘာစီ
လိုနာနှစ်သင်း ဘယ်လောက်အထိ ဖိအားပြန်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရပါတော့မယ်။
ပြီးခဲ့တဲ့ရာသီက အန်ဆယ်လော့တီ ပထမ ဦးဆုံး ကိုင်တွယ်ခဲ့တဲ့နှစ်မှာပဲ ရီးယဲလ်ဟာ သူတို့အလို
ချင်ဆုံး ချန်ပီယံလိဂ်ဖလားကို (၁၀) ကြိမ်မြောက်ရအောင်ယူလိုက်နိုင်တဲ့နောက် အန်ဆယ်လော့
တီနဲ့ ရီးယဲလ်ဟာ တစ်သားတည်းပိုကျသွားသလို ဖြစ်သွားသလို ပါပဲ။ ဒါတောင် အောင်မြင်မှု
အရှိန်အဝါတွေအောက်မှာ ရီးယဲလ်ရဲ့ ဒီရာသီအစရလဒ်ပိုင်း ဟာ သိပ်ပြီးအားရစရာမရှိခဲ့ပါဘူး။
အဓိက ပြိုင်ဘက်ဖြစ်တဲ့ အလက်တီကိုကိုတောင် ရှုံးခဲ့ရလို့ ရီးယဲလ်အတွက် ဖိအားတွေဝင်လာ ခဲ့
ရသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အန်ဆယ်လော့တီဟာ အသင်းကို အကောင်း ဆုံးဖြစ်
အောင် ပြန်တည်နိုင်ခဲ့တယ်။ ဒါကြောင့် လည်း ဆက်တိုက်ဆိုသလို နိုင်ပွဲတွေယူနိုင်ခဲ့ပြီး နောက်
ဆုံး ဘာစီလိုနာကို အနိုင်ယူလိုက် နိုင်ချိန်မှာတော့ ရီးယဲလ်ရဲ့ စိတ်ဓာတ်ပိုင်း ဟာ အမြင့်ဆုံးကို
ရောက်သွားခဲ့ပါပြီ။
နောက်တစ်ချက်ကတော့ ချန်ပီယံလိဂ် ဖလားကိုရယူပြီးတဲ့နောက်မှာ ရီးယဲလ်အနေနဲ့ ဘာစီလိုနာ
လို ဘောလုံးလောကမှာတစ်ခေတ် လွှမ်းမိုးနိုင်ဖို့လည်း ပိုပြီးပြင်ဆင်လာပုံ ပါပဲ။ ဒီရာသီလက်ရှိ
ရီးယဲလ်ရဲ့ခြေစွမ်းအရ ဆိုရင်လည်း ဒီရာသီယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲ သုံးခုစလုံးကို မျှော်လင့်နိုင်တဲ့
ခြေစွမ်းမျိုးဖြစ် နေလို့ အခုအချိန်မှာတော့ ရီးယဲလ်ရဲ့ အနေ အထားဟာ အားလုံးက စိတ်ဝင်တစား
စောင့် ကြည့်ရတော့မှာဖြစ်ပါတယ်။ အခုဒီတစ်ပတ်မှာလည်း ယှဉ်ပြိုင်ရမယ့်အသင်းက မြို့ခံပြိုင်
ဘက်အသင်းတစ်သင်းလို့ ပြောနိုင်ပေမယ့် ရာယိုဗလာကာနိုရဲ့ အနေအထားဟာ ရီးယဲလ်ကို
ဘက်ပေါင်းစုံမှာ ယှဉ်နိုင်မယ့် အနေအထားမျိုးရှိတဲ့ အသင်း မဟုတ်ပါဘူး။
ဒီအချိန်မှာ ရီးယဲလ်ကလည်း ထိပ်ဆုံးနေရာမှာ မြဲနေဖို့အတွက် အမှတ်ရ အောင်ယူရတော့မှာဆို
တော့ ဒီတစ်ပတ်ရီးယဲလ်ရဲ့သားကောင်ဟာ ရာယိုဖြစ်သွားဖို့ များနေတာတော့ သေချာပါတယ်။
အဓိကစောင့်ကြည့်ရမှာက ရီးယဲလ်ဆီက သွင်းဂိုးတွေ ဘယ်လောက်အထိဆက်လာနေဦးမလဲ
ဆိုတဲ့အချက်ပါပဲ။ ရီးယဲလ်ဟာ အလက်တီကိုကိုရှုံးပြီးတဲ့နောက်ပိုင်း တိုက်စစ် ပိုင်းက ပြောစရာ
မလိုလောက်အောင် ဂိုးသွင်း နှုန်း သိသိသာသာအားကောင်းလာနေပါ တယ်။ ရီးယဲလ်ရဲ့ဂိုးသွင်း
နှုန်းကိုပြောရမယ်ဆိုရင် ရော်နာဒိုရဲ့ ဂိုးသွင်းနှုန်းတွေကိုပါ မေ့ထားလို့မရပါဘူး။
ရော်နာဒိုဟာ ဒီရာသီ ဒဏ်ရာမှ အလျဉ်းပြန်ကောင်းလို့ ကစားနိုင် တဲ့အချိန်ကနေစပြီး သူ့ရဲ့
သွင်းဂိုးနှုန်းတွေဟာ သိသိသာသာကို တက်လာတာတွေ့ရတယ်။ ဒါကလည်း တစ်ဖက်မှာ
ကြည့်ရင် ရီးယဲလ် နည်းပြ အန်ဆယ်လော့တီရဲ့ ရော်နာဒိုအတွက် အဆင်ပြေဆုံးဖြစ်နိုင်မယ့်
ကစားပုံတစ်ခုကိုဖန်တီးပေးထားနိုင်တာလည်း ပါနေပါတယ်။ ရီးယဲလ်ရဲ့ကစားပုံဟာ ပြီးခဲ့တဲ့
ရာသီက ထက်တောင် ပိုမြန်ဆန်လာတာတွေ့ရပြီး ပြီးခဲ့တဲ့ရာသီကတော့ ကွင်းလယ်မှာ အလွန်
ဆို ရဲ့ ရွေ့လျားမှုနှုန်းက အနည်းငယ်လျော့နေတဲ့ အတွက် ဒီရာသီသူ့ထက်ရွေ့လျားမှုနှုန်း ပိုကောင်း
တဲ့ ခရူးစ်ဝင်လာတဲ့အခါမှာတော့ ရီးယဲလ်ရဲ့ကစားပုံဟာ ပိုပြီးမြန်ဆန်မှုရှိလာတာလို့ ထင်ပါတယ်။
နောက်ပြီး ဟာမက်စ်ရိုဒရီဂွက်ဇ်ရဲ့ လှုပ်ရှား မှုနဲ့ ဖန်တီးပေးနိုင်မှုတွေကလည်း ရီးယဲလ်တိုက်စစ်ကို
ပိုအသက်ဝင်လာစေသလိုပါပဲ။ ဘန်ဇီမာကလည်း ဒီရာသီကစားပုံပိုကောင်း လာတဲ့အပြင် ဘေးလ်
ရဲ့ မြန်နှုန်း၊ ရော်နာဒိုရဲ့ မြန်နှုန်းနဲ့ ဂိုးသွင်းသေချာမှုတွေက ရီးယဲလ် တိုက်စစ်ကို ထိန်းဖို့ဆိုတာ ပြိုင်
ဘက်ခံစစ်တိုင်း အတွက် အခက်တွေ့တော့မယ့်အနေအထားမျိုးအထိ ရောက်လာခဲ့ပါတယ်။
အခုရင်ဆိုင်ရမယ့် ရာယိုအသင်းကို ကြည့် လိုက်တော့လည်း အဝေးကွင်း ကစားပုံက ပုံမှန်ခြေစွမ်း
မျိုးမရှိသေးပါဘူး။ အထူးသဖြင့်ရာယိုရဲ့ တိုက်စစ်ကစားပုံဟာ အဝေးကွင်းမှာထိရောက်မှုအားနည်း
သလို ခံစစ်နဲ့ ဂိုးသမား ပိုင်းကလည်း အမှားအယွင်းတွေများတတ်ပုံနဲ့တော့ ရီးယဲလ်ရဲ့အစွမ်းထက်
တိုက်စစ်အား ကို တားဆီးဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်ဖွယ် မရှိပါဘူး။ ဒီတော့ရာယိုရဲ့အနေအထား
ဟာ ရီးယဲလ် ပြုသမျှ နုရမယ့်အနေအထားမျိုးဖြစ် နေတယ်။ ရီးယဲလ်ဟာ ချန်ပီယံလိဂ်ဘက်မှာ
လည်း သက်သောင့်သက်သာ ကစားခွင့်ရထားလို့ ထိပ်ဆုံးနေရာမှာမြဲဖို့အတွက် ဒီပွဲကို ဘာနေဗျူး
မှာ စိတ်အေးလက်အေးနဲ့ ကစားသွားဦးမှာ ပါပဲ။
မြို့ခံပြိုင်ဘက်တွေ ဆိုပေမယ့်လည်း ရီးယဲလ်ဟာ သူတို့ရဲ့ လက်ရှိအကောင်းဆုံး အနေအထားကို
ထိခိုက်သွားမယ့် အပြုအမူမျိုး မပြုလုပ်မိဖို့လည်း သတိထားကစားဖို့ရှိနေ လို့ ဒီပွဲမှာ ရီးယဲလ်ရဲ့အနိုင်
ဟာ ထုံးစံအတိုင်း ပြတ်သားနေဦးမယ် ထင်ပါတယ်။
အခြားပွဲစဉ်များ စနေ၊ နံနက် ၂း၁၅ ကော်ဒို
ဘာ - ဒီပို့တီဗို စနေ၊ ည ၉း၃၀ အယ်လ်မီရီယာ - ဘာစီလိုနာ စနေ၊ ည ၁၁း၃၀ ဂီတာဖေး - အယ်လ်ချီ တနင်္ဂနွေ၊ နံနက် ၃း၃၀ ဆယ်လ်တာ - ဂရန်နာဒါ မာလာဂါ - အီဘာ တနင်္ဂနွေ၊ ညနေ ၅း၃၀ ဆီဗီလာ - လီဗန်တေး တနင်္ဂနွေ၊ ည ၁၀း၃၀ အက်စ်ပန်ညို - ဗီလာရီးယဲလ် တနင်္လာ၊ နံနက် ၀၀း၃၀ ဗလင်စီယာ - ဘီလ်ဘာအို တနင်္လာ၊ နံနက် ၂း၃၀ ဆိုစီဒက် - အလက်တီကို














