ဂျူဗီပွဲပန်းနေတာကို သတိထားသင့်တယ်

ဂျူဗီပွဲပန်းနေတာကို သတိထားသင့်တယ်

ဂျူဗင်တပ် - ပါးမား (တနင်္ဂနွေ၊ ည ၈း၃၀)
ချန်ပီယံလိဂ် အုပ်စုပွဲစဉ်များ ဇာတ်ရှိန် မြင့်တက်လာခြင်းနှင့်အတူ ဂျူဗင်တပ် ခြေစွမ်းသည် ယခင်
ကလောက် တည်ငြိမ် ခြင်းမရှိတော့ဘဲ အတက်အကျရှိလာသည် ဟု ဆိုရမည်။ အထူးသဖြင့်
ဂျူဗင်တပ်သည် စီးရီးအေတွင် လွှမ်းမိုးနိုင်သလောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ထွန်းပေါက်နိုင်
လောက်သော ခြေစွမ်းမျိုး ထွက်ပေါ်လာ ခြင်းမရှိသောကြောင့် 'အိမ်ကျယ်' အသင်း ဟု ပြစ်တင်
စွပ်စွဲမှုများကို ချေပနိုင်ခြင်း မရှိသေးတာကိုတွေ့ရသည်။

တစ်ဖန် အောက်တိုဘာ လကုန်ပိုင်း တွင် ဂျီနိုအာကွင်းသို့ သွားရောက်ကစားသောအခါ အရန်
ကစားသမားအချို့ကို ထည့်သွင်းခြင်းနှင့်အတူ ထွက်ပေါ်လာ သော ဂျူဗင်တပ်ခြေစွမ်းက အရန်
တိုက်စစ် အင်အားသည် စိတ်ချရသော အနေအထားတွင် မရှိကြောင်း ဖော်ပြနေသည်။

ထိုပွဲတွင် ဂျူဗင်တပ်သည် ဂျီနိုအာကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့သည်။ ယခုတစ်ဖန် ဂျူဗင်တပ်သည် ကြား
ရက် ထဲတွင် အိမ်ကွင်းပွဲစဉ်အဖြစ် အိုလံပီယာကော့စ်နှင့် ယှဉ်ပြိုင်ပြီးနောက် အိမ်ကွင်းမှာပင် ပါးမား
ကို ဆက်လက်ဧည့်ခံရမည် ဖြစ်သည်။ အိုလံပီယာကော့စ်နှင့် ယှဉ်ပြိုင် ရမည့်ပွဲစဉ်သည် ဂျူဗင်တပ်
အတွက် အရေး ပါသည့်အပြင် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သောကြောင့် အနိုင်ရအောင် ညှစ်ရ
မည့် 'ဖိအား'လည်း ရှိနေသည်။

သို့ကလိုကြောင့် ချန်ပီယံလိဂ်ပွဲစဉ်အပြီး ပါးမားနှင့် ယှဉ်ပြိုင် ရမည့်ပွဲစဉ်တွင် ဂျူဗင်တပ်သည် လူကုန်
မထုတ်ဘဲ 'ချို' ကစားသွားမည်ကို စိုးရိမ်ရ သည်။ တစ်ဖန် ဂျူဗင်တပ် တိုက်စစ်သည် အစောပိုင်း
ကာလလောက် အားထားရ သော အနေအထားတွင် မရှိတာကို တွေ့ရ သည်။ အောက်တိုဘာ
၂၆ တွင် ကစားခဲ့ သော ပါလာမိုနှင့်ပွဲစဉ်တွင် ဂျူဗင်တပ်သည် ၂-၀ ဖြင့် နိုင်ခဲ့ရာ စပိန်တိုက်စစ်မှူး
လော်ရန် တေးသည် ယခုရာသီတွင် ၎င်း၏ ပထမဆုံး ဂိုးကို သွင်းယူနိုင်ခဲ့သည်။

သို့ရာတွင် အဓိက တိုက်စစ်မှူးဖြစ်သော တေဗက်ဇ်သည် လတ်တလော ဂိုးသွင်းခြေစွမ်းပျောက်
ဆုံး နေသည်။ တေဗက်ဇ်သည် စီးရီးအေတွင် လေးပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေပြီး ထိုပွဲစဉ်
များအတွင်း အခြားတိုက်စစ်မှူးများ ဖြစ်သော လော်ရန်တေးနှင့်မိုရာတာတို့ သည် တစ်ဂိုးစီသာ
သွင်းယူနိုင်ခြင်းကြောင့် ဂျူဗင်တပ်တိုက်စစ်ကို အီတလီ ဘောလုံး ကျွမ်းကျင်သူများက မေးခွန်း
ထုတ်လာကြခြင်း ဖြစ်သည်။ ထိုအချက်ကို ရိပ်စားမိသော နည်းပြ အယ်လီဂရီသည် ပြီးခဲ့သော
အမ်ပိုလီနှင့်ပွဲစဉ်တွင် ကွင်းလယ်၌ '၀ိတ်' မလျှော့ချတော့ဘဲ ပီယာလို၊ မာချီစီယို၊ ဗီဒဲလ်တို့ သုံး
ယာက်လုံးကို အပြည့်ထည့်သွင်းခဲ့ သည်။

ထိုပွဲစဉ်တွင် ဂျူဗင်တပ်သည် ကွင်းလယ်ကစားကွက်ကို လွှမ်းမိုးချုပ်ကိုင် နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု
အသာစီးရခဲ့သည်။ ဂျူဗင်တပ်နည်းပြ အယ်လီဂရီ သည် ဂိုးသွင်းအား ကျဆင်းနေသည့် တိုက်စစ်မှူး
များဖြစ်သော တေဗက်ဇ်နှင့် လော်ရန်တေးတို့ကို 'ခေါက်'ပြီး မိုရာတာ နှင့် ဂျီယိုဗင်ကိုတို့ကို ပွဲထွက်
ကစားသမား များအဖြစ် ထည့်သွင်းကာ တိုက်စစ်အပြောင်း အလဲ ပြုလုပ်ခဲ့သည်။

ထိုပွဲစဉ်တွင် ပီယာလို က ဂျူဗင်တပ်အတွက် အဖွင့်ဂိုးကို သွင်းယူ ခဲ့သည်။ ဂျူဗင်တပ်နောက်တန်း
သည် စီးရီးအေ တွင် အတည်ငြိမ်ဆုံး၊ ကျစ်လျစ်မှုအရှိဆုံး နှင့် ပေးဂိုးအနည်းဆုံး ဖြစ်သည်။ နည်းပြ
အယ်လီဂရီသည် ဂျူဗင်တပ် နောက်တန်း တွင် ပွဲတိုင်းနီးပါး အော့ဘွန်နာ၊ ဘိုနုချီ၊ ချီလီနီ
သုံးယောက်တွဲဖြင့် 'အထိုင်'ချထား သည်။ တစ်ဖက်တွင် ပါးမားသည် တောက်လျှောက် ခြေစွမ်း
ကျဆင်းနေသောကြောင့် ပရိသတ်များ၏ ယုံကြည်မှုကို စွန့်လွှတ်လိုက်ရသော်လည်း ပြီးခဲ့သော
အိမ်ကွင်း ပွဲစဉ်၌ အင်တာမီလန်ကို နှစ်ဂိုးပြတ်နိုင် လိုက်၍ အလှည့်အပြောင်းများ ဖြစ်လာဖွယ်
ရှိသည်။

ဆက်တိုက်ရှုံးနေရာက အင်တာ မီလန်ကို နှစ်ဂိုးပြတ်နိုင်လိုက်ခြင်းကြောင့် ပါးမားကစားသမားများ
စိတ်ဓာတ် မြင့်တက် လာပြီး နောက်ပွဲစဉ်များတွင် ဆက်တိုက် 'ညှစ်' ကစားလာမည်ဟု သုံးသပ်
ရသည်။ အင်တာမီလန်နှင့်ပွဲစဉ်တွင် ပါးမား သည် ကစားကွက်ရော၊ ဘောလုံးပိုင်ဆိုင်မှုပါ တစ်ဖက်
သတ်နီးပါး အရေးနိမ့်ခဲ့ပြီး တန်ပြန်တိုက်စစ်ကိုသာ အများဆုံး အားပြုခဲ့ရသည်။

၀ါရင့်တိုက်စစ်မှူး ကာဆာနိုသည် ပုံမှန်ခြေစွမ်းမရသေးဘဲ တိုက်စစ်တွင် ၎င်းနှင့်တွဲဖက်ကစားမည့်
သူများ မတည်ငြိမ် သောကြောင့် အောက်တိုဘာလထဲတွင် ပါးမားတိုက်စစ်သည် တစ်ဟုန်ထိုး
ကျဆင်း သွားသည်။ အစောပိုင်းက ဂိုးသွင်းအား ကောင်းမွန်ခဲ့သော ပါးမားတိုက်စစ်သည် ပြီးခဲ့သော အောက်တိုဘာလအတွင်း လေးပွဲဆက်တိုက်ရှုံးခဲ့ရာ၌ နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။

ထိုအခြေအနေမျိုးမှာ အင်တာမီလန်ကို နှစ်ဂိုး ပြတ်နိုင်လိုက်ခြင်းကြောင့် ပါးမား သည် 'ညှစ်'အား
ရှိပြီး အချိတ်အဆက်မိပါက မထင်မှတ်ဘဲ ခြေစွမ်းပြနိုင်သည်ဟု ကောက်ချက်ဆွဲနိုင်သည်။ ဆိုရပါ
လျှင် ဂျူဗင်တပ်သည် ကြားရက် တွင် ကစားရမည့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်၌ အားထည့်ပြီး
'ညှစ်' ကစားထားရသည်။ တစ်ဖန် ထိုပွဲရလဒ်နှင့် ဒဏ်ရာ၊ ပွဲပန်းမှု အခြေအနေများက ပါးမားနှင့်
ကစားမည့် ပွဲအပေါ် သက်ရောက်မှုရှိလာမည် ဖြစ်သည်။

တစ်ဖက်တွင် ပါးမားသည် နောက်တန်း စိတ်မချရသော်လည်း တိုက်စစ်ကောင်းပြီး တစ်ပွဲထိုး
'တက်'လာ နိုင်သည်။ သို့ကလိုကြောင့် ပါးမားဘက်က အရဲစွန့်သင့်ပြီး ဂိုးများဖွယ်ရှိသည်။



ဖတ်ရှုမှုအများဆုံး