အိုက်စလန်နိုင်ငံဆိုတာ မြောက်အတ္တလန္တိတ် သမုဒ္ဒရာနဲ့ အာတိတ်သမုဒ္ဒရာကြားမှာ တည်ရှိတဲ့
နိုင်ငံသေးသေးလေး ဖြစ်ပါတယ်။ ဧရိယာ ၁၀၃,၀၀၀ ကီလိုမီတာ အကျယ်အဝန်းသာရှိသလို
နိုင်ငံလူဦးရေကလည်း ၃၂၅,၀၀၀ ကျော်သာရှိတဲ့ နိုင်ငံလေးပဲဖြစ်ပါတယ်။
အခုတော့ အဲဒီနိုင်ငံသားတွေမှာအိမ်မက်တစ်ခုရှိလာနေခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလား
ခြေစစ်ပွဲကာလတုန်းက သူတို့နိုင်ငံ့လက်ရွေးစင်အသင်း ခြေစစ်ပွဲအောင်မြင်ဖို့ မိနစ် ၁၂၀ သာ
ကျန်တော့တဲ့အချိန်မှာ မက်ခဲ့တဲ့ အိမ်မက်တစ်ခုက အခု ပြန်လည်အသက်ဝင်လာခဲ့ခြင်း ဖြစ်ပါ
တယ်။
ဒီတစ်ခါအိမ်မက်က ယူရို ၂၀၁၆ အိပ်မက်ပဲ ဖြစ်ပါတယ်။ လူဦးရေလေးသိန်းတောင်မရှိတဲ့ နိုင်ငံ
သေးသေးလေးမှာ လုံလောက်တဲ့အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့အတွက်ကြောင့် ဒီတစ်ကြိမ်
ယူရို ၂၀၁၆ အိပ်မက်က ၂၀၁၄ ကမ္ဘာ့ဖလားအိပ်မက်ထက်ကို ပိုပြီး ယုံကြည်လို့ နေခဲ့ကြပြီဖြစ်
ပါတယ်။ ယူရိုပြိုင်ပွဲကိုတစ်ခါမှ ၀င်ရောက်ယှဉ် ပြိုင်ခွင့်မရှိတဲ့ အသင်းငယ်လေးအတွက်လာမယ့်
၂၀၁၆ မှာတော့ ပြင်သစ်မှာ ကစားမယ့် ပြိုင်ပွဲမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။
အိုက်စလန်အသင်းငယ်လေးဟာ ၂၀၁၄ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာကတည်းက ခြေစစ်ပွဲ အောင်
လုလုဖြစ်ခဲ့ပြီး ထပ်ဆင့်ခြေစစ်ပွဲမှာ ခရိုအေးရှားကိုအိမ်ကွင်းမှာ ဂိုးမရှိ သရေ၊ အဝေးကွင်းမှာ
၂-၀ နဲ့ရှုံးသွားလို့ ၂၀၁၄ ကမ္ဘာ့ ဖလားနဲ့ ဝေးကွားသွားခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအခြေအနေဟာ
အိုက်စလန်အသင်းအနေအထားနဲ့ကြည့်လိုက်ရင် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုရ
သွားခြင်းပဲဖြစ်ပါတယ်။
အဲဒီအနေအထားက အခု ယူရို ၂၀၁၆ ခြေစစ်ပွဲမှာ ခြေစစ်ပွဲအောင်မြင်နိုင်ဖို့အတွက် တွန်းအား
ဖြစ်သွားစေတာက အကျိုးအမြတ် ဖြစ်သွားခဲ့ပါတယ်။ ယူရို ၂၀၁၆ ခြေစစ်ပွဲပုံစံ ပြောင်းလဲလိုက်
ခြင်းကလည်း အိုက်စလန် တွေကို ယူရို ၂၀၁၆ မှာ ခြေစစ်ပွဲအောင်စေဖို့ တွန်းအား ဖြစ်သွားစေ
ခဲ့ပါတယ်။ ယူရို ၂၀၁၆ ပြိုင်ပွဲက ၂၄ သင်းယှဉ်ပြိုင်မယ့် ပြိုင်ပွဲ ဖြစ်လို့ ခြေစစ်ပွဲပုံစံကလည်း ပြောင်း
လဲသွား ခဲ့ပါတယ်။
ခြေစစ်ပွဲမှာ အုပ်စု ပထမ၊ ဒုတိယရတဲ့ အသင်းတွေဟာ ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်မှာ ဖြစ်
သလို တတိယရတဲ့ အသင်းထဲမှာအကောင်းဆုံး အသင်းကလည်း ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်
မှာ ဖြစ်ပါတယ်။
အုပ်စု တတိယရတဲ့ အသင်းကျန်ရှစ်သင်းဟာ အိမ်ကွင်း၊ အဝေးကွင်းအဖြစ်နဲ့ ထပ်ဆင့်ခြေစစ်
ပွဲကစားပြီး နှစ်ပွဲပေါင်း အနိုင်ရတဲ့အသင်းက ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်လို့ အိုက်စလန်တွေဟာ
ဒီတစ်ကြိမ်မှာ ယူရိုပြိုင်ပွဲကိုဝင်ခွင့်ရနိုင်ဖို့အတွက် အခွင့်ကောင်းတစ်ခုကို ဖန်တီးနေကြတာပဲဖြစ်
ပါတယ်။
ဒါကြောင့် အိုက်စလန်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရှိ နည်းပြဖြစ်တဲ့ ဆွီဒင်လူမျိုးလာဂါဘက် ကို
သက်တမ်းတိုးပြီး သူ့ အတွက် လက်ထောက် နည်းပြတစ်ဦးအဖြစ် ဟော့ဂရစ်ဆင်ဆိုသူ ကိုပါ
ခန့်အပ်ပေးထားခဲ့ပြီး ယူရို ၂၀၁၆ ခြေစစ်ပွဲကို ၀င်ရောက်လာခဲ့ ကြတာပဲဖြစ်ပါ တယ်။ လာဂါ
ဘက် ဆိုတာ ဆွီဒင် လက် ရွေးစင်အသင်းကို နှစ်ပေါင်း အတော်ကြာ ကိုင်တွယ်ခဲ့တဲ့နိုင်ငံတကာ
ပွဲအတွေ့အကြံု ရင့်ကျက်တဲ့ နည်းပြ တစ် ယောက်ပဲ ဖြစ်ပါတယ်။ အသင်းနဲ့ ပတ်သက်လာရင်
ဘယ်အခြေအနေမျိုး ရောက်နေနေ ဘယ် တော့မှ မညည်းညူတတ်သူ၊ ကစားသမားတွေ အပေါ်
မှာလည်း ဘယ်တော့မှ မဆူပူတတ်သူ၊ အသင်းရဲ့ ပကတိအခြေအနေကို အကောင်း မြင်ပြီး
သုံးသပ်နားလည်နိုင်စွမ်းရှိသူအဖြစ် သတ်မှတ်ခံထားရသူ တစ်ယောက်ဖြစ်ပါ တယ်။
ဒါကြောင့်လည်းသူက ခြေစစ်ပွဲပထမ ဆုံးပွဲစဉ်ဖြစ်တဲ့ တူရကီပွဲမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရတော့
"ဒီပွဲက ကျွန်တော်တို့ရဲ့ တကယ့် ကို ကောင်းလွန်းတဲ့ပွဲလို့ ထင်ပါတယ်။ ကျွန်တော်တို့ တစ်ပတ်
လုံးလုံး လေကျင့် ပြင်ဆင်ခဲ့ရတာပါ၊ ဒီပွဲနိုင်လိုက်တဲ့အတွက် ကျွန်တော့် ကစားသမားတွေ
ယုံကြည်မှု အပြည့်ရသွားခဲ့ပါတယ်။ တကယ့်ကို သက်ရောက်မှုကောင်းတစ်ခုပါ"လို့ ပြောဆို
သွား ခဲ့ပါတယ်။
အိုက်စလန် ဘောလုံးအဖွဲ့ချုပ် ဆိုတာ ငွေကြေးလုံလောက်တောင့်တင်းတဲ့ အသင်းမဟုတ်ဘူး
ဆိုတာ နားလည်ပေးထားနိုင်တဲ့အတွက်ကြောင့် သူဟာအသင်းကိုအတောက်ပဆုံးဖြစ်အောင်
အားသွန်ခွန်စိုက် ပြင်ဆင်နေရတာပဲ ဖြစ်ပါတယ်။ သူဟာအိုက်စလန်အသင်းကို ၂၀၁၀ က ကိုင်
တွယ်ခဲ့ ပြီး သူရောက်လာချိန်ကစပြီး အိုက်စလန်အသင်းဟာ အစစအရာရာ တိုးတက် ပြောင်းလဲ
သွားခဲ့ပါတယ်။ သူရောက်ချိန်က အိုက်စလန်ရဲ့ ကမ္ဘာ့အဆင့်ဟာ လီချန် စတိန်းရဲ့အဆင့်ထက်
တောင် နိမ့်ကျနေတဲ့ အသင်းပါ။ အဲဒီနောက်တရွေ့ရွေ့နဲ့ တက်သွားခဲ့တာ အခုဆိုရင် ကမ္ဘာ့
အဆင့်မှာ ၂၈ အထိ ရောက်လာခဲ့ပြီဖြစ်ပါတယ်။ တကယ်တော့ သူလက်ခံတဲ့ ၂၀၁၀ မှာ အိုက်
စလန် လူငယ်အသင်းဟာ ဥရောပမှာအောင်မြင်မှု တစ်စုံတစ်ရာရနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေ
ခြင်းက သူ့အနေနဲ့ တိုးတက်တဲ့အသင်း ဖြစ်လာဖို့ အခြေအနေဖြစ်သွားစေခဲ့ပါတယ်။
၂၀၁၁ ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ အိုက် စလန် ယူ-၂၁ အသင်းဟာ ဗိုလ်လုပွဲအထိ တက်ခဲ့တဲ့
အသင်း ဖြစ်ပါတယ်။ အဲဒီအောင်မြင်မှုက ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အောင်မြင်လုနီးနီးဖြစ်လာစေပြီး
အခုလည်း ယူရိုခြေစစ်ပွဲမှာ အောင်မြင်လုနီးနီး ဖြစ်လာ စေပါတယ်။ အိုက်စလန်ရဲ့ ယူရိုခြေစစ်ပွဲ
အုပ်စုက အုပ်စုချောင်ခဲ့တာ မဟုတ်ပါဘူး။ နယ်သာ လန်၊ ချက်၊ တူရကီတို့လို အသင်းကြီးတွေနဲ့
အတူကျနေခဲ့တာဖြစ်ပါတယ်။ အိုက်စလန်နဲ့ တန်းတူဆိုလို့ လတ်ဗီးယားအသင်းသာ ရှိခဲ့ပါ တယ်။
ဒါပေမဲ့ အိုက်စလန်ဟာ အုပ်စုပွဲစဉ် သုံးပွဲကစားပြီးချိန်မှာ ပွဲတိုင်းနိုင်ပြီး ကိုးမှတ်ရ ထားကာ အုပ်စု
ကို ဦးဆောင်နေပြီ ဖြစ်ပါ တယ်။ မထင်မှတ်တဲ့ရလဒ်လို့ ဆိုကောင်း ဆိုနိုင်ကြပေမယ့် ဒါဟာ
အိုက်စလန်တို့ အတွက် တကယ့်အရည်အသွေးပဲ ဖြစ်ပါ တယ်။ တူရကီကို အိမ်ကွင်းမှာ ၃-၀ နဲ့နိုင်၊
နာမည်ကြီး နယ်သာလန်ကို အိမ်ကွင်းမှာ ၂-၀ နဲ့နိုင်ဆိုတာ ကံကောင်းခြင်းကြောင့်လို့ မဆိုနိုင်ပါ
ဘူး။ တူရကီ၊ နယ်သာလန်တို့ဟာ ထိပ်သီးကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အဆင့်မြင့်အသင်း
တွေ ဖြစ်ပါတယ်။
အဲဒီအသင်းကြီးတွေကို ပေးဂိုးမရှိကစားနိုင်တယ်ဆိုတာက အိုက်စလန်ရဲ့ အရည်အသွေးပဲ ဖြစ်
ပါတယ်။ ပြီးရင် ဂိုးပြတ်တွေနဲ့ချည်းအနိုင် ရတယ်ဆိုတာကလည်း အိုက်စလန်ဟာ တူရကီ၊နယ်
သာလန်တို့လို တိုက်စစ်ကောင်း တဲ့အသင်းဆိုတာကို ပြသနေတာပဲဖြစ်ပါ တယ်။ အုပ်စုပွဲစဉ်က
၁၀ ပွဲကစားရမှာဖြစ် လို့ ပွဲတွေကစားဖို့ အများကြီးကျန်နေသေးပေ မယ့် အုပ်စုတွင်းက ကာဇက်
စတန်ထံက နှစ်ပွဲ စလုံးနိုင်ခဲ့မယ်။ လတ်ဗီးယားကို အိမ်ကွင်းမှာ နိုင်ခဲ့မယ်ဆိုရင် အိုက်စလန်ဟာ
ရမှတ် ၁၈ မှတ်ရမှာဖြစ်ပါတယ်။ ၁၈ မှတ်ရနိုင်ခြေက လည်း ရှိနေပါတယ်။
၁၈မှတ်ဆိုရင် ခြေစစ်ပွဲ အောင်ဖို့အတွက် သေချာသလောက် ဖြစ်ပါ တယ်။ တူရကီ၊ နယ်သာလန်
တို့နဲ့ အဝေးကွင်း ကစားရမယ့်ပွဲတွေမှာ သရေတစ်ပွဲလောက် သာ ကစားနိုင်ခဲ့မယ်ဆိုရင် အိုက်
စလန် အသင်းငယ်လေးဟာ ပြင်သစ်မှာကစားမယ့် ယူရို ၂၀၁၆ ပြိုင်ပွဲကို ၀င်ခွင့်ရသွားမှာ ဖြစ်ပါ
တယ်။ အုပ်စုမှာ အပြိုင်ဖြစ်နေတာက ချက်အသင်းပဲဖြစ်ပါတယ်။ ချက်ဟာလည်း ကိုးမှတ်ရပြီး
အုပ်စုဒုတိယနေရာမှာ ရှိနေပါ တယ်။ နာမည်ကြီးနယ်သာလန်အသင်းဟာ အုပ်စု သုံးပွဲကစား
အပြီးမှာ တစ်ပွဲသာနိုင်ပြီး နှစ်ပွဲရှုံးထားချိန်၊ တူရကီအသင်းနိုင်ပွဲ မရှိသေးဘဲ တစ်မှတ်သာရထား
ချိန်မှာ အိုက်စလန်အသင်းလေးက ပေးဂိုးမရှိ ရှစ်ဂိုးသွင်း ထားခဲ့ပြီးဖြစ်တာက ခြေစစ်ပွဲအောင်ဖို့
အနေအထားဆိုတာ ထင်ရှားနေခဲ့ပါတယ်။တူရကီကို သုံးဂိုးပြတ်၊ လတ်ဗီးယားကို အဝေး ကွင်းမှာ
သုံးဂိုးပြတ်၊ နယ်သာလန်ကို အိမ်ကွင်း မှာ သုံးဂိုးပြတ်အနေအထားဆိုတာ ဥရောပရဲ့ ထိပ်တန်း
အသင်းကြီးတစ်သင်းရဲ့ ရလဒ်မျိုးပဲ ဖြစ်ပါတယ်။
အိုက်စလန် ကွင်းလယ်က ဆွမ်ဆီးကစားသမားဆစ်ဂါဆင်ကတော့ အဓိကကျသူ တစ်ယောက်ပဲ
ဖြစ်ပါတယ်။ ခြေစစ်ပွဲသုံးပွဲမှာ ဆစ်ဂါဆင်ဟာ ပွဲတိုင်းမှာ ဂိုးသွင်းထားပြီး စုစုပေါင်း လေးဂိုးသွင်း
ထား ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းလိုက် ကစားအားနဲ့ နည်းပြလာဂါဘက်နည်းစနစ် ပိုင်းတွေ
ကောင်းတဲ့အတွက်ကြောင့် တူရကီနဲ့နယ်သာလန်တို့ ဂိုးတွေမသွင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
နယ်သာလန်အသင်းကို ဂိုးသွင်းတဲ့အချိန် ကိုတွေကို ကြည့်လိုက်ရင် ၁၀ မိနစ်နဲ့ ၄၂ မိနစ်တို့မှာ
ဂိုးသွင်းတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ နယ်သာလန်အနေနဲ့ ချေပဂိုးတွေ သွင်းမယ်ဆိုရင် ဒုတိယ
ပိုင်းတစ်ချိန်လုံး ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ နယ်သာလန်ဟာ အိုက်စလန် နောက် တန်းကို မကျော်နိုင်
ခဲ့ပါဘူး။ ဒါဟာ အိုက် စလန်ရဲ့ နည်းစနစ်ပိုင်းအားသာချက်ရှိတယ် ဆိုတာကို ပြသနေတာဖြစ်ပါ
တယ်။
နယ်သာ လန်ကို နိုင်ခြင်းဟာ အိုက်စလန်သမိုင်း မှာတော့ ပထမဆုံးပဲ ဖြစ်ပါတယ်။ နောက်
တစ်ချက်က ဂန်နာဆင်ဦးဆောင်တဲ့ အိုက် စလန်ဟာ နယ်သာလန်ကို မကြောက်မရွံ့ ကစား
သွားခြင်းပဲ ဖြစ်ပါတယ်။ အသင်းကြီး မို့ ခံစစ်ထိန်းမကစားဘဲ တိုက်စစ်ဦးစားပေးပြီး ကစားသွား
ခဲ့ကာ ဒုတိယပိုင်းရောက်မှ ခံစစ်ကို ဦးစားပေးသွားတာ ဖြစ်ပါတယ်၊ လုံလောက်တဲ့ ဂိုးရပြီးတဲ့
အခါ နည်းပြကလည်း အတွေ့အကြံုရင့်သူဖြစ်တော့ နယ်သာလန်အရှုံးနဲ့ ရင်ဆိုင်သွားရတာ
ဖြစ်ပါတယ်။ပွဲဦးထွက် တူရကီနဲ့ပွဲမှာလည်း အိမ်ကွင်းမှာ နိုင်ပွဲနဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့
လာဂါဘက်ဟာ ပြင်ဆင်ခဲ့ပြီး တိုက်စစ် ဦးစားပေးနဲ့ပဲ ကစားသွားခဲ့တာဖြစ်ပါတယ်။တတိယဂိုး
သွင်းခဲ့တဲ့ အေဂျက်တိုက်စစ်မှူးဆစ်သော်ဆင်ကဆိုရင် အပြစ်ပြောစရာ မရှိ အောင် အကောင်း
ဆုံးကစားနိုင်တဲ့ ပွဲလို့ တောင် ပြောဆိုသွားခဲ့ပါတယ်။
ဒီပွဲအနိုင်နဲ့ရလဒ်ကောင်းထွက်ခြင်းဟာနောက်ပွဲတွေ ဖြစ်တဲ့ လတ်ဗီးယားနဲ့ နယ်သာလန်တို့ကို
အနိုင်ရဖို့ လှုံ့ဆော်လိုက်တဲ့ပွဲ ဖြစ်ပါတယ်။ တူရကီနည်းပြ ဖာတစ်တာရင်ကလည်း အိုက် စလန်
ဟာ ကျွန်တော်တို့ထက်ပိုပြီး ကောင်း အောင် ကစားနိုင်တဲ့ပွဲပါလို့ ၀န်ခံသွားခဲ့ပါ တယ်။ လတ်ဗီး
ယားနဲ့ ဒုတိယပွဲက အဝေးကွင်းပွဲဖြစ်ပြီး အိုက်စလန်ဟာ သုံးဂိုးပြတ်နဲ့ပဲ အနိုင် ကစားသွားခဲ့ပြန်
ပါတယ်။ ဒီပွဲမှာတော့ နည်းပြ လာဂါဘက်ဟာ သူ့အသင်းကို မချီးကျူးဘဲမနေနိုင်အောင် အကောင်း
ဆုံး အသင်း တစ်သင်းဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။ဒီပွဲမှာထူးခြားတာက ဒုတိယပိုင်း မိနစ်
၆၀ ကျော်မှ အနိုင်ဂိုး သုံးဂိုးကို သွင်းသွားတာဖြစ် ပါတယ်။ဒီအချက်က အသင်းလိုက်ကစားအားနဲ့
ကြံ့ခိုင်မှုကို ပြသလိုက်တာဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ လာဂါဘက်က သူ့အသင်းကစားပုံကိုသာ
ချီးကျူးခဲ့ပြီး တစ်ဦးချင်းအရည်အသွေးကိုတော့ ပြောဆိုခြင်းမရှိခဲ့ပါဘူး၊ ဒါဟာသူ့ရဲ့ အရည်အသွေး
တစ်ခုပဲဖြစ်ပါတယ်။
သူတည်ဆောက်ထားတာက အသင်းလိုက်စိတ်ဓာတ်ဖြစ်လို့ စိတ်ဓာတ် ပျက်ပြားသွားမှာကြောင့်
တစ်ဦးချင်းကိုပြောဆို ဖို့ ရှောင်ရှားသွားတာ ဖြစ်ပါတယ်။ အိုက်စလန် ဟာ အဲဒီလိုအသင်းမျိုးဖြစ်ပါ
တယ်။ ဒီလိုအသင်းလိုက် စိတ်ဓာတ်ကောင်းခြင်းကြောင့် လည်း နယ်သာလန်၊ တူရကီတို့လို
တစ်ဦးချင်း အရည်အသွေးရှိတဲ့ အသင်းကြီးတွေကို ဂိုးပြတ်အနိုင်ရလိုက်ခြင်းပဲ ဖြစ်ပါတယ်။
အခု လာမယ့်အပတ်မှာတော့ အိုက်စလန်လိုပဲ ရမှတ်ကိုးမှတ်အပြည့်ရထားတဲ့ ချက်အသင်း နဲ့
အဝေးကွင်းမှာ ကစားရတော့မှာ ဖြစ်ပါ တယ်။ နည်းပြလာဂါဘက်တစ်ယောက် သူ့ အသင်းကို
ဘယ်လိုချဉ်းကပ် တည်ဆောက် ပြင်ဆင်နေမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေသလို ပေးဂိုး
မရှိသေးတဲ့ အိုက်စလန် နောက်တန်းက ဘယ်လို ကစားမလဲဆိုတာ စောင့်ကြည့် ရတော့မှာ ဖြစ်
ပါတယ်။
အနေ အထားတစ်ခုအရတော့ လာဂါ ဘက်ဟာ ခံစစ်ဘက်ကို ဦးတည်ထားပြီး တန်ပြန်တိုက်စစ်
နဲ့ ပဲ ထိုးဖောက်ဖွယ်ရှိနေတယ်လို့ ယူဆ ရင်း နောဒစ်အသင်းငယ်လေး အိုက်စလန်ဟာ အနည်း
ဆုံး သရေတစ်မှတ် ယူသွားမယ်လို့ ယူဆနေမိပါရဲ့...။















