အလက်တီကို - မာလာဂါ စနေ၊ ည ၉း၃၀
လိဂ်ပွဲတွေ အရှိန်ရမယ်ကြံရင် နိုင်ငံပွဲတွေ က ကြားဖြတ်ဝင်ဝင်လာတဲ့အတွက် လိဂ်ပွဲတွေရဲ့
အရှိန်လျော့သွားသလို ခံစားရတယ်။ နိုင်ငံတကာပွဲတွေကလည်း စိတ်ဝင်စားစရာ ကောင်းလား
လို့ဆိုတော့ ပလာတီနီရဲ့ ရွှေ ဉာဏ်တော် ဆူးရောက်မှုကြောင့် အနိုင်အရှုံး ရလဒ်တွေက ဖြစ်ချင်
တိုင်းကို ဖြစ်နေတယ်။
ဒီတစ်ကြိမ်ယူရို ပြိုင်ပွဲကို အသင်းပေါင်း ၂၄ သင်း ၀င်ပြိုင်ခွင့်ပေးထားခဲ့လို့ အသင်းကြီး တွေ
အတွက်က ခြေစစ်ပွဲအောင်ဖို့ မခက်လှ တော့ဘူး။ ဒီတော့ အသင်းကြီးတွေအနေနဲ့ အခု ခြေစစ်ပွဲ
ကို သူတို့အတွက် စမ်းသပ်ပြင်ဆင်မှု တစ်ခုလိုပဲ သဘောထားပြီး သက်သောင့်သက်သာပဲ ကစား
နေကြတာ တွေ့ရတယ်။ တခြားမကြည့်နဲ့ဦး။ ကမ္ဘာ့ချန်ပီယံ ဂျာမနီကို ပဲကြည့်၊ အုပ်စုတွင်းမှာ
တစ်ပွဲရှုံးထားပြီးပြီ၊ တစ်ပွဲသရေကျထားပြီးပြီ၊ အခုမှ ယူအီးအက်ဖ် အေရဲ့ အဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်
လာတဲ့ ဂျီ ဘရော်လ်တာလို နိုင်ငံလေးကိုတောင် တခြား အသင်းတွေ ခုနစ်ဂိုး၊ ရှစ်ဂိုးသွင်းပြီးအနိုင်
ယူပြနေချိန်မှာ ဂျာမနီက လေးဂိုးပဲ သွင်းပြီး အနိုင်ယူခဲ့တယ်ဆိုတော့။
လာလီဂါကလည်း နိုင်ငံတကာပွဲတွေ မကစားမီအပတ်မှာ ကစားခဲ့တဲ့ ပွဲစဉ်(၁၁)က နည်းနည်း
လှုပ်သွားတယ်။ အဲဒီပွဲစဉ်မှာ သရေပွဲက ခြောက်ပွဲရှိပြီး အနိုင်အရှုံးပေါ်တဲ့ ပွဲက လေးပွဲသာ ရှိခဲ့
တယ်။ ဂိုးတွေလည်း သိပ်မသွင်းနိုင်ကြဘဲ ရီးယဲလ်တစ်သင်းပဲ သူတို့ရဲ့ ပုံမှန်ဂိုးသွင်းနှုန်းကို ပြနိုင်
ခဲ့ကြတယ်။ အခု နိုင်ငံတကာပွဲတွေအပြီး ပြန်ကစား မယ့် လာလီဂါရဲ့ ပွဲစဉ်(၁၂)မှာရော ဘယ်လို
မျိုးရလဒ်တွေနဲ့ ဖမ်းစားဦးမလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာတယ်။ ဘာလို့လဲဆိုရင် အသင်းကြီး
အများစုရဲ့ ကစားသမား အများစု က နိုင်ငံတကာပွဲတွေ ပြန်ကစားထားရလို့ ခရီးပန်း ပွဲပန်းဖြစ်နေ
ချိန် မဟုတ်လား။
ဒီတော့ ဒီလို ပင်ပန်းနေတဲ့အသင်းတွေအပေါ်မှာ အသင်းငယ်တချို့ရဲ့ တုံ့ပြန်လာနိုင်မှုက ရလဒ်
ပိုင်းကို ဘယ်လိုအပြောင်းအလဲမျိုး ဖြစ်သွား စေမလဲဆိုတာလည်း စောင့်ကြည့်ချင်စရာ ကောင်း
လာပါတယ်။ အခုတစ်ပတ် ပွဲစဉ်(၁၂)မှာ ကစားမယ့် ပွဲတွေကို ကြည့်လိုက်တော့ စိတ်ဝင်စားစရာ
ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်တဲ့ ပွဲတစ်ပွဲကို သွားတွေ့တယ်။ အဲဒီပွဲက အလက်တီကိုနဲ့ မာလာဂါ
အသင်းတို့ရဲ့ပွဲပါ။ အလက်တီကိုက ပြီးခဲ့တဲ့ပွဲစဉ်(၁၁)မှာ ဆိုစီဒက်ကို အရေးနိမ့် ပြီး ဒီရာသီ
အတွက် ဒုတိယမြောက် ရှုံးပွဲကြံု ထားတယ်။
မာလာဂါကတော့ နောက်ဆုံး ကစားခဲ့တဲ့ ငါးပွဲကိုဆက်တိုက်နိုင်ပြီး ထိပ်ပိုင်း အသင်းတွေကြားထဲ
၀င်တိုးလာတဲ့အသင်းဆိုတော့ ဒီပွဲက တစ်သင်းနဲ့တစ်သင်း ခြေစွမ်း ချင်းပါ သိပ်ကွာလှမယ် မထင်
ဘူး။ ဒီကြားထဲ အလက်တီကို ကစားသမား အများစုကလည်း နိုင်ငံတကာပွဲတွေ ပြန်ကစား ထား
ရတဲ့သူတွေများလို့ အိမ်ရှင်အခွင့်အရေး ရှိနေပေမယ့်လည်း အလက်တီကို ပွဲပန်းမှုဒဏ်ကို ခံရနိုင်
တယ်။ ဒီပွဲပြီးရင်လည်း ချန်ပီယံလိဂ်မှာ အိုလံပီယာကော့စ်လို အသင်းနဲ့ ကစားဖို့ကလည်း ရှိနေ
သေးလို့ အလက်တီကိုအတွက် အာရုံမျှ၊ ခွန်အားမျှပြီး သုံးရမယ့် အချိန်မျိုးလို့ ပြောနိုင်နေတယ်။
မာလာဂါကတော့ ဘာအာရုံမှမရှိဘူး၊ လာလီဂါတစ်ခုတည်းကိုပဲ အာရုံအပြည့်စိုက် ခွင့်ရှိနေတယ်။
ရာသီအစမှာ နည်းပြသစ်နဲ့ အသားကျဖို့ ကြိုးစားခဲ့ရပြီး ရာသီအစ ခြောက်ပွဲ မှာ ပွဲဦးထွက်တစ်ပွဲ
သာနိုင်ကာ ငါးပွဲဆက် နိုင်ပွဲပျောက်နေခဲ့သေးတယ်။ ဒါပေမဲ့ ဂရန်နာဒါ ကို အနိုင်ရပြီး နောက်ပိုင်း
မှာတော့ ခြေစွမ်း ပိုင်းကို ထိန်းထားနိုင်ခဲ့ပြီး ငါးပွဲဆက်အနိုင် ရခဲ့လို့ အဆင့်(၆)အထိ ရောက်လာ
တာပဲ ဖြစ်တယ်။
ရာသီအစ တိုက်စစ်ပိုင်းက အားနည်း သလို ရှိနေပေမယ့်လည်း နောက်ပိုင်းပွဲ
တွေမှာ တိုက်စစ်ကစားပုံပါ တိုးတက်လာနေပြီး နောက် ဆုံးငါးပွဲကို ၁၁ ဂိုးသွင်းထားပါတယ်။
အလက်တီကိုကလည်း အိမ်ကွင်းပွဲတွေ ဆိုရင် စိတ်ချရသလောက်ရှိတဲ့အသင်းပါ။ အိမ်ကွင်းမှာ
ဆယ်လ်တာဗီဂိုကိုပဲ သရေကျ ထားခဲ့ပြီး ကျန်တဲ့လေးပွဲကို အနိုင်ရထား တယ်။ အိမ်ကွင်းနောက်
ဆုံး သုံးပွဲဆက် အနိုင် ရထားခဲ့ပြီး အဲဒီသုံးပွဲမှာ တိုက်စစ်က ၁၀ ဂိုး အထိ သွင်းထားနိုင်လို့
အလက်တီကိုရဲ့ အိမ်ကွင်း တိုက်စစ်ကတော့ အားရစရာပဲလို့ ပြောနိုင် တယ်။ ဒါပေမဲ့ အလက်
တီကိုရဲ့ ပွဲပန်းပြီး အာရုံ များနေနိုင်တဲ့ အနေအထားအရဆိုရင်တော့ ဒီတစ်ပွဲမှာ အလက်တီကို
တိုက်စစ်က ဂိုးတွေ ရနိုင်ဖို့ လွယ်ပါ့မလားဆိုတာ သေချာပြန်စဉ်းစား ရလိမ့်မယ်ထင်တယ်။
မာလာဂါကလည်း အဝေးကွင်းပွဲတွေ ဆိုရင် ခံစစ်ကို သတိထားကစားလေ့ရှိပေမယ့် သိပ်ပြီး
တောင့်တင်းတဲ့ ခံစစ်အနေအထားမျိုး တော့ မဟုတ်ဘူး၊ အဝေးကွင်းမှာ ကစားထား တဲ့ နောက်
ဆုံးခြောက်ပွဲမှာ ဆိုစီဒက်နဲ့ပွဲမှာပဲ ပေးဂိုးမရှိခဲ့ပေမယ့် ကျန်တဲ့ငါးပွဲမှာ ပွဲတိုင်း ဂိုးပေးနေခဲ့ရပုံအရ
တော့ အလက်တီကိုကို ဗီဆန်းတေးကယ်လ်ဒါရွန်မှာ ဂိုးမပေးရ အောင် ထိန်းကစားနိုင်ဖို့ဆိုတာ
သိပ်ပြီး လွယ်မယ်မထင်ဘူး။ ဒီတော့ မာလာဂါအတွက်လည်း ဒီပွဲမှာ အလက်တီကိုနဲ့အပြိုင်
ဂိုးတွေသွင်းနိုင်ဖို့က အရေးပါလာနေတယ်။ အလက်တီကိုကွင်းမှာ ၂၀၁၀ နောက်ပိုင်း အစဉ်
အလာတွေကို ကြည့် ပြန်တော့လည်း မာလာဂါဟာ အလက်တီကိုနဲ့ သူတင် ကိုယ်တင်ကစား
ထားနိုင်သလို ပြီးခဲ့တဲ့ ရာသီကလည်း သရေကျအောင် ခံကစားထား နိုင်တယ်။ နောက်ပြီး ရှုံးရင်
တောင် ဂိုးပြတ် အရှုံး သိပ်မရှိတော့ဘဲ ပွတ်ကာသီကာ ရှုံးတာမျိုးပဲ ရှိတတ်တယ်။
ဒါကြောင့် အလက်တီကိုရဲ့ အခုလို အာရုံများ ပွဲပန်းနေချိန်မျိုးနဲ့ ဆိုရင် မာလာဂါအတွက် မျှော်လင့်
ထားလို့ ပိုရနိုင်မယ်ထင်တယ်။ မာလာဂါနဲ့ ဂိုးအများပဲ ရွေးထားချင်တယ်။
အခြားပွဲစဉ်များ
စနေ၊ နံနက် ၂း၁၅ * ဘီလ်ဘာအို - အက်စ်ပန်ညို
စနေ၊ ည ၁၁း၃၀ အိုင်ဘာ - ရီးယဲလ် *
တနင်္ဂနွေ၊ နံနက် ၁း၃၀ * ဘာစီလိုနာ - ဆီဗီလာ
တနင်္ဂနွေ၊ နံနက် ၃း၃၀ ပို့တီဗို - ဆိုစီဒက် *
တနင်္ဂနွေ၊ ညနေ ၅း၃၀ ရာယို - ဆယ်လ်တာ *
တနင်္ဂနွေ၊ ည ၁၀း၃၀ * လီဗန်တေး - ဗလင်စီယာ
တနင်္လာ၊ နံနက် ၀၀း၃၀ * အယ်လ်ချီ - ကော်ဒိုဘာ
တနင်္လာ၊ နံနက် ၂း၃၀ * ဗီလာရီးယဲလ် - ဂီတာဖေး
အင်္ဂါ၊ နံနက် ၂း၁၅ * ဂရန်နာဒါ - အယ်လ်မီရီယာ















