မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယား သံရုံးတို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့်
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ် ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉-၃၀ ရက်များတွင် ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံ
အားကစားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ၀န်ကြီးဌာနအသင်းများ၊ကလပ်အသင်းများနှင့် တိုင်းဒေသကြီး နှင့်
ပြည်နယ်များမှ စုစုပေါင်းအသင်း ၁၈ သင်း ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ တိုက်ကွမ်ဒိုပြိုင်ပွဲ
၀င် အမျိုးသား ၁၃၆ ဦး၊ အမျိုးသမီး ရ၈ ဦး စုစုပေါင်း ၂၁၄ ဦး တို့သည် သက်တမ်းအလိုက်
အတိုက်ပြိုင်ပွဲနှင့် ကကွက်ပြိုင်ပွဲ၊ အသင်းလိုက် ကကွက်ပြိုင်ပွဲများ၊ စီနီယာတန်း အတိုက်
ပြိုင်ပွဲနှင့် တစ်ဦးချင်း၊ အသင်းလိုက်ကကွက် ပြိုင်ပွဲများ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။
သက်တမ်းအလိုက်ပြိုင်ပွဲတွင် အသက် ၁၄ နှစ်အောက်၊ အသက် ၁၈ နှစ်အောက်နှင့်
အသက် ၁၈ နှစ်အထက် ပြိုင်ပွဲများပါ၀င်ခဲ့ပြီး တံခွန်စိုက်ဆုဖလားများကို ရွှေကိန္နရီအသင်း၊
ဂိုးကမ့်အသင်းနှင့် YTC အသင်းတို့က ရရှိခဲ့ ကြသည်။ အသက် ၁၄ နှစ်အောက်ပြိုင်ပွဲတွင်
ရွှေ ကိန္နရီအသင်းက ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ငါးခု၊ ကြေးတံဆိပ်နှစ်ခုဖြင့် တံခွန်စိုက်
ဆုဖလားကိုလည်းကောင်း၊ အသက် ၁၈ နှစ်အောက်ပြိုင်ပွဲတွင် နေပြည်တော်ဂိုးကမ့် အသင်းက ရွှေတံဆိပ်ကိုးခု၊ ငွေတံဆိပ် နှစ်ခု၊ကြေးတံဆိပ်လေးခုဖြင့် တံခွန်စိုက်ဆုဖလား
ကို လည်းကောင်း အသီးသီးရရှိခဲ့ကြပြီး အသက် ၁၈ နှစ်အထက်ပြိုင်ပွဲတွင် YTC အသင်း
က ရွှေတံဆိပ်ငါးခု၊ ငွေတံဆိပ်ငါးခု၊ကြေးတံဆိပ်ငါးခုဖြင့် တံခွန်စိုက်ဆုဖလားကို ရရှိခဲ့ပြီး
ကာကွယ်ရေးအသင်းက ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ငါးခု ဖြင့်
ဒုတိယရရှိခဲ့သည်။
ပြိုင်ပွဲ၏ အမျိုးသားအကောင်းဆုံးကစားသမားဆုကို အသက် ၁၄ နှစ်အောက်၊ ၄၈ ကီလို
တန်းတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော အောင်ဆန်းကလပ်မှ ဖြိုးသူ လှိုင်က ရရှိခဲ့ပြီး အမျိုး
သမီးအကောင်း ဆုံးဆုကို ဂိုးကမ့် အသင်းမှ ပုံပုံလင်းက ရရှိခဲ့သည်။ ပြိုင်ပွဲသည် ကိုရီး
ယားမြန်မာ ချစ်ကြည် ရေးကိုရည်ရွယ်၍ မျိုးဆက်သစ်ကစားသမား များ ပေါ်ထွက်လာစေ
ရန်၊ မြန်မာနိုင်ငံတွင် တိုက်ကွမ်ဒို အားကစားနည်း တိုးတက်ဖွံ့ဖြိုး လာစေရန် ကျင်းပခြင်း
ဖြစ်သည်။
ဖွင့်ပွဲနေ့တွင် ကိုရီးယားသံအမတ်ကြီး H.E Mr Baek Soon Lee က ရန်ကုန်တိုင်း ဒေသ
ကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ် Kukiwon က ချီးမြှင့်သော
Honorary Black Belt "6" Dan နှင့် တိုက်ကွမ်ဒို အားကစားဝတ်စုံ ဒိုဘုတ်တို့ကို
လက်ဆောင်ပေးခဲ့ပြီး ဦးမြင့်ဆွေကလည်း ကိုရီးယားသံအမတ်ကြီးကို အမှတ်တရ
လက်ဆောင်ပြန် လည်ပေးအပ် ခဲ့သည်။















