၂၀၁၄-၁၅ ရာသီ စီးရီးအေပွဲစဉ်(၁၆)ယှဉ်ပြိုင် ပြီးနောက် ခရစ္စမတ်နှင့် နှစ်သစ်ကူးအားလပ် ရက်
အဖြစ် ပြိုင်ပွဲကို ခေတ္တရပ်နားပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ပြန်လည်စတင် မည် ဖြစ်
သည်။
ဆောင်းခိုချိန်တွင် အမှတ်ပေးဇယားထိပ် ၌ လက်ရှိချန်ပီယံ ဂျူဗင်တပ်နှင့် ရိုးမားတို့ နှစ်သင်းသာ
သုံးမှတ်ကွာ အနေအထားဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်နေပြီး အခြားအသင်း ကြီးများဖြစ်သော
နာပိုလီ၊ အေစီမီလန်၊ အင်တာမီလန်၊ ဖီအိုရင်တီးနားနှင့် လာဇီယိုတို့မှာ ချန်ပီယံပြေးလမ်းပေါ်က
လွဲချော်သွား ကြပြီ ဖြစ်သည်။ တစ်ဖက်တွင် အလယ်အလတ် အသင်း များအနက် ဂျီနိုအာဒေသ
ခံနှစ်သင်းဖြစ်သော ဆမ်ဒိုးရီးယားနှင့် ဂျီနိုအာတို့သည် ယခုရာသီ တွင် ထူးထူးခြားခြား ခြေစွမ်းပြ
လာကြပြီး ယမန်နှစ်က ခြေစွာခဲ့သော ပါးမားမှာမူ ယခု ရာသီတွင် ခြေစွမ်းကျဆင်းသွားကာ
အမှတ်ပေးဇယား အောက်ဆုံးရောက်သွားသည်။ ပွဲစဉ်(၁၆)အပြီး ထွက်ပေါ်ခဲ့သော ခြေစွမ်း၊
ရလဒ်နှင့် ရပ်တည်မှုများအရ စကူဒက်တို ချန်ပီယံဆုကို ဂျူဗင်တပ်နှင့် ရိုးမားတို့ နှစ်သင်းတည်း
သာ ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။
၏ထိုနှစ်သင်းစလုံးသည် စီးရီးအေတွင် ခြေစွမ်းအတည်ငြိမ်ဆုံး၊ အသင်းလိုက်စုဖွဲ့မှုနှင့် တောင့်
တင်းကျစ်လျစ်မှု အရှိဆုံး ဖြစ်သည်။ ရိုးမားသည် နောက်ဆုံးကစားခဲ့ သော အေစီမီလန်နှင့်ပွဲတွင်
သာ အနိုင်ရခဲ့ပါက ဂျူဗင်တပ်နှင့် တစ်မှတ်သာကွာမည်ရာ ယခုထက်ပို၍ ဖိအားပေးနိုင်မည် ဖြစ်
သည်။
ယခုရာသီမစမီ ဂျူဗင်တပ်ကို သုံးနှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဖြစ်အောင် ကိုင်တွယ်ခဲ့သော
နည်းပြကွန်တီ ထွက်သွားပြီး နောက် အေစီမီလန် နည်းပြဟောင်း အယ်လီ ဂရီ ရောက်လာသော
ကြောင့် စောဒကနှင့် မေးခွန်းများ ရှိခဲ့သော်လည်း ဂျူဗင်တပ်သည် အမှတ်ပေးပွဲတွင် ပုံမှန်ခြေစွမ်းပြ
ရင်း ထိပ်ဆုံး က ဦးဆောင်သွားသည်။ စီးရီးအေနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲနှစ်ခုကို တစ်ပြိုင်နက်တည်း
'ဖွင့်'ကစားရသော ဂျူဗင်တပ်သည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)နှင့် (၃)များတွင် အလက်တီကို၊
အိုလံပီယာကော့စ် တို့ကို ဆက်တိုက်ရှုံးခဲ့သော်လည်း ယင်း နောက်ပိုင်း နှစ်ပွဲဆက်တိုက် နိုင်
လိုက်သောကြောင့် အလားအလာကောင်းသွားပြီး အုပ်စု နောက်ဆုံးပွဲတွင် အလက်တီကိုနှင့်
သရေကျ ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည်။
အောက်တိုဘာ လဆန်းပိုင်းတွင် ဂျူဗင်တပ်သည် ပွဲကျပ်များကို ဆက်တိုက်ရင်ဆိုင် ခဲ့ရသည်။
အောက်တိုဘာ ၂ ရက် ချန်ပီယံလိဂ် ပွဲစဉ်တွင် အလက်တီကို ကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့သော်
လည်း အောက်တိုဘာ ၅ ရက်တွင် ရိုးမားကို ၃-၂ ဖြင့် နိုင်သည်။ ထိုပွဲတွင် ကွင်းလယ်ဒိုင်က
ဘက်လိုက်ဆုံးဖြတ်ခဲ့သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ရိုးမားကိုနိုင်ပြီးနောက် ဂျူဗင်တပ်
သည် ဆက်စူလိုကို ၁-၁ သရေကျပြီး ချန်ပီယံလိဂ် ပွဲစဉ်တွင် အိုလံပီယာကော့စ်ကို ၂-၀ ဖြင့်
အရေး နိမ့်သည်။ အောက်တိုဘာ ၂၆ စီးရီးအေပွဲစဉ် တွင် အမ်ပိုလီကို ၂-၀ ဖြင့် နိုင်လိုက် သော်
လည်း အောက်တိုဘာ ၃၀ တွင် ဂျီနိုအာကို ၁-၀ ဖြင့် အရေးနိမ့်ခဲ့ရာ ယင်းပွဲစဉ်သည် ယခုရာသီ
စီးရီးအေတွင် ဂျူဗင်တပ်၏ ပထမ ဆုံးရှုံးပွဲ ဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ဂျူဗင်တပ်သည် ခြောက်ပွဲဆက်တိုက်နိုင်ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာ
ကို ထိန်းထားနိုင်သည်။ ဒီဇင်ဘာလထဲတွင် ဂျူဗင်တပ် ခြေစွမ်းသည် အနည်းငယ် 'ယိုင်'သွားပြီး
စီးရီးအေတွင် ဖီအိုရင်တီးနားနှင့် ၀-၀၊ ဆမ်ဒိုးရီးယားနှင့် ၁-၁ နှစ်ပွဲဆက်တိုက် သရေကျပြီး ချန်ပီယံ
လိဂ်တွင်လည်း အလက်တီကိုနှင့် ၀-၀ သရေ ကျသောကြောင့် သုံးပွဲဆက်တိုက် သရေပွဲဆက်
သွားသည်။
သို့ရာတွင် ဆောင်းခိုချိန် နောက်ဆုံးပွဲစဉ်အဖြစ် ကက်ဂလီယာရီကွင်း ၌ ၃-၁ ဖြင့် အနိုင်ရသည်။
ဆိုရပါလျှင် ဂျူဗင်တပ်နှင့် ရိုးမားတို့၏ ခြေစွမ်း၊ ရလဒ်ကွာခြားမှုများသည် အိမ်ကွင်း တွင် မသိသာ
ဘဲ အဝေးကွင်း၌သာ သိသိသာသာ ကွာခြားသွားသည်ကို တွေ့ရသည်။ ဂျူဗင်တပ်နှင့်ရိုးမားတို့
အကြား နောက်ထပ် ကွာခြားသွားသောအချက်မှာ တိုက်စစ်မှူး များ၏ ဂိုးသွင်းနှုန်းနှင့် ဂိုးရရှိရေး
အတွက် တိုက်စစ်မှူးများအပေါ် မှီခိုအားထားရမှု ဖြစ်သည်။ ရိုးမားတိုက်စစ်မှူးများသည် အစောပိုင်း
က ဂိုးသွင်းနှုန်းကောင်းမွန်ပြီး ဂိုးရရှိရေးအတွက် အားထားခဲ့ရသည်။
သို့ရာတွင် အောက်တိုဘာ ၂၂ ရက်၊ ချန်ပီယံလိဂ် ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်ကို ရ-၁ ဖြင့် အရေး
နိမ့်ပြီးနောက် ရိုးမားတိုက်စစ်မှူးများ၏ ဂိုးသွင်းနှုန်း သိသိသာသာ ကျဆင်းသွား သည်ကို တွေ့ရ
သည်။
အသင်းခေါင်းဆောင်တော့တီ၊ ဂျာဗင်ဟို၊ အိုင်တာဘီ၊ ဒက်စထရိုနှင့် တောင်ပံတိုက်စစ် သမား
ဖလိုရန်ဇီတို့အားလုံး ဂိုးမိုးခေါင်သွား သည်။ တိုက်စစ်မှူး အဒမ်လာဂျစ်တစ်ယောက် သာ ခြေစွမ်းပြ
ဂိုးသွင်းယူနိုင်သည်။ ထိုအချိန်အတောအတွင်း ကွင်းလယ်ကစားသမားများ ဖြစ်သော နိုင်ဂိုလန်၊
ကီတာ၊ ပန်နစ်၊ ဒီရော့စီ တို့က အရေးပါသောဂိုးများ သွင်းယူနိုင်ခြင်း ကြောင့်သာ ရိုးမား၏ ရလဒ်
များ ကျဆင်း မသွားဘဲ နိုင်ပွဲများ ရရှိခဲ့ခြင်း ဖြစ်သည်။ ရိုးမားသည် ချန်ပီယံလိဂ် ပွဲဦးထွက် CSKA
ကို ၅-၁ ဖြင့် ဂိုးပြတ်နိုင်ပြီး မန်စီးတီး ကွင်း၌ ၁-၁ သရေကျလိုက်သောကြောင့် အခြေအနေကောင်း
သွားသည်။
သို့ရာတွင် ပွဲစဉ်(၃)နှင့် ပွဲစဉ်(၄)များတွင် ဘိုင်ယန်မြူးနစ် ကို ရ-၁၊ ၂-၀ ဖြင့် နှစ်ပွဲစလုံး အရေးနိမ့်ပြီး
CSKA ကွင်း၌ ၁-၁ သရေကျလိုက်ရာ ထိုသုံးပွဲ တွင် တစ်မှတ်သာ ရခဲ့သည်။ အုပ်စုနောက်ဆုံး ပွဲ
တွင် အိမ်ကွင်း၌ မန်စီးတီးကို ၂-၀ ဖြင့် အရေးနိမ့်သောကြောင့် ချန်ပီယံလိဂ်မှ ထွက် လိုက်ရသည်။
ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်ကို ရ-၁ ဖြင့် အရေးနိမ့်ခဲ့သလို စီးရီးအေတွင် ရိုးမား အတွက်
အလှည့်အပြောင်းဖြစ်သော ပွဲစဉ်မှာ ဂျူဗင်တပ်ကို ၃-၂ ဖြင့် အရေးနိမ့်သောပွဲ ဖြစ်သည်။ ထိုပွဲတွင်
အရေးနိမ့်ပြီးနောက် ရိုးမားသည် ချီယေဗိုကို ၃-၀ ဖြင့် နိုင်လိုက်သောကြောင့် အသင်းကို ပြန်လည်
'ဆွဲတင်' နိုင်မည်ဟု ယူဆခဲ့သည်။ သို့ရာတွင် ယင်း နောက်ပိုင်း ဆမ်ဒိုးရီးယားနှင့် ၀-၀ သရေကျ
ပြီး နာပိုလီကွင်း၌ ၂-၀ ဖြင့် ရှုံးခဲ့သောကြောင့် ယေဘုယျအားဖြင့် ရိုးမားသည် မာကျောသော
ပြိုင်ဘက်များကို အကြိတ်အနယ် ယှဉ်ပြိုင် နိုင်စွမ်း ကျဆင်းသွားတာကို တွေ့ရသည်။
ယခုရာသီမတိုင်မီ ချန်ပီယံလောင်းလျာ များအဖြစ် ဂျူဗင်တပ်၊ ရိုးမားနှင့် နာပိုလီတို့ သုံးသင်း ရေပန်း
စားခဲ့ ကြပြီး ထိုသုံးသင်းစလုံး ချန်ပီယံလိဂ်ပြိုင်ပွဲသို့ ၀င်ရောက်ခဲ့သည်။ သို့ရာတွင် နာပိုလီသည်
အုပ်စုအဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့်မရဘဲ ရှုံးထွက်အဆင့်တွင် ဘီလ်ဘာအိုနှင့် ယှဉ်ပြိုင်ခဲ့ရာ
နှစ်ပွဲပေါင်း ၄-၂ ဖြင့် ရှုံးနိမ့်သောကြောင့် အောက်တစ်ဆင့်နိမ့်သော ယူရိုပါလိဂ်သို့ ရောက်သွား
သည်။
စီးရီးအေနှင့် ယူရိုပါလိဂ် ပြိုင်ပွဲနှစ်ခု တစ်ပြိုင်နက်တည်း ကစားရသောအခါတွင် နာပိုလီသည်
ခြေနိုင်လက်နိုင်ရှိသည်ဟု ဆိုရမည်။ ယူရိုပါလိဂ် အုပ်စုပွဲစဉ်များတွင် နိုင်ပွဲလေးပွဲရပြီး ၁၁ ဂိုးသွင်း
ယူကာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်သွားသည်။ စီးရီးအေပြိုင်ပွဲအစပိုင်း၌ နာပိုလီ
သည် ခြေချော် လက်ချော်ဖြစ်ခဲ့သည်။ ပထမဆုံး ပွဲစဉ်တွင် ဂျီနိုအာကို နိုင်ပြီးနောက် ချီယေဗို နှင့်
ယူဒီးနိစ်တို့ကို နှစ်ပွဲဆက်တိုက် အရေးနိမ့် ပြီး တန်းတက်ပါလာမိုနှင့် ၃-၃ သရေကျ သည်။
ယင်းနောက်ပိုင်း စီးရီးအေ ခုနစ်ပွဲဆက်တိုက်တွင် နာပိုလီသည် အင်တာမီလန် ကို ၂-၂၊ အတ္တ
လန္တာကို ၁-၁ သရေကျသောပွဲများမှလွဲပြီး ကျန်ငါးပွဲနိုင်ခဲ့ရာ၌ ရိုးမားကို ၂-၀၊ ဖီအိုရင်တီးနားကို
၁-၀ ဖြင့်နိုင်သောပွဲများ ပါ၀င်ခဲ့သည်။ နိုဝင်ဘာလကုန်ပိုင်းမှ စတင်၍ နာပိုလီ သည် စီးရီးအေပွဲ
စဉ်များအဖြစ် ကက်ဂလီယာရီနှင့် ၃-၃၊ ဆမ်ဒိုးရီးယားနှင့် ၁-၁၊ အမ်ပိုလီနှင့် ၂-၂ သရေကျလိုက်
သောကြောင့် အဖိုးတန် ခြောက်မှတ် လက်လွှတ် ဆုံးရှုံးသွားသည်။ ထိုပွဲစဉ်များကိုသာ နိုင်ခဲ့ပါက
နာပိုလီသည် ရိုးမားနှင့် သုံးမှတ်အကွာသို့ ရောက်လာမည် ဖြစ်သောကြောင့် ချန်ပီယံအိပ်မက်မက်
ခွင့်ရှိ နေသေးသည်။
ယခုအခါတွင် နာပိုလီသည် ရိုးမားနှင့်ပင် ခြောက်မှတ်ပြတ်သွားသောကြောင့် ချန်ပီယံပြေးလမ်း
ပေါ် ပြန်လည်တက်ရောက်နိုင်ဖို့ အလားအလာ နည်းသွားသည်။ ခြံုကြည့်လျှင် ဂျူဗင်တပ်၊ ရိုးမားနှင့်
နာပိုလီ တို့ သုံးသင်းကို အဓိက အဆုံးအဖြတ်ပေးသွား သည်မှာ အဝေးကွင်းခြေစွမ်းနှင့် ဂိုးသွင်းနှုန်း
ဖြစ်သည်ကို တွေ့ရသည်။
တစ်ဖန် ပုံမှန်ခြေစွမ်း ကိုထိန်းထားနိုင်မှု၊ အနိုင်ရလိုစိတ် ပြင်းပြမှု နှင့် စုဖွဲ့ကစားမှုများတွင် ကွင်း
လယ်တည် ငြိမ်မှုကောင်းမွန်သော ဂျူဗင်တပ်သည် အနည်းငယ် အသာစီးရသည်။ သို့ရာတွင်
ဂျူဗင်တပ်သည် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်၌ ဂျာမန်ထိပ်သီး ဒေါ့မွန်နှင့် ထိပ်တိုက်ရင်ဆိုင် ရမည်
ဖြစ်သည်။
သို့ကလိုကြောင့် ဥရောပ ပြိုင်ပွဲများ ပြန်မစမီ စီးရီးအေတွင် ခြေစွမ်း ထိန်းထားနိုင်မည်လား။
ဥရောပပြိုင်ပွဲများ ပြန်ကစားသောအခါ ပြိုင်ပွဲနှစ်ရပ်လုံး၌ ခြေ စွမ်းပြနိုင်မည်လား ဆိုသည်ကို
စောင့်ကြည့် ရတော့မည်။
(ဆက်လက်ဖော်ပြပါမည်)















