၂၀၁၅ ချယ်ရတီဖလား ဧရာဝတီယူနိုက်တက် အသင်းဆွတ်ခူး

၂၀၁၅ ချယ်ရတီဖလား ဧရာဝတီယူနိုက်တက် အသင်းဆွတ်ခူး

၂၀၁၅ ခုနှစ် ချယ်ရတီဖလားပြိုင်ပွဲကို ပြီးခဲ့ သည့် ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်း
ကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီယူနိုက်တက်အသင်းက ရတနာပုံကို တစ်ဂိုးဪဂိုးမရှိဖြင့်
အနိုင်ရရှိခဲ့သည်။

၂၀၁၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရတနာပုံအသင်းနှင့် ဥသမနိသသ ရှုံးထွက်ဖလား
ချန်ပီယံ ဧရာဝတီယူနိုက်တက် အသင်းတို့သည် ပွဲချိန်ပြည့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး
ဧရာဝတီယူနိုက်တက် အသင်းက ပွဲချိန် ၅၁ မိနစ်တွင် ရရှိခဲ့သော ပင်နယ်တီဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်
သည်။

ဧရာဝတီယူနိုက်တက်အသင်းအတွက် ချယ်ရတီဖလားရရှိစေမည့် တစ်လုံးတည်းသော အနိုင်ဂိုးကို
တိုက်စစ်မှူး နက်မော့ဗ်ရစ်စတေ က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ နှစ်သင်းစလုံးသည် လာမည့်
၂၀၁၅ ဘောလုံးရာသီ တွင် အာရှအဆင့်ကလပ် အသင်းပြိုင်ပွဲများ ကစားရမည်ဖြစ်၍ ကစားသမား
သစ်များစွာကို ခေါ်ယူအားဖြည့်ထားပြီး အဆိုပါပွဲစဉ်တွင် ပြည်တွင်းပြည်ပ ကစားသမားသစ်များကို
စမ်းသပ်အသုံးပြုခဲ့ကြသည်။

၂၀၁၅ ခုနှစ် ချယ်ရတီဖလားပြိုင်ပွဲကို မူလက ရတနာပုံအသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်း
တို့၏ အိမ်ကွင်းများဖြစ်သော ဗထူးကွင်းနှင့် ကျောက်တိုင်ကွင်းများတွင် အိမ်ကွင်း၊ အဝေးကွင်း
နှစ်ကျော့စနစ်ဖြင့် ကျင်းပနိုင်ရန်စီစဉ်ခဲ့သော်လည်း လက်ရှိတွင် အောင်ဆန်းကွင်း၌သာ တစ်ပွဲ
တည်းကျင်းပသွားခဲ့သည်။ ပြိုင်ပွဲက ရရှိသော ကွင်းဝင်ကြေး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နှင့်
မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင် များက စုပေါင်း လှူဒါန်းသော စုစုပေါင်း ငွေကျပ်သိန်း ၁၀၀
ကို လူမှုအဖွဲ့အစည်းများသို့ ပေးအပ်လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ ချယ်ရတီဖလားပြိုင်ပွဲကို ရာသီအဖွင့်ဖလား ပြိုင်ပွဲအဖြစ်
နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိပြီး မြန်မာနေရှင်နယ်လိဂ် ချန်ပီယံအသင်းနှင့် ရှုံးထွက်ဖလားချန်ပီယံ
အသင်းတို့ ယှဉ်ပြိုင် ကစားကြသည်။



ဖတ်ရှုမှုအများဆုံး