အမ္မန်း - လာမည့်မေလ ၂၉ ရက်နေ့တွင် ကျင်းပ မည့် ဖီဖာဥက္ကဋ္ဌရာထူးနေရာ
ရွေးကောက်ပွဲ တွင် လက်ရှိဥက္ကဋ္ဌ ဆပ်ဘလတ္တာနှင့် ယှဉ်ပြိုင် အရွေးချယ်ခံမည့် ဂျော်ဒန်အိမ်ရှေ့
မင်းသား အလီဘင်အယ်လ်ဟူစိန်ကို ဥရောပဘောလုံး ခေါင်းဆောင်အများစုက ထောက်ခံမှုရှိ
ကြောင်း အေအက်ဖ်ပီက ဖော်ပြသည်။
မင်းသားအလီသည် ဖီဖာဥက္ကဋ္ဌရာထူး ကို ၀င်ရောက်ရွေးချယ်ခံရန် ပြီးခဲ့သည့် အင်္ဂါ နေ့က ဆုံးဖြတ်
ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်တွင် လာဘ်ပေးလာဘ်ယူကိစ္စများ နှင့် ရှုပ်ထွေးနေမှုများ
ပျောက်ပျက်သွားအောင် လုပ်ဆောင်လိုသည်ဟူ၍လည်း ဆိုသည်။ ဥရောပဘောလုံးအဖွဲ့ချုပ်
(ယူအီးအက်ဖ် အေ)ဥက္ကဋ္ဌ ပလာတီနီနှင့် ရင်းနှီးသူ မင်းသားအလီသည် ဥရောပဘောလုံးအဖွဲ့ချုပ်
အဖွဲ့ဝင် ၅၄ နိုင်ငံမှ ထောက်ခံမဲများကို ရရှိရန် နီးစပ်နေ သူလည်း ဖြစ်သည်။
သို့သော် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်အဖွဲ့ဝင် နိုင်ငံပေါင်း ၂၀၉ နိုင်ငံရှိရာ အနည်းဆုံး ထောက်ခံမဲ ၁၀၅
မဲရရှိမှသာ လက်ရှိဥက္ကဋ္ဌ ဘလတ္တာ၏ နေရာကို ရရှိနိုင် မည်ဖြစ်သည်။
"မင်းသားအလီအနေနဲ့ အဖွဲ့အစည်းတွင်း ဆိုင်ရာကိစ္စများကအစ ဘယ်လောက်ထိ အကောင်းဆုံး
လုပ်နိုင်တယ်ဆိုတာ ကျွန်တော့် အနေနဲ့ သိထားပါတယ်။ အခုချိန်မှာ အနာဂတ် ဘောလုံးလောက
အတွက် ဘယ်လိုအစီအစဉ် တွေ ချမှတ်ထားသလဲဆိုတာ တင်ပြလာတာ ကိုပဲ ကျွန်တော်တို့စောင့်
ကြည့်ရမှာပါ"လို့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ပလာတီနီက မင်းသားအလီအပေါ် ၎င်းအနေဖြင့်
ထောက်ခံ သည့်အနေအထားကို အရိပ်အမြွက် ပြောကြားသွားခဲ့သည်။
ဘလတ္တာကို သိပ်မကြည်ဖြူသည့် ဥရောပ နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့် အင်္ဂလန်ဘောလုံး
အဖွဲ့ချုပ် (အက်ဖ်အေ)မှ ဥက္ကဋ္ဌ ဖြစ်သူ ဂရက်ဒိုက်ကလည်း မင်းသားအလီ၏ ဆုံးဖြတ်ချက်ကို
ကြိုဆိုခဲ့သည်။
ဂျော်ဒန်အိမ်ရှေ့မင်းသား အလီသည် အာရှကိုယ်စားပြု ဖီဖာဒုဥက္ကဋ္ဌရာထူးကို ၂၀၁၁ ကတည်းက
စတင်တာဝန်ယူခဲ့သူဖြစ် သည်။ ၎င်းက "အခုဆုံးဖြတ်ချက်ကို လွယ် လွယ်ကူကူ ချခဲ့တာတော့
မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ဖီဖာက လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြိမ်ကြိမ်
ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးမှ သူတို့ကို လေးစား တဲ့အနေနဲ့ ဆုံးဖြတ်ခဲ့တာပါ။ ကမ္ဘာ့ဘောလုံး
အဖွဲ့ချုပ်အနေနဲ့ ရှုပ်ထွေးတဲ့အကြောင်းအရာ တွေထဲက ရုန်းထွက်ဖို့ အချိန်တန်ပြီဖြစ်ပြီး ကောင်းမွန်
တဲ့ အားကစားလောကကို ပြန်လည်ရောက်ရှိသင့်ပြီထင်လို့လည်း ဆုံးဖြတ်ခဲ့တာပါ။
အဓိကကတော့ ဘောလုံးအပြင် အားကစားလောကကိုပါ ကောင်းမွန်ဖို့ပါ။ ဖီဖာတစ်ခုတည်း
ကောင်းမွန်ဖို့ မဟုတ်ပါဘူး"ဟု ပြောကြားသွားခဲ့သည်။
(အေအက်ဖ်ပီ)















