မော်စကို - ရုရှားလက်ရွေးစင်အသင်းနည်းပြ ကာပယ်လိုကို လစာငွေ
ခြောက်လစာပေးရန်ကျန်ရှိနေသည့်အတွက် ရုရှားဘောလုံး အဖွဲ့ချုပ်၏ အကြီးအကဲဖြစ်သူ
နီကိုလိုင်း တိုရှက်မှာအရေးယူခံရဖွယ် အနေအထားနှင့် ကြံုတွေ့နေရကြောင်း ရုရှားပြည်တွင်း
သတင်းများကဖော်ပြသည်။
ရုရှားအလုပ်သမား အေဂျင်စီက ကာပယ်လို၏ လစာငွေများကို ဒီဇင်ဘာ တွင် အပြီးပေးဆောင်ရန်
သတ်မှတ်ခဲ့သော် လည်း ယခုချိန်ထိ ပေးချေခြင်း မရှိသေး ကြောင်းသိရသည်။
"ကာပယ်လိုရဖို့ ကျန်ရှိနေတဲ့ လစာငွေတွေကို ပေးချေဖို့ ကျွန်တော်တို့ ညွှန်ကြား ထားတာနဲ့
ပတ်သက်ပြီး ရုရှားဘောလုံး အဖွဲ့ချုပ်ဘက်က အခုချိန်ထိ ဘာမှတုံ့ပြန် မှု မရှိသေးပါဘူး"ဟု
ရုရှားအလုပ်သမား အေဂျင်စီက ထိပ်တန်းအရာရှိဖြစ်သူ အိုင်ဗန် နော့ဗ်က ပြောကြားခဲ့သည်။
ကာပယ်လိုသည် ရုရှားလက်ရွေးစင် ဘောလုံးအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ
ကိုင်တွယ်ရန် ပြီးခဲ့သည့် နှစ်ကမှ စာချုပ်သက်တမ်းတိုး ချုပ်ဆိုခဲ့ခြင်းဖြစ် သည်။ ကာပယ်လိုမှာ
ကမ္ဘာ့ဈေးအကြီးဆုံး နည်းပြများစာရင်းတွင် ပါ၀င်သူဖြစ်ပြီး ၎င်း၏ လစာငွေမှာ တစ်နှစ်လျှင် ယူရို
ခုနစ် သန်းခန့် ရရှိနေသူဖြစ်သည်။ "ကျွန်တော့်ရဲ့ စာချုပ်အရ ကျန်ရှိနေတဲ့ လစာငွေတွေကို
အခုချိန်ထိ မရသေးပါဘူး။ သူတို့အပေါ် သည်းခံနိုင်မှု စွမ်းရည်လည်း ကုန်ဆုံးခါနီးဖြစ််နေပါပြီ"ဟု
ကာပယ်လိုက ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)














