sky ရုပ်သံနဲ့ BT ရုပ်သံတို့က ပေးသွားတဲ့ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ ရုပ်သံကြေးက မယုံနိုင်
လောက်တဲ့ ပရီမီယာလိဂ် ရုပ်သံ ရိုက်ကူးထုတ်လုပ်ရောင်းချခွင့် ပေါက်ဈေး ကြီးဖြစ်သွားပါတယ်။
၁၉၉၂-၉၇ တုန်းက စတင်ပြီး ရုပ်သံရိုက်ကူးထုတ်လုပ်ခွင့်ကိုရောင်းချခဲ့ရာမှာ ပေါင် ၁၉၁ သန်းနဲ့
စတင်ရောင်းချခဲ့ရတဲ့ ပရီမီယာလိဂ်ပြိုင်ပွဲဟာ အခုရှစ်ကြိမ်မြောက် ရောင်းချလိုက်ချိန်မှာတော့
ပေါင်ငါးဘီလျံအထိကို ထိုးတက် သွားတာက sky ရုပ်သံနဲ့ BT ရုပ်သံတို့အတွက် စွန့်စားခန်း
မဟုတ်ဘဲ ပရီမီယာလိဂ်ပရိသတ် ကမ္ဘာတစ်လွှားမှာ ထုထည်လိုက်ကြီးရှိထားတာက သေချာ
နေတာက အကြောင်းရင်း တစ်ခုဖြစ်ခဲ့သလို sky ရုပ်သံနဲ့ BT ရုပ်သံတို့ကို ယှဉ်ပြိုင်မယ့် ပြိုင်ဘက်
ရုပ်သံတွေဖြစ်တဲ့ belNsport ရုပ်သံနဲ့ Discovery Communications ရုပ်သံတို့ကပါ ဒီတစ်ကြိမ်
ရုပ်သံဝယ်ယူခွင့်ထဲ ၀င်လာတဲ့အတွက်ကြောင့် လည်း sky ရုပ်သံနဲ့ BT ရုပ်သံတို့ဟာ အနိုင်ယူ
နိုင်ဖို့အတွက် ဒီလောက်များပြားတဲ့ ပမာဏ ပေးပြီး ၀ယ်ယူလိုက်တာပဲ ဖြစ်ပါတယ်။
နောက်ဆုံးရောင်းချခဲ့တဲ့ ပရီမီယာလိဂ်ရုပ်သံ ရိုက်ကူးထုတ်လုပ်ခွင့်က ပေါင်သုံးဘီလျံပဲရှိခဲ့လို့
ဒီတစ်ကြိမ်ဟာ ရ၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားလို့ အံ့ဩသွားစေခဲ့ပါတယ်။ ရုပ်သံဈေး အဆ
မတန်မြင့်တက်သွားခြင်း အောက်မှာ ပရီမီယာလိဂ်ကလပ်အသင်းတွေ အနေနဲ့ အားရဝမ်းသာစရာ
ဖြစ်လာခဲ့သလို လိဂ်ချန်ပီယံရှစ်တန်းက တန်းတက်လာမယ့် အသင်းတွေအတွက်လည်း မက်လုံး
တစ်ခုဖြစ်လာခဲ့ရပြီဖြစ်ပါတယ်။
ဒီတစ်ကြိမ် ရုပ်သံရိုက်ကူးထုတ်လုပ်ခွင့် အတွက် sky ရုပ်သံဟာပြိုင်ဘက် ရုပ်သံ ကုမ္ပဏီတွေဖြစ်
တဲ့ BT ရုပ်သံ၊ belNsport ရုပ်သံနဲ့ Discovery ရုပ်သံတို့နဲ့ အပြိုင်ဖြစ်ခဲ့လို့ ရုပ်သံကြေးဟာ ပေါင်သုံးဘီလျံထက်ကျော်လွန်ပြီး ပေါင်လေးဘီလျံအထိရှိလာ နိုင်တယ်လို့
ခန့်မှန်းထားပေမယ့် နောက်ဆုံး မှာ sky ရုပ်သံနဲ့ BT ရုပ်သံ တို့က ပေါင်ငါးဘီလျံ ပေးလိုက်
တာဖြစ်ပါတယ်။
ဒီရုပ်သံနှစ်ခုဟာ ယူကေနဲ့ အိုင်ယာလန်နယ်နိမိတ်အတွင်းမှာ ပရီမီယာလိဂ်ပွဲပေါင်း ၁၆၈ ပွဲကို
ထုတ်လွှင့်ရောင်းချ ပေးသွားမှာပဲဖြစ်ပါတယ်။ sky ရုပ်သံက တစ်ရာသီကို ပွဲပေါင်း ၁၂၄ ပွဲထုတ်
လွှင့်ခွင့် အတွက် ပေါင် ၄ ဒသမ ၁၇၆ ဘီလျံ၊ BT ရုပ်သံက တစ် ရာသီကို ပွဲပေါင်း ၄၂ ပွဲ ထုတ်
လွှင့်ခွင့်အတွက် ပေါင်သန်း ၉၆၀ နဲ့ ၂၀၁၆ ကနေ ၂၀၁၉ အထိ သုံးနှစ် စာချုပ်လိုက်တာ ဖြစ်ပါ
တယ်။
၂၀၁၆ က စတင်ပြီး ပရီမီယာလိဂ်ပွဲတွေဟာ Friday Night ပွဲတွေကိုပါ စတင်ပြသ တော့မှာ
ဖြစ်ပါတယ်။ သုံးနှစ်အတွက် ပေါင်ငါးဘီလျံကျော် ရသွားခြင်းအတွက် ပရီမီယာလိဂ်အသင်းတိုင်း
၀င်ငွေပိုကောင်း လာတော့မယ့်သဘော ဖြစ်လာခဲ့ပါတယ်။ ဥရောပထိပ်သီးလိဂ်တွေဟာ ရုပ်သံ
ထုတ်လွှင့် ခွင့်ကြေး၊ ဂျာစီစပွန်ဆာကြေးနဲ့ ကွင်းဝင်ကြေးတို့ကိုအဓိကမီခိုရလို့ ပရီမီယာလိဂ်
အတွက်တော့ အသင်းငယ်တွေပါ ပိုပြီး တောင့် တောင့်တင်းတင်းဖြစ်လာတော့မှာပဲ ဖြစ်ပါ
တယ်။ ရုပ်သံထုတ်လွှင့်ခွင့်ကြေးကို ပြည်တွင်း (ယူကေနှင့် အိုင်ယာလန်)ထုတ်လွှင့်ခွင့်ကြေး
နဲ့ ပြည်ပ (Oversea ရုပ်သံ) ကြေးဆိုပြီး နှစ်မျိုးခွဲခြားပြီး အသင်းတွေကို ခွဲဝေပေးနေ တာဖြစ်
ပါတယ်။
Local ရုပ်သံကြေးမှာ တစ်သင်းနဲ့တစ်သင်း ရုပ်သံကြေးရရှိပုံ မတူညီ ဘဲ အတက်အကျရှိပေမယ့်
Oversea ရုပ်သံကြေးမှာတော့ ပရီမီယာလိဂ်အသင်း ၂၀ တိုင်း ဟာအချိုးကျခွဲဝေရရှိကြပါတယ်။
ဒီအချက် က ပရီမီယာလိဂ်အသင်းတွေအတွက် အားသာချက်ပဲ ဖြစ်ပါတယ်။ ချန်ပီယံမန်စီးတီး
ရတဲ့ ငွေပမာဏအတိုင်းပဲ တန်းဆင်းရမယ့်လက်စတာအသင်းဟာ အချိုးတူညီစွာရရှိခံစားစေခဲ့
ပါတယ်။ ဒါကြောင့် အသင်းတိုင်း ဟာ ငွေရေးကြေးရေးပိုင်း အရင်ကထက်ပိုပြီးတောင့်တင်းသွား
မယ်လို့ ပြောဆိုနေကြတာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီလိုရုပ်သံကြေး များပြားသွားတဲ့အတွက်ကြောင့်
ပရီမီယာ လိဂ် ကွင်းဝင်ကြေးတွေဟာလည်း လျော့ကျ သွားလိမ့်မယ်လို့ ခန့်မှန်းနေကြပြီ ဖြစ် ပါ
တယ်။
ပရီမီယာလိဂ်ရဲ့ ရုပ်သံခွဲဝေမှုအပိုင်းဟာ မျှတညီညွတ်မှုရှိတဲ့အတွက်ကြောင့် လာလီဂါ က အသင်း
တွေဟာလည်း လာလီဂါရုပ်သံ ခွဲဝေပေးမှု မညီမျှခြင်းအပေါ်မှာ ဆန္ဒပြကြဖို့ တောင် ပြင်ဆင်နေပြီ
လို့ သတင်းတွေထွက်လာနေပြီဖြစ်ပါတယ်။ လာလီဂါမှာက ရီးယဲလ် မက်ဒရစ်နဲ့ ဘာစီလိုနာတို့
ကပဲ ရုပ်သံကြေးတွေတစ်နင့်တစ်ပိုးရထားပြီး ကျန်တဲ့ကလပ်အသင်းတွေဟာ အချိုးအစား လုံးဝ
မတူညီ တဲ့အနေအထားနဲ့ ရုပ်သံကြေးတွေရရှိနေကြ ရတာ ဖြစ်ပါတယ်။
၂၀၁၂-၁၃ ရာသီ အတွက် လာလီဂါ ရုပ်သံကြေး ပေး တော့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့
ဟာ တစ်သင်းကို ပေါင်သန်း ၁၁၀ ကျော်စီ ရရှိခဲ့ကြ ပေမယ့် အလက်တီကိုမက်ဒရစ်နဲ့ ဗလင်
စီယာတို့ဟာ ပေါင် ၃၃ သန်းစီသာ ရရှိခဲ့ကြ ပါတယ်။ ရီးယဲလ်ဘက်တစ်အပါအဝင် တခြား အနိမ့်
အသင်း ခြောက်သင်းဟာ တစ်သင်းကို ပေါင် ၉ ဒသမ ၅ သန်းစီပဲ ရရှိခြင်းက ပရီမီယာလိဂ်နဲ့
မတူညီတဲ့ ရုပ်သံ ခွဲဝေမှုပဲဖြစ်ပါတယ်။
အခုတော့ ပရီမီယာလိဂ် ရုပ်သံခွဲဝေမှုက စံနမူနာဖြစ်လို့လာပြီ ဖြစ်ပါ တယ်။ ရုပ်သံထုတ်လွှင့်ရောင်း
ချမှု မြင့်မား လာခြင်းအောက်မှာ ပရီမီယာလိဂ်အသင်း အများစုဟာ လက်ရှိအခြေအနေ ထက်ပိုပြီး
ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်လာနိုင်ဖွယ်ရှိနေ ပြီ ဖြစ်ပါတယ်။ ထိပ်တန်းဘောလုံးသမား
ဆိုတဲ့ကစားသမားတွေကိုလည်း လုပ်ခလစာ ကောင်းကောင်းနဲ့ ခေါ်ယူမယ်ဆိုရင် ခေါ်ယူ လို့ ရ
လာနိုင်တဲ့ ရုပ်သံဈေးကွက်မြင့်တက်ခြင်းတစ်ခုပဲဖြစ်ပါတယ်။ sky ရုပ်သံဟာ ၁၉၉၂ ကတည်းက
ပရီမီယာလိဂ်ရုပ်သံ ထုတ်လွှင့်ခွင့်တွေကို ရယူထားတဲ့ ရုပ်သံလိုင်း တစ်လိုင်းပဲဖြစ်ပါတယ်။
သူကိုပြိုင်ဖို့ ၀င်လာတဲ့ ITV ရုပ်သံ၊ Setanta ရုပ်သံ၊ ESPN ရုပ်သံတို့ကို အပြိုင်နောက်ကောက်
ချနိုင်ခဲ့ပြီး ယခုတော့ BT ရုပ်သံကို လက်ခံထားနိုင်ခဲ့ပါတယ်။ အသစ်ဝင်လာဖို့ပြင်ဆင်တဲ့
belNsport ရုပ်သံနဲ့ Discovery ရုပ်သံတို့ ၀င်မလာနိုင် အောင် BTနဲ့ ပူးပေါင်းမှုက အောင်မြင်
မှုရသွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပရီမီယာလိဂ်ဟာ အာရှဈေးကွက်မှာတော့ တရုတ်နဲ့ အိန္ဒိယ
ဈေးကွက်ကြီးနှစ်ခုကို စိုးမိုးထားပြီးဖြစ်သလို အခုဆိုရင် အမေရိကန် ဈေးကွက်ကိုပါ ထိုးဖောက်
လာနေတာပါ။
Discovery ရုပ်သံဟာ အမေရိကန်အခြေ စိုက် ရုပ်သံလိုင်းဖြစ်ပြီး Eurosport ရုပ်သံကိုတည်
ထောင်ထားသူဖြစ်ပါတယ်။ အခုရုပ်သံလေလံဆွဲပွဲမှာ ၀င်လာခြင်းက အမေရိကန်ဈေးကွက်ကို
အားထားထိုးဖောက်နိုင်စွမ်း ရှိလာနိုင်ဖွယ်ရှိတာကြောင့်လို့ ယူဆလို့ရတဲ့အနေအထားဖြစ်ပါတယ်။
ဒါပေမဲ့ sky ရုပ်သံ ဟာ Discovery ရုပ်သံကို အဝင်မခံဘဲ BT ရုပ်သံနဲ့ပေါင်းပြီး ပရီမီယာလိဂ်ကို
စိုးမိုးရယူလိုက်တာဖြစ်ပါတယ်။ ပရီမီယာလိဂ်အဖွဲ့ချုပ် အနေနဲ့ တစ်နှစ်ကို ပေါင် ၅၆ သန်း တန်ဖိုး
ရှိတဲ့ မြက်ခင်းတု ၅၀ ခင်းခြင်းနဲ့ ဆိုးရွားနေတဲ့ ကွင်းတွေ ပြုပြင်ပေးခြင်းလုပ်ငန်းတွေ လုပ်ပေးဖို့
လျာထားမှုတွေလည်းရှိထားလို့ နောက်သုံးနှစ်အတွင်းမှာ အင်္ဂလန်ကဘောလုံးကွင်း တွေဟာ
ပြောင်းလဲလာဖွယ်ရှိနေပါတယ်။
ရုပ်သံစာချုပ်သစ်ချုပ်ဆိုပြီးတာနဲ့ မန်ယူရဲ့ရှယ်ယာဈေးတွေဟာ ငါးရာခိုင်နှုန်းအထိ ရုတ်တရက်
ထိုးတက်သွားတာကို တွေ့လိုက်ရ ပါတယ်။ ကလပ်တွေရဲ့ ရုပ်သံကြေးတိုးမြှင့် ရရှိလာမယ့်
အနေအထားအရ တွက်ကြည့် လိုက်ရင် ပရီမီယာလိဂ်မှာ ငွေကြေးအင်အားအနည်းဆုံးအသင်း
ဖြစ်တဲ့ ဘန်လေအသင်းဆိုရင် ၂၀၁၆ ကစတင်ပြီး နယ်သာလန်လိဂ်က ထိပ်သီးအသင်းဖြစ်တဲ့
အေဂျက်စ် အသင်းထက် ငွေကြေးအင်အားပိုပြီး တောင့်တင်းသွားတော့မှာ ဖြစ်ပါတယ်။
၂၀၁၆-၁၇ ဘောလုံးရာသီအတွင်းမှာ ပရီမီယာလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၂၀)မှာ ရပ်
တည်မယ့်အသင်းရဲ့ ၀င်ငွေဟာ ပေါင် ၉၉ သန်းအထိ ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီ
မီယာလိဂ်ရဲ့ အောက်တန်း အသင်းငယ်တွေရဲ့ အားထုတ်မှုတွေဟာ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာ
တော့မှာ သေချာ နေပါတယ်။
ချန်ပီယံဖြစ်မယ့်အသင်းဟာ လည်း ပေါင်သန်း ၁၅၀ ကျော်အထိ ဆုကြေး ငွေရရှိတော့မှာ ဖြစ်ပါ
တယ်။ ဒါတောင် တခြား ကလပ်ရဲ့ဝင်ငွေတွေ မပါသေးလို့ ချန်ပီယံ ဖြစ်မယ့်အသင်းဟာ ဥရောပ
Money League လိဂ်မှာ ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့နဲ့အပြိုင် ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့
လည်း သုံးသပ်နေကြပြီဖြစ်ပါတယ်။ ပရီမီယာ လိဂ်ကလပ်အသင်း ၂၀ အနေနဲ့ကတော့ ကမ္ဘာ့
အချမ်းသာဆုံး ကလပ်အသင်းစာရင်း မှာ အဆင့်(၃၀)အတွင်း ၀င်ရောက်တော့ မှာဖြစ်ပါတယ်။
ပြီးတော့ ပရီမီယာလိဂ်ရဲ့ပေါင်သန်း ၁၀၀ တန် ကစားသမားဘယ်သူ ဖြစ်လာမလဲ၊ တစ်ပတ်
လုပ်ခလစာ ပေါင် ၅၀၀,၀၀၀ ရတဲ့ကစားသမားဘယ်သူဖြစ်မလဲဆိုတာပါ စောင့်ကြည့်ရမယ့်
အချိန်ကို ရောက်လာပြီလို့ ဆိုနေကြပါတယ်။ ဒီအချက် က ပရီမီယာလိဂ်ကို ထိပ်သီးကစား
သမားတွေ အများအပြား ရောက်လာတော့မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
ဘောလုံးလောကမှာတော့ လက်ရှိပရီမီယာလိဂ် ရုပ်သံထုတ်လွှင့် ခွင်မူပိုင်ကြေးဟာ အမြင့်ဆုံးမှာ
ဖြစ်နေ ပေမယ့် တခြားသောအားကစားနည်းတွေနဲ့ ယှဉ်ရင်တော့ ဒေါ်လာရှစ်ဘီလျံဆိုတာ နည်းနေသေးတယ်ဆိုတာ အောက်ပါဇယားကိုကြည့်လိုက်ရင် တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲ
ဖြစ်ဖြစ် ပရီမီယာလိဂ်ကတော့ ပေါင် ငါးဘီလျံ(သို့) ဒေါ်လာရှစ်ဘီလျံတန်တဲ့ လိဂ်တစ်ခုဖြစ်လာ
နေလို့ ပြိုင်ဆိုင်မှုက ပိုပြီး ပြင်းထန်လာသလို ပိုပြီးလည်း စီးပွားရေးဆန်လာတဲ့လိဂ်လို့ ယုံကြည်
နေမိပါရဲ့...။

















