အမှတ်ပေးချန်ပီယံဖြစ်မည်ဟု ရန်ကုန်နည်းပြ ယုံကြည်

အမှတ်ပေးချန်ပီယံဖြစ်မည်ဟု ရန်ကုန်နည်းပြ ယုံကြည်

၂၀၁၅ မြန်မာနေရှင်နယ်လိဂ်ဖလားကို ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက်
နည်းပြချုပ် Mr.Jesic က ဇေယျာရွှေမြေအသင်းကို ၅-၂ ဂိုးဖြင့် အနိုင် ရရှိခဲ့သော မြန်မာနေရှင်
နယ်လိဂ်ပွဲစဉ် (၉) အပြီးတွင်ပြောသည်။

Mr.Jesic "မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲပြီးဆုံးဖို့ အများကြီးလိုသေးပေမယ့်ချန်ပီယံဖြစ်မယ်
လို့ ယုံကြည် ချက်ရှိပါတယ်။ ကျွန်တော်ရန်ကုန်နည်းပြအဖြစ် မြန်မာ နေရှင်နယ်လိဂ်ကို
လာခဲ့တာဟာ ချန်ပီယံဘွဲ့ကို လိုချင် လို့ပါ။ လက်ရှိအချိန်မှာ အသင်းကလည်း အကောင်းဆုံး
အနေအထားရှိနေပြီး ဒီခြေစွမ်းကိုလည်း ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်"
ဟု ပြော သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ်
ပွဲစဉ်(၉)အပြီးတွင် ကိုးပွဲဆက်အနိုင်ရရှိထားရာ နည်းပြက ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံ ဖြစ်ရန်လည်း
မျှော်လင့်ထားသည်။ "ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့
ကြိုးစားသွားမှာပါ။ ဘူလ်ဂေးရီး ယားလိဂ်မှာ နည်းပြလုပ်ခဲ့တုန်းက ရှုံးပွဲမရှိစံချိန်နဲ့ ချန်ပီယံနှစ်ကြိမ်
ဖြစ်ခဲ့ဖူးပါတယ်။ မဖြစ်နိုင်တဲ့အရာ လည်း မဟုတ်တဲ့အတွက် အကောင်းဆုံးကြိုးစားသွားမှာ ပါ"ဟု
Mr.Jesicက ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကို ပွဲစဉ်(၉) အပြီးတွင်နိုင်ငံတကာ လက်ရွေးစင်ပြိုင်ပွဲများကြောင့်
သုံးလကြာ ရပ်နားထားမည်ဖြစ်ပြီး ဇွန်လ ပထမအပတ်တွင် ပြန်လည် ကျင်းပပြုလုပ်သွား
မည်ဖြစ်သည်။

Mr.Jesicက "ကျွန်တော်တို့ရဲ့ ဒီကိုးပွဲဆက် အနိုင်က သမိုင်းတစ်ခုဖြစ်သွားပါပြီ။ ဒီရလဒ်ကို
မေ့ထားခဲ့တော့ မှာပါ။ ဒီရလဒ်က ကျွန်တော်တို့အတွက် ဖိအားတစ်စုံ တစ်ရာမဖြစ်ပါဘူး။
လာမယ့် ဇွန်လမှာ ရာသီအသစ်တစ်ခု ပြန်စသလို စိတ်သစ်လူသစ်နဲ့ အကောင်းဆုံး
ပြင်ဆင်သွားမှာပါ။ ပြိုင်ပွဲမစမီ ၄၅ ရက်လောက်ကြိုပြီး အသင်းကို ပြန်လည်စုစည်းသွားမှာပါ။
ဒီကြားထဲမှာ တော့ နိုင်ငံတကာပြိုင်ပွဲမရှိတဲ့ ကစားသမားတွေကို အနားပေးထားမှာပါ"ဟု ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်ရာသီတွင် ပြည်ပကစားသမားများဖြစ်သော ဆီဇာ၊
အီမာဆင် တို့က အသင်းအတွက် အရေးပါသော ဂိုးများကို သွင်းယူပေးနေသလို ပြည်တွင်း
ကစားသမားများဖြစ်သော ကျော်ကိုကို၊ ကြည်လင်း၊ ရန်အောင်ကျော် အစရှိသော ကစားသမားများက ခြေစွမ်းပြကစားလျက်ရှိသည်။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် (၉)အပြီးတွင်
ရန်ကုန် ယူနိုက်တက်အသင်းသည် ကိုးပွဲကစား၊ ကိုးပွဲနိုင် ရမှတ် ၂၇ ရရှိထားကာ အမှတ်ပေး
ဇယားကို ဦးဆောင်နေ သည်။ ဒုတိယနေရာတွင် ဧရာဝတီယူနိုက်တက်အသင်း က ရှစ်ပွဲ
ကစား၊ ခုနစ်ပွဲနိုင် တစ်ပွဲသရေဖြင့် ရမှတ် ၂၂ မှတ်ရရှိထားသည်။

တတိယနေရာတွင် မကွေး အသင်းက ရမှတ် ၁၈ မှတ်၊ လက်ရှိချန်ပီယံ ရတနာပုံ အသင်းက
ရမှတ် ၁၆ မှတ်ဖြင့် စတုတ္ထနေရာတွင် ရပ်တည် နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည်
၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃ ခုနှစ်များတွင် အမှတ်ပေးဖလားကို သုံးနှစ်ဆက် ရယူထားသော အသင်း
ဖြစ်ပြီး ရတနာပုံအသင်းနှင့်အတူ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။



ဖတ်ရှုမှုအများဆုံး