လာမည့် ဇွန်လတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဟော်ကီအသင်းသည် ငွေတံဆိပ်
ဆု ရယူနိုင်ရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဟော်ကီ အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌ ဦးလုလုထော်က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော်တို့အသင်းက မနှစ်က ဆီးဂိမ်းမှာ ကြေး တံဆိပ်ဆုရရှိခဲ့ပါတယ်။ အမျိုးသားအသင်းရော၊
အမျိုးသမီး အသင်းရောရခဲ့တာပါ။ ဒီနှစ်အသင်းကိုတော့ မျိုးဆက်သစ် ကစားသမားတွေကို အဓိက
ထားပြီး အတွေ့အကြံုရှိတဲ့ ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။ မျိုးဆက် သစ်ကစားသမား
ရ၀ ရာခိုင်နှုန်းလောက် ပါ၀င်ပါတယ်။ဒီနှစ်မှာ အသင်းကို သေချာပြင်ဆင်ခဲ့တဲ့အတွက် မနှစ်က အောင်မြင်မှုထက် မနည်းတဲ့ အောင်မြင်မှုအတွက် ကြိုးစား သွားမှာပါ။ ငွေတံဆိပ်ဆုကို မျှော်မှန်းထားပါတယ်"ဟု ဦးလုလုထော်က ပြောသည်။ ဦးလုလုထော်က"မြန်မာအသင်းက ငွေတံဆိပ်ကိုပဲ အမြင့်ဆုံးမျှော်မှန်းလို့ ရပါတယ်။ ဆီးဂိမ်းဟော်ကီပြိုင်ပွဲ မှာ မလေးရှားအသင်းကို ယှဉ်လို့ မရပါဘူး။ မလေးရှား ဟော်ကီအသင်းက ကမ္ဘာ့အဆင့်ရှိပါတယ်။ ဒါကြောင့် ငွေတံဆိပ်ကိုမျှော်မှန်းပါတယ်။ အသင်းကိုလည်း ယုံကြည် မှုရှိပါတယ်"ဟု ပြောသည်။
မြန်မာ့လက်ရွေးစင် ဟော်ကီအသင်းသည် ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေဖြင့် မလေးရှားနိုင်ငံသို့ မတ်လ ၉ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ သွားရောက်နေထိုင်ပြီး လေ့ကျင့်သွားမည်ဖြစ်သည်။ ပူးတွဲလေ့ကျင့်နေစဉ် ပဏာမ မလေးရှားလက်ရွေးစင် ဟော်ကီအသင်း၊ အကယ်ဒမီ အသင်းများ၊ တက္ကသိုလ်အသင်းများ၊ အခြားပြည်ပကလပ် အသင်းများနှင့် ချစ်ကြည်ရေးပွဲစဉ် ၁၇ ပွဲခန့် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
"မနှစ်က မလေးရှားနိုင်ငံကို သွားရောက်လေ့ကျင့်ခဲ့ပါတယ်။ဒီခရီးစဉ်က ကျွန်တော်တို့ ကစားသမားတွေ အတွက် အလွန်အထောက်အကူဖြစ်ပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲအတွေ့အကြံုတွေလည်းရရှိပါတယ်"ဟု ဦးလုလု ထော်က ပြောသည်။ လာမည့်ဆီးဂိမ်းပြိုင်ပွဲ၏ ဟော်ကီပြိုင်ပွဲတွင် မြန်မာနိုင်ငံက အမျိုးသားဟော်ကီအသင်းသာ ၀င်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။ လက်ရွေးစင်အသင်းအတွက် ကုန်ကျ စရိတ်များကို မြန်မာနိုင်ငံဟော်ကီအဖွဲ့ချုပ်၏ အသုံး စရိတ်ဖြင့်သာ သုံးစွဲရခြင်းကြောင့် အမျိုးသားအသင်းတစ်သင်းသာ ၀င်ရောက်ယှဉ်ပြိုင်နိုင် ခြင်းဖြစ်သည်။














