နူးကမ့်မှာ ဘာစီလိုနာ လက်စားပြန်ချေမယ့်ပွဲ

နူးကမ့်မှာ ဘာစီလိုနာ လက်စားပြန်ချေမယ့်ပွဲ

ဘာစီလိုနာ- ရီးယဲလ်မက်ဒရစ်
တနင်္လာ နံနက်၊ ၂း၃၀

ဒီတစ်ပတ်ကတော့ လာလီဂါရဲ့ ပွဲကြီး ပွဲကောင်းကို ကြည့်ရတော့မယ်။ လက်ရှိလာလီဂါရဲ့
အမှတ်ပေးဇယားအနေအထား အရတော့ ချန်ပီယံလမ်းကြောင်းထဲမှာ တစ်ချိန်လုံးရှိနေခဲ့တဲ့ အလက်တီကိုဟာ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်သွားပြီး တဲ့နောက် ချန်ပီယံလမ်းကြောင်း
ရဲ့ အပြင်ဘက်ကို ရောက်သွားပြီလို့ ပြောနိုင်တယ်။

လက်ရှိအချိန်မှာတော့ လာလီဂါရဲ့ ချန်ပီယံဆုဟာ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ် နှစ်သင်းသာ
အဓိကပြိုင်ရတော့မယ့် အနေ အထားမျိုးဖြစ်သွားပါပြီ။ မဟာအသင်းကြီး နှစ်သင်းအတွက်
နဂိုကတည်းကိုက ပြိုင်ဆိုင်မှုအမြဲကြီးမားနေရတဲ့ကြားထဲ ဒီတစ်ကြိမ်က ချန်ပီယံဆု အတွက်ပါ
စကားပြောသွားနိုင်တဲ့ပွဲဖြစ်လို့ ဒီပွဲဟာ ပိုပြီးတော့တောင် စိတ်ဝင်စားစရာ ဖြစ်နေတယ်။
ဒီအသင်းကြီးအချင်းချင်းကြားမှာတင်မကပါဘူး။ မက်ဆီနဲ့ ရော်နာဒို တို့နှစ်ယောက်အကြား
ယှဉ်ပြိုင်မှုကလည်းဒီပွဲရဲ့အရှိန်ကို ပိုပြီး မြှင့်တင်ထားသလို ဖြစ်နေတယ်။ မက်ဆီနဲ့ ရော်နာဒို
တို့ရဲ့ ဒီရာသီလာလီဂါ ဂိုးသွင်းဘုရင်ဆုအတွက် ယှဉ်ပြိုင်မှုကလည်း အပြိုင်အဆိုင်ဖြစ်နေတဲ့
အချိန်ဖြစ်လို့ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှု ရော၊ အသင်းကြီးနှစ်သင်းရဲ့ ယှဉ်ပြိုင်မှု နှစ်ခုစလုံးပါ
အကြိတ်အနယ်ဖြစ်လာတော့ မှာ သေချာတယ်။ ဘာစီလိုနာဟာ ပထမအကျော့
ဘာနေဗျူးကွင်းမှာတုန်းကတော့ နေမာရဲ့ပွဲအစပိုင်း သွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့်
ပွဲအပြီးမှာတော့ ၃၁ အရှုံးနဲ့ ရင်ဆိုင်ထား ရတယ်။ အဲဒီတုန်းက ဘာစီလိုနာရဲ့ခြေစွမ်း
က ပြုပြင် တည်ဆောက်နေဆဲ ကာလမျိုးဖြစ် နေလို့ အသင်းခြေစွမ်းကလည်း အားရ စရာ
မရှိသေးဘူး။ ရီးယဲလ်ကတော့ ဘာစီလိုနာ နဲ့ ပထမအကျော့ရင်ဆိုင်တဲ့အချိန်မှာ ခြေစွမ်း
လျှမ်းလျှမ်းတောက်နေတဲ့ အချိန်ဖြစ်ပြီး တိုက်စစ်အားကလည်း အားရစရာကောင်း နေတဲ့
အချိန်မျိုးဖြစ်လို့ ဘာစီလိုနာဟာ ရီးယဲလ်ကို ဘယ်လိုမှ တားဆီးနိုင်စွမ်းမရှိ ခဲ့ပါဘူး။ ဒါပေမဲ့
အခုအချိန်မှာတော့ အနေ အထားက ပြောင်းပြန်ပြန်ဖြစ်သွားတယ်။ ဘာစီလိုနာဟာ ပထမ
အကျော့ ရီးယဲလ်ကို ရှုံးခဲ့တုန်းက အခက်အခဲတွေကြားထဲမှာ ရုန်းကန်နေရတဲ့ အချိန်ဖြစ်ပေမယ့်
အခု အချိန်မှာတော့ ခြေစွမ်းပြန်လည်တည်ငြိမ် ကောင်းမွန်နေတဲ့အပြင် တိုက်စစ်ပိုင်းကပါ
သွင်းဂိုးတွေ မြူးလာနေတဲ့ အချိန်ဖြစ်နေ တယ်။ ရီးယဲလ်ကတော့ ပထမအကျော့က အခြေအနေနဲ့
မတူတော့ဘူး။ ခြေစွမ်းက အကျဘက်ကို ပြန်ရောက်သွားပြီး ကစား သမားတစ်ယောက်ချင်းရော
၊ နည်းပြအတွက် ပါ ဖိအားတွေပိုရှိနေတဲ့အချိန်မျိုးလည်း ဖြစ်နေတယ်။ အထူးသဖြင့် ဘာစီ
လိုနာကို လေးမှတ် လောက်ဖြတ်ထားနိုင်တဲ့ အနေအထားမျိုး ကနေ အမှတ်တွေဆုံးရှုံးကုန်ပြီး
ဘာစီလိုနာ နဲ့ထိပ်တိုက်တွေ့ခါနီးမှ ဦးဆောင်နေတဲ့ထိပ်ဆုံးနေရာကိုပါ ဘာစီလိုနာလက်ထဲ
ထည့်ပေးလိုက်ရတာက ရီးယဲလ်အတွက် ကြီးမားတဲ့ ဖိအားပေးခံရတဲ့ အခြေအနေ မျိုးလည်း
ရောက်သွားခဲ့တယ်။ ဒီတော့ လက်ရှိအဘက်ဘက်မှာ ဖိအားပိုများနေနိုင်တဲ့ ရီးယဲလ်အနေနဲ
့ ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ရလဒ်ကောင်းတွေရအောင် ပြန်ယူပြီး သူတို့အပေါ်မှာရှိနေတဲ့
ဖိအား တွေကို လျှော့ချနိုင်မလားဆိုတာ စိတ်ဝင်စား စရာဖြစ်လာတယ်။ ရီးယဲလ်ဟာ ဒီပွဲမကစားမီ
ဘာစီလိုနာလို ချန်ပီယံလိဂ်ပွဲမကစားထားရလို့ ဘာစီလိုနာ နဲ့ပွဲအတွက် တစ်ပတ်လုံးပြင်ဆင်
ချိန်ရထား တဲ့ အချက်ကတော့ ရီးယဲလ်ရဲ့အားသာမှုလို့ ပြောနိုင်တယ်။ ဒီအနေအထားကို ရီးယဲလ်
အကောင်းဆုံးအသုံးချနိုင်ပါ့မလား။ လက်ရှိ ရီးယဲလ်ကစားပုံအရတော့ အားရစရာသိပ်
မကောင်းတာ အမှန်ပါပဲ။ နောက်ဆုံးကစားထားတဲ့ ဘီလ်ဘာအိုနဲ့ အဝေးကွင်းပွဲမှာ လည်း
ရီးယဲလ်ရှုံးပွဲကြံုထားခဲ့ရလို့ ဘာစီ လိုနာကို နူးကမ့်မှာ ထိန်းချုပ်ကစားနိုင်ရေး ဆိုတာ ရီးယဲလ်
အတွက် တကယ့်စိန်ခေါ်မှုတစ်ခုလို့လည်း ပြောနိုင်တယ်။ ဘာစီလိုနာကတော့ သူတို့အတွက်
မထင်မှတ်ဘဲရလာတဲ့ အခွင့်အရေးတစ်ခု ကို အကောင်းဆုံးဆက် ထိန်းနိုင်ဖို့ အိမ်ကွင်း
မှာကြိုးစားလိမ့်မယ်။ ဘာစီလိုနာဟာ နဂို ကတည်းကိုက ဒီရာသီမှာ နည်းပြသစ် အင်းနရစ်လက်ထဲ
ပြင်ဆင်ဆဲကာလတစ်ခု လို သတ်မှတ်ထားခဲ့ပြီး ဆုဖလားတွေရရှိဖို့ ထက် တည်ငြိမ်တဲ့
အသင်းကောင်းတစ်သင်း အဖြစ် ရောက်နိုင်သမျှ အမြင့်ဆုံးနေရာ ရောက်နိုင်ဖို့ မျှော်လင့်ထား
တာပဲရှိလို့ ဒီလို အခြေအနေမျိုးထိရောက်လာတာ သူတို့ အတွက် အခွင့်အရေးကောင်းတစ်ခု
ရလိုက် တာလို့ပဲ ပြောနိုင်တယ်။ ချန်ပီယံလိဂ်ပွဲအဖြစ် ကြားရက်မှာ မန်စီးတီးနဲ့ ကစားထား
ရပေမယ့်လည်း ဘာစီ လိုနာဟာ နည်းပြအန်းနရစ်ရဲ့ အလှည့်ကျလူထုတ်တဲ့စနစ်အောက်မှာ
အသားကျနေတာကို တွေ့နေရပြီဖြစ်လို့ သူတို့အတွက် ပွဲပန်းမှု အခြေအနေတစ်ခုကို အကောင်းဆုံး
ကျော်ဖြတ်နိုင်ဖို့ အရည်အချင်းမျိုးလည်း ရှိနေတယ်။ ဘာစီလိုနာကိုကြည့်လိုက်ရင် တိုက်စစ်မှာ
မက်ဆီတစ်ယောက်ကလွဲပြီး ကျန်တဲ့ကစားသမားနေရာတွေမှာ အပြောင်း အလဲတွေလုပ်
ကစားလေ့ရှိပြီး အခုဆိုရင် အသင်းဟာလည်း ဒီအပြောင်းအလဲတွေ ကြားထဲမှာပဲ ကစားပုံ
တည်ငြိမ်မှုရလာနေ တာတွေ့ရတယ်။ ရီးယဲလ်ကတော့ ဘာစီလိုနာလို မဟုတ် ဘူး။ အဓိက
ကစားသမားတွေ မကစားနိုင်တဲ့အချိန်ရောက်ရင် အသင်းကစားပုံဟာ လျော့ရဲလာတတ်တာကို
အခုနောက်ပိုင်း အသင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် အဓိကကစားသမားအချို့ အနားယူရချိန်
ရီးယဲလ်ရဲ့ ရလဒ်ပိုင်းကို ပြန်ကြည့်လိုက်ရင် တွေ့နိုင်ပါလိမ့်မယ်။ ခံစစ်မှာ ရာမို့စ်နဲ့ ပီပီ တို့နှစ်ဦး
မကစားနိုင်ချိန် ကွင်းလယ်မှာ ခီဒီရာ၊ မိုဒရစ်တို့ မကစားနိုင်တဲ့အချိန်တွေ မှာ အသင်းရဲ့ ခံစစ်
ကစားပုံအားနည်းသွား တာသိသာသလို တိုက်စစ်မှာလည်း ရိုဒရီ ဂွက်ဇ်မကစားနိုင်တဲ့အချိန်က
စပြီး ဂိုးသွင်းနှုန်းသိသာစွာ လျော့ကျသွားခဲ့တယ်။ ဒါ့ပြင် အခုနောက်ပိုင်း ဘာစီလိုနာရဲ့ MSN တိုက်စစ်
အတွဲကတော့ တဖြည်းဖြည်းနဲ့ အတွဲညီစွာ ဂိုးတွေရနေတဲ့အချိန်လည်း ဖြစ်တယ်။ အထူးသဖြင့်
မက်ဆီရဲ့သွင်းဂိုး တွေကိုလည်း ပိုမြင်လာရပြီး ရော်နာဒိုအောက်မှာ ၁၅ ဂိုးလောက် လျော့
နည်းနေ တဲ့အနေ အထားကနေ အခုဆိုရော်နာဒိုကို ပြန်ကျော်တက်ပြနိုင်တဲ့အထိ ဖြစ်လာတာ
ကိုကြည့်လိုက်ရင် မက်ဆီနဲ့ရော်နာဒိုကြားမှ ဂိုးသွင်းနှုန်းအနေအထား တစ်ခုကလည်း
ထင်သာမြင်သာရှိနေတယ်။ ဒါကြောင့် လက်ရှိအချိန်မှာတော့ ပထမအကျော့လိုမဟုတ်ဘဲ
ပြောင်းလဲသွားတဲ့အနေအထား အရ နူးကမ့်မှာကစားမယ့်ပွဲအတွက် ဘာစီလိုနာကိုပဲ
ဦးစားပေးရပါတော့မယ်။

အခြားပွဲစဉ်များ

စနေ နံနက်၊ ၂း၁၅
အယ်လ်ချီ - ဗလင်စီယာ *

စနေ ည၊ ၉း၃၀
* အလက်တီကို - ဂီတာဖေး

စနေ ည၊ ၁၁း၃၀
ရာယို - မာလာဂါ *

တနင်္ဂနွေ နံနက်၊ ၁း၃၀
* လီဗန်တေး - ဆယ်လ်တာ

တနင်္ဂနွေ နံနက်၊ ၃း၃၀
* ဂရန်နာဒါ - အိုင်ဘာ

တနင်္ဂနွေ နံနက်၊ ၃း၃၀
* ဘီလ်ဘာအို - အယ်လ်မီရီယာ

တနင်္ဂနွေ ည၊ ၁၀း၃၀
* ဗီလာရီးယဲလ် - ဆီဗီလာ

တနင်္ဂနွေ ညနေ၊ ၅း၃၀
* ဒီပို့တီဗို - အက်စ်ပန်ညို

တနင်္လာ နံနက်၊ ၀၀း၃၀
* ဆိုစီဒက်- ကော်ဒိုဘာ



ဖတ်ရှုမှုအများဆုံး