ဒီတစ်ပတ်က ပြည်တွင်းလိဂ်ပွဲတွေ မရှိဘူး။နိုင်ငံတကာပွဲတွေ ပြန်ဝင်လာတယ်။ ယူရို၂၀၁၆
ခြေစစ်ပွဲတွေ ပြန်ကစားတော့မယ်။ အခုတစ်ကြိမ် ပြန်ကစားရမယ့် အချိန်က နောက်ဆုံးပန်း
အဝင်လို့ ပြောနိုင်တယ်။
၂၀၁၄ အတွင်း ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲတွေကိုပြန်ကြည့်ရင်တော့ အသင်းကြီးတွေရဲ့ ခြေစွမ်းပိုင်း
ဟာ ထင်သလောက် အားရစရာ မရှိခဲ့ဘူး။ ကမ္ဘာ့ဖလားရဲ့ အရှိန်ကြောင့် အသင်းကြီးတွေ
ပြန်မလာနိုင်သလို ဖြစ်နေကြ တာပါသလို တစ်ဖက်မှာလည်း ဒီရာသီ ယူရို ခြေစစ်ပွဲတွေ
ရဲ့ ခြေစစ်ပွဲအောင် အသင်းအရေအတွက် တိုးမြှင့်လိုက်မှုတွေကြောင့် လည်း ပါလိမ့်မယ်ထင်တယ်။
အရင်ကလို အုပ်စု ပထမ၊ ဒုတိယနှစ်သင်းသာ ခြေစစ်ပွဲ အောင်ခွင့်ရှိတာမျိုး မဟုတ်တော့ဘဲ
အုပ်စု တတိယအသင်းတွေပါ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးရလာတာက အသင်းကြီးတွေ
အတွက်လည်း ခြေစစ်ပွဲအောင်နိုင်မယ့် အနေအထားက ပိုပြီးအားကောင်းနေတာကြောင့်
၂၀၁၄ အတွင်း ကစားခဲ့ကြတဲ့ပွဲတွေမှာ အသင်းကြီးတွေရဲ့ အားထုတ်မှု တွေက ထင်သလောက်
အားရစရာမရှိခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ကတော့ အသင်းကြီး တွေအတွက်
သိပ်ပြီးပေါ့လျော့လို့ မဖြစ်နိုင်တော့ဘူး။ ပန်းဝင်ခါနီးဖြစ်လာတာနဲ့အညီ အသင်းကြီးတွေ
အတွက် သူတို့ရဲ့ ဂုဏ်သိက္ခာ အတွက် ရပ်တည်မှုကောင်းတစ်ခုကို ပြန်ရယူ ပြဖို့
လိုနေပြီဖြစ်တယ်။
ဒီအထဲမှာ လက်ရှိယူရို နှစ်ကြိမ်ဆက် ချန်ပီယံ စပိန်က ထိပ်ဆုံးက ပါနေလိမ့်မယ်နဲ
့တူတယ်။ သူတို့အတွက် လတ်တလောရည်မှန်းချက် ကလည်း ကမ္ဘာ့ဖလားမှာ
ကျဆုံးခဲ့မှုကို ပြန် အဖတ်ဆယ်ပြဖို့ ခြေစစ်ပွဲအောင်ဖို့က ပထမ အဆင့် ရည်မှန်းချက်တစ်ခု
လို ဖြစ်နေတယ်။ စပိန်အသင်းကိုကြည့်လိုက်ရင်လည်း ကမ္ဘာ့ ဖလားပွဲအပြီးကတည်းက
နာလန်မထူနိုင်သလိုဖြစ်နေတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမတိုင်မီ ကအထိ ကမ္ဘာ့အဆင့်
သတ်မှတ်မှုမှာ ထိပ်ဆုံး နေရာမှာ ရှိနေခဲ့တဲ့ စပိန်ဟာ အခုဆိုရင် အဆင့်(၁၀)အပြင်ဘက်
ကိုတောင် ရောက်သွားခဲ့တာက သူတို့အတွက် မျက်နှာပျက် စရာလည်း ဖြစ်ခဲ့ရတယ်။
ဒီတော့ အခု တစ်ကြိမ် ယူရိုပွဲတွေပြန်အလာမှာတော့ သူတို့ ပြန်လုပ်ပြကြရတော့မယ်။
လက်ရှိ ခြေစစ်ပွဲ တွေမှာ စပိန်အသင်းဟာ လေးပွဲကစား ပြီးချိန် တစ်ပွဲရှုံးထားပြီး ရမှတ်
ကိုးမှတ်နဲ့ ဒုတိယနေရာ ရောက်နေတာကလည်း စပိန် အသင်းအတွက် တွန်းအားတွေပိုရှိ
လာတော့ မှာ ဖြစ်တယ်။ အထူးသဖြင့် ရှုံးထားရတဲ့အသင်းက ဆလိုဗက်ကီးယားလိုအသင်းမျိုး
ဖြစ်နေတဲ့အပြင် အဓိကပြိုင်ဘက်လို့ သတ်မှတ် ခံရတဲ့ ယူကရိန်းနဲ့ အမှတ်တူပြီး
ဒုတိယနေရာ မှာ အတူရှိနေတာကလည်း စပိန်ကို ဖိအား ပိုရှိသွားစေတယ်။ အခုပြန်
စကစားရတော့ မယ့်အချိန်မှာပဲ စပိန်ရဲ့ ပြိုင်ဘက်က ယူကရိန်း အသင်းဖြစ်နေလို့လည်း
အခုပြန်ကစားမယ့် အချိန်မှာ စပိန်အတွက်အရေးကြီးတဲ့ ပွဲတစ်ပွဲ နဲ့ ပြန်စရတော့မလို
ဖြစ်နေတယ်။
ဒီတော့ စပိန်အသင်းပြန်လာနိုင်စွမ်းရှိပါ့မလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်လာတာတော့
အမှန်ပဲ။ စပိန်အသင်းကို ကြည့်လိုက်ရင်လည်း ကမ္ဘာ့ဖလားပွဲပြီးကတည်းက အသင်းရလဒ်
ပိုင်းတွေက မငြိမ်လှသေးဘူး၊ ခြေစစ်ပွဲမှာ ဆလိုဗက်ကီးယားကို အဝေးကွင်း မှာ ၂-၁ နဲ့ ရှုံးထား
ခဲ့သလို ခြေစမ်းပွဲအဖြစ် အိမ်ကွင်းမှာ ဂျာမနီကိုလည်း ၁ဪဝ နဲ့ အရှုံးပေး ထားခဲ့ရတယ်။
အသင်းမှာ စပိန်ရဲ့ ရွှေရောင် မျိုးဆက်တစ်ခု အဆုံးသတ်သွားမှုဟာလည်း ပိုထင်ရှားလာသလို
ဖြစ်လာခဲ့တယ်။
အခု ယူကရိန်းနဲ့ ခြေစစ်ပွဲအပြီး ကမ္ဘာ့ဖလားမှာ သူတို့ကို နှိပ်ကွပ်ပြခဲ့တဲ့ နယ်သာလန်နဲ့လည်း
ခြေစမ်းပွဲ ဆက်ကစားရဦးမှာဆိုတော့ ဒီ တစ်ကြိမ်ကစားရမယ့် နှစ်ပွဲစလုံးဟာ စပိန်
အသင်းရှေ့ရေးအတွက် အရေးပါတဲ့ ပွဲမျိုးတွေ ဖြစ်နေတယ်လို့ ဆိုရမယ်။ ဒီလိုအသင်းအတွက်
အရေးပါနေတဲ့အချိန် မှာ နည်းပြ ဒယ်လ်ဘော့စကေး အတွက် လည်း စိန်ခေါ်မှုတစ်ခုလို
ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ကလပ် အသင်းတွေအတွက်ကလည်း
အရေးကြီးတဲ့ အချိန်မျိုးဖြစ်နေတယ်။
ကလပ်အသင်းတွေ ပန်းဝင်ချိန်နီးလာတဲ့ ကာလမျိုးဖြစ်နေလို့ ကစားသမားတွေဘက်
ကလည်း ကလပ် အသင်းတွေဘက်ကို ပိုပြီး အာရုံစိုက်ပေး ထားရတဲ့ အချိန်မျိုးမှာ
နိုင်ငံအသင်းအတွက် အပြည့်အဝ ပေးဆပ်နိုင်ခြင်း ရှိနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်
ချင်စရာ ဖြစ်လာတယ်။ အထူးသဖြင့် စပိန်အသင်းတွေဟာ ပြည်တွင်း ပွဲတွေတင်မကဘူး
ပြည်ပပွဲတွေကပါ အရေး ကြီးတဲ့အချိန်ကို ရောက်လာကြပြီဖြစ်လို့ စပိန်အသင်းဟာ
အရေးပါတဲ့ပွဲတွေ ကစားရ မယ့်အချိန်မှာ ကစားသမားတွေဆီက အပြည့် အဝရနိုင်ဖို့ဆိုတာ
သိပ်လွယ်ကူနိုင်မယ် မထင်ဘူး။ နောက်ပြီး စပိန်အသင်းကို ကြည့်လိုက် ပြန်ရင်လည်း
နည်းပြဒယ်လ်ဘော့စကေးအတွက် အပြောင်းအလဲတစ်ခုကို လုပ်နေရတဲ့ အချိန်မျိုးလည်း
ဖြစ်နေတယ်။ အသင်းမှာ အရေးပါတဲ့ ကစားသမားတချို့အနားယူသွား ကြပြီဖြစ်လို့
သူတို့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားမျိုးတွေကို ရှာဖွေစမ်းသပ်နေ ရဆဲ ဖြစ်သလို
စပိန်အသင်းရဲ့ နဂိုကစားဟန် ကိုလည်း ခေတ်သစ်ကစားဟန်နဲ့ အံဝင်အောင်
ပြောင်းလဲပေးနေရသေးတဲ့ ကာလမျိုးလည်း ဖြစ်နေတယ်။ ဒီတော့ နည်းပြ ဒယ်လ်ဘော့
စကေးအတွက် စပိန်အသင်းကို ဘယ်လို ပြင်ဆင်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။
စပိန်အသင်းအတွက် ဒီတစ်ပတ် ဒယ်လ်ဘော့စကေးရဲ့ လူစာရင်းကိုကြည့်ရင်တော့
တိုက်စစ်မှူးနေရာမှာ ကော့စတာပြန်ပါလာတာ၊ ကွင်းလယ်မှာ ဆီဗီလာမှာ ခြေစွမ်းပြနေတဲ့
ကွင်းလယ်လူ ဗီတိုလိုကို ပထမဆုံးအကြိမ်အဖြစ် ရွေးခဲ့တာကလွဲပြီး သိပ်ထူးခြားတဲ့
ပြောင်းလဲမှုမျိုးတော့ မရှိပါဘူး။ ခံစစ်မှာ ပုံမှန် ရွေးနေကြ ချယ်လ်ဆီးက အက်ဇ်ပီလီကွေတာ
ကိုတော့ မရွေးခဲ့ဘူး။ ဒယ်လ်ဘော့စကေးက ခံစစ်တောင်ပံနှစ်ဖက်အတွက် ညာဘက်မှာ
ရီးယဲလ်က ကာဘာဟယ်လ်နဲ့ အလက်တီကိုက ဟွမ်ဖရန်တို့ ရှိနေပြီး ဘယ်ဘက်မှာ
ဘာစီလိုနာက အယ်လ်ဘာ၊ ဘိုင်ယန်မြူးနစ်က ဘားနက်တို့ရှိနေလို့ အက်ဇ်ပီလီကွေတာ
အတွက် နေရာမရှိဘဲ ဖြစ်ခဲ့ရတယ်။ စပိန်အသင်းကိုကြည့်ရင် ခံစစ်တောင်ပံနေရာတွေမှာ
လူရွေးချယ်ရတာဟာ ပြဿနာမရှိ အောင် ကစားသမားကောင်းတွေရှိနေပေမယ့် ခံစစ်အတွင်း
လူနေရာကို ကြည့်မယ်ဆိုရင်တော့ ပီကေး၊ ရာမို့စ်နဲ့ အယ်လ်ဘီယိုတို့လို လူဟောင်းတွေကိုပဲ
အားကိုးနေရသေးတဲ့ပုံပေါ်နေတယ်။ ဒယ်လ်ဘော့စကေးအတွက် ခံစစ်အတွင်းလူနေရာဟာ
ဖြေရှင်းရခက်နေဆဲနေရာတစ်ခုလို့ ပြောနိုင်တယ်။ ကွင်းလယ်ပိုင်းကို ကြည့်လိုက်ရင်လည်း
ဇာဗီ၊ ဇာဘီအလွန်ဆိုတို့ မရှိတော့ပေမယ့် အင်နီယေစတာ၊ ဘူးစကွက်ဇ်၊ ဆေးလ်ဗား၊
ဖာဘရီဂတ်စ်၊ ကာဇိုလာတို့လို လူဟောင်းတွေ ပါနေပြီး ဘီလ်ဘာအိုက ဆန်ဟိုဆေး၊
ဆီဗီလာ က ဗီတိုလို၊ အလက်တီကိုက မာရီယိုဆွာရက်ဇ် တို့လို လူငယ်ကစားသမားတွေနဲ့
ပေါင်းစပ်ပေးထားနိုင်လို့ စပိန်အသင်းရဲ့ ကွင်းလယ် အားကတော့ ပြောစရာသိပ်မရှိလှပါဘူး။
ဒါပေမဲ့ စပိန်အသင်းရဲ့ နောက်ထပ်ပြဿနာရှိနိုင်တဲ့နေရာက တိုက်စစ်ပိုင်းလို့ပြောရမယ်။
ဒယ်လ်ဘော့စကေးဟာ တိုက်စစ်အတွက် ကော့စတာကိုရွေးထားပေမယ့် နီဂရီဒို၊ တောရက်စ်တို့လို ၀ါရင့်တိုက်စစ်သမားတွေကို ချန်ထားခဲ့တာ တွေ့ရတယ်။ ဒယ်လ်ဘော့ စကေးရဲ့ တိုက်စစ်လူစာရင်းကိုကြည့်ရင် ကော့စတာဟာ စပိန်အသင်းမှာ ဂိုးရဖို့ ရုန်းကန် နေရသေးပြီး ပက်ဒရိုနဲ့မိုရာတာတို့ကလည်း အားကိုးရလောက်တဲ့ အဆင့်မျိုးကို မရောက်ကြသေးပါဘူး။ ဒါကြောင့် စပိန်အသင်းရဲ့ အင်အားဟာ ပြည့်စုံကောင်းမွန်လှတဲ့ အဆင့် မျိုးမှာတော့ မရှိသေးပါဘူး။ ဒီကြားထဲ ကစား သမားတွေဘက်ကလည်း နိုင်ငံတကာပွဲတွေ အပေါ် အာရုံအပြည့်ထားဖို့ အားနည်းနေနိုင် တာလည်း ရှိနေသေးတော့ စပိန်အသင်း အတွက် အခုယူရိုခြေစစ်ပွဲတွေ ပြန်အစမှာ ခက်ခက်ခဲခဲ ရုန်းကန်ရဦးမယ့်ပုံပါပဲ။














