အာရှ ယူ-၂၃ ချန်ပီယံရှစ်ခြေစစ်ပွဲနှင့် ၂၀၁၅ စင်ကာပူဆီးဂိမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည့်
မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းတွင် လိုအပ်ချက်များစွာရှိနေသေးကြောင်း ယူ-၂၂ အသင်း၏
နည်းပြချုပ်ဖြစ်သူ ဦးကြည်လွင်က မလေးရှား ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအပြီးတွင်
ပြောကြားခဲ့သည်။
"ကျွန်တော်တို့ အသင်းမှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်ဆိုတာ သိပါတယ်။ ဒါကို
ပြင်ဆင်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အမှန်တော့ အသင်းက ပြင်ဆင်ချိန် သိပ်မရခဲ့ပါဘူး။ ဒါက
ဆင်ခြင်ပေးတာ မဟုတ်ဘူးနော်။ မြန်မာ ယူ-၂၂ အသင်းမှာ ဖြစ်နေတာကို ပြောပြတာ။ မတ်လ
၈ ရက်နေ့က မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပြီးတယ်။ ပြီးတာနဲ့ ကျွန်တော်တို့ တန်းပြီး ဂျပန်မှာ
ခြေစမ်းပွဲ သွားကစားတယ်။ အသင်းက ကစားသမားအပြည့်အစုံနဲ့ သေချာလေ့ကျင့်ချိန် နှစ်ရက်
လောက်ပဲရခဲ့တာပါ။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားခဲ့တယ်။ စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားတဲ့
ဂျပန်လို အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တယ်။ ထိုင်းကိုလည်း ထပ်ရှုံးတယ်။ နိုင်ငံတကာ
ခြေစမ်းပွဲတွေက ချစ်ကြည်ရေးပွဲ ဆိုပေမယ့် ထိုက်တန်တဲ့ရလဒ်ရမှ ကစားသမားတွေ
အားတက်မှာပါ။ ကျွန်တော့်အသင်းမှာ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြံုမရှိတဲ့ ကစားသမားတွေ
အများကြီးပါ၀င်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီခြေစမ်းပွဲတွေက ကစားသမားတွေအတွက် အတွေ့အကြံု
အများကြီး ရခဲ့ပါတယ်" ဟု မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း၏ နည်းပြချုပ် ဦးကြည်လွင်က
ပြောသည်။
မြန်မာ ယူ-၂၂ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်းတို့၏ ခြေစမ်းပွဲကို ပြီးခဲ့သည့် မတ်လ
၂၂ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး တစ်ဖက်တစ်ဂိုးစီဖြင့်
သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အဆိုပါခြေစမ်းပွဲသည် မြန်မာ ယူ-၂၂ အသင်း အတွက် တတိယမြောက် နိုင်ငံတကာခြေစမ်းပွဲ
ဖြစ်ပြီး မြန်မာ ယူ-၂၂ အသင်းသည် မလေးရှားအသင်းနှင့် ခြေစမ်းပွဲမတိုင်မီ ဂျပန် ယူ-၂၃ အသင်း၊
ထိုင်း ယူ-၂၃ အသင်းများနှင့် ခြေစမ်းပွဲကစားခဲ့ရာ ဂျပန်အသင်းကို ကိုးဂိုး-ဂိုးမရှိ၊ ထိုင်းအသင်းကို
တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ခြေစမ်းပွဲ သုံးပွဲကစား ပြီးချိန်တွင် နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ဖြစ်ထားပြီး ပေးဂိုး
၁၁ ဂိုးရှိထားပြီး ရဂိုးတစ်ဂိုးသာ ရရှိထားသည်။
မြန်မာအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ပြီး နောက်မလေးရှား ယူ-၂၂ အသင်း၏ နည်းပြကလည်း
မြန်မာအသင်းတွင် တိုက်စစ် အားနည်းချက်များစွာရှိကြောင်း သုံးသပ် ပြောကြားခဲ့သည်။
"မြန်မာအသင်းက ကျွန်တော်တို့ အသင်းကို တိုက်စစ်ဦးစားပေးပုံစံနဲ့ ကစားခဲ့ပါတယ်။ ဒါပေမဲ့
မြန်မာအသင်းမှာ တိုက်စစ်အားနည်းချက်တွေ ရှိနေပါသေးတယ်။ မြန်မာ ကစားသမားတွေ
အနေနဲ့လည်း ပွဲအပေါ်အာရုံစိုက်မှု အားနည်းနေတာကို တွေ့ရတယ်။ ဒီနေ့ပွဲ သရေကျခဲ့ပေမယ့်
ဒီရလဒ်ကို ကျေနပ်ပါတယ်။ ကျွန်တော်တို့ အသင်းမှာလည်း လိုအပ်ချက်များစွာ ရှိသေးတယ်။
အာရှခြေစစ်ပွဲအတွက် နှစ်သင်းစလုံးမှာ လိုအပ်ချက်တွေ ရှိနေသေးမယ့် ကျွန်တော်တို့
အကောင်းဆုံး ကြိုးစားသွားမှာပါ။ မြန်မာအသင်းလည်း အားနည်းချက်တွေကို အချိန်မီပြင်ဆင်နိုင်
လိမ့်မယ်လို့ ထင်ပါတယ်"ဟု မလေးရှား ယူ-၂၂ အသင်း၏ နည်းပြ Mohamed Razip Ismail က
ခြေစမ်းပွဲအပြီးတွင် ပြောကြားခဲ့သည်။
"အာရှခြေစစ်ပွဲကလည်း ကပ်နေပြီဆိုတော့ ဆက်လက်လေ့ကျင့်ပေးသွားရမယ်။ ဆီးဂိမ်းပြိုင်ပွဲ
လည်းရှိတဲ့အတွက် ဒီကြားထဲမှာ အသင်းကို အကောင်းဆုံးကြိုးစားပြင်ဆင်သွားရမှာပဲ။ ပြီးခဲ့တဲ့ပွဲ
တွေအတွက် ပြင်ဆင်ချိန် အလုံအလောက်မရခဲ့ပေမယ့် ဆီးဂိမ်းအတွက် ပြင်ဆင်ချိန် လုံလောက်
ပါတယ်။ ကစားသမား အင်အားလည်း ထပ်ဖြည့်သွားဖို့ ရှိတယ်။ အာရှခြေစစ်ပွဲပြီးရင်တော့
ဆီးဂိမ်းအကြိုပြင်ဆင်မှုအနေနဲ့ အခြားနိုင်ငံတွေမှာ သွားရောက် ပူးတွဲလေ့ကျင့်ဖို့ စီစဉ်နေပါတယ်။
ဘယ်နိုင်ငံတွေဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ မြန်မာနိုင်ငံနဲ့ ရာသီဥတုတူတဲ့ နိုင်ငံတွေကို
သွားရောက်လေ့ကျင့်သွားမှာပါ"ဟု ဦးကြည်လွင်က ပြောသည်။
မြန်မာ ယူ-၂၂ အသင်းသည် ၂၀၁၆ အေအက်ဖ်စီ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲ၏ ခြေစစ်ပွဲကို
၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အုပ်စု(စ)တွင် အိမ်ရှင် တရုတ်တိုင်ပေ၊ ဟောင်ကောင်၊
ဩစတြေးလျအသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။
အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မတ်လ ၂၇ ရက်နေ့ တွင် တရုတ်တိုင်ပေအသင်း၊ မတ်လ ၂၉ ရက်နေ့တွင်
ဟောင်ကောင်အသင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဩစတြေးလျအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်
ဖြစ်သည်။
၂၀၁၆ အေအက်ဖ်စီ ယူ-၂၃ ချန်ပီယံရှစ် ခြေစစ်ပွဲကို အာရှနိုင်ငံပေါင်း ၄၃ နိုင်ငံမှ အသင်းများက
အုပ်စု ၁၀ စုခွဲ၍ ၀င်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အုပ်စု ပထမ ၁၀ သင်း၊
အကောင်းဆုံး အုပ်စု ဒုတိယ ငါးသင်း၊ အိမ်ရှင်ကာတာအသင်း စုစုပေါင်း ၁၆ သင်းတို့သည်
ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သည်။
အဆိုပါ ခြေစစ်ပွဲအောင် ၁၆ သင်း နှင့် ပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ထိပ်ဆုံး
သုံးသင်းသည် ၂၀၁၆ ဘရာဇီးလ် အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။















