ခြေကျနေတဲ့ နာပိုလီကို မေ့ထားလိုက်မယ်

ခြေကျနေတဲ့ နာပိုလီကို မေ့ထားလိုက်မယ်

ရိုးမား - နာပိုလီ
စနေ၊ ညနေ ၅းဝဝ

စီးရီးအေတွင် ထိပ်ဆုံးက ဦးဆောင်နေ သော ဂျူဗင်တပ်နှင့် ၁၄ မှတ် ပြတ်သွား ချိန်၌ မြို့ခံပြိုင်ဘက် လာဇီယိုက လည်း နိုင်ပွဲဆက်၍ တစ်မှတ်အကွာသို့ ရောက်ရှိလာသောကြောင့် ဒုတိယ နေရာက ရိုးမား၏ အနေအထားသည် မဖြစ် မနေ အားထည့်ကစားရတော့မည်ဖြစ်သည်။

တစ်ဖက်ကလည်း ယူရိုပါလိဂ် ရှုံးထွက်အဆင့်တွင် စီးရီးအေပြိုင်ဘက် ဖီအိုရင်တီးနားကို နှစ်ပွဲပေါင်း ၄-၁ ဖြင့် အရေးနိမ့်ပြီး နောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသော ရိုးမား သည် စီးရီးအေ ပြိုင်ပွဲတစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက်ဖို့ ကျန်တော့သည်။ ၂၀၁၅ခု၊ ဇန်နဝါရီ ၆ရက်တွင် စီးရီးအေ အမှတ် ပေးပွဲ ပြန်လည်စတင်သောအခါ တွင် ရိုးမားသည် ယူဒီးနိစ်ကွင်း၌ ၁-၀ ဖြင့် နိုင်ခဲ့သည်။ ထို့နောက် ဇန်နဝါရီ ၁၁ ရက်တွင် မြို့ခံပြိုင်ဘက် လာဇီယိုနှင့် ၂-၂ သရေကျ သည့်ပွဲက စတင်ကာ ခြေစွမ်းရော ရလဒ်များ ပါ အကျဘက်သို့ ယိုင်ဆင်းသွားသည်။

စီးရီးအေတွင် လာဇီယို၊ ပါလာမို၊ ဖီအိုရင် တီးနား၊ အမ်ပိုလီတို့နှင့် လေးပွဲဆက်တိုက် သရေကျခဲ့သည်။ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဖီအိုရင်တီးနားကို အရေးနိမ့်ပြီးနောက် ကိုပါအီတာလျံရှုံးထွက်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို စီးရီးအေတွင်လည်း ခြေစွမ်းကျဆင်းမြဲ ကျဆင်းလျက် ရှိသည်။

ဖေဖော်ဝါရီ လလယ်ပိုင်းမှာ စတင်ကာ ရိုးမားသည် ပါးမား၊ ဗီရိုနာ၊ ဂျူဗင်တပ်၊ ချီယေဗိုတို့နှင့် သရေကျခဲ့သောကြောင့် ထိပ်ဆုံးက ဂျူဗင် တပ်နှင့် အမှတ်ပြတ်သွားသည်။ မတ်လ ၁၇ ရက်တွင် ဆမ်ဒိုးရီးယားကို ၂-၀၊ မတ်လ ၂၀ ရက်တွင် ဖီအိုရင်တီးနားကို ၃ဪဝ ဖြင့် ဆက်တိုက်ရှုံးခဲ့ပြန်ရာ ရိုးမားခြေစွမ်းသည် အနိမ့်ဆုံး အခြေအနေသို့ ရောက်သွားပြီး ယူရိုပါလိဂ်ပြိုင်ပွဲကလည်း ထွက်လိုက်ရ သည်။ ပြီးခဲ့သော ပွဲစဉ်တွင်မူ တန်းမဆင်းရရေး ရုန်းကန် နေရသော ဆီစီနာကွင်း၌ ၁-၀ ဖြင့် နိုင်လိုက်၍ ရိုးမားတို့ အသက်ရှူချောင် သွားသည်။ ဖေဖော်ဝါရီနှင့် မတ်လများထဲတွင် ရိုးမားတိုက်စစ်သည် အထူးပင် ရုန်းကန်ခဲ့ ရပြီး ဂိုးသွင်းအား သိသိသာသာ ကျဆင်း သွားသည်။

အဓိကတိုက်စစ်မှူးများ ဒဏ်ရာ၊ ပွဲပယ်၊ ခြေစွမ်းပျောက်ဆုံးခြင်းများဖြင့် လုံးချာလည်ခဲ့သော ရိုးမားသည် ဖေဖော်ဝါရီနှင့် မတ်လထဲတွင် စီးရီးအေ၊ ကိုပါ အီတာလျံရှုံးထွက်ဖလားနှင့် ယူရိုပါလိဂ် ပြိုင်ပွဲသုံးရပ်၌ စုစုပေါင်း ၁၃ ပွဲ ကစားခဲ့ရာ၌ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ငါးပွဲတိတိ ဂိုးသွင်းနိုင်ခြင်း မရှိတာကို တွေ့ရသည်။ တစ်ဖက်တွင် ထို ၁၃ ပွဲအတွင်း ၁၄ ဂိုးသွင်းခံရသောကြောင့် တစ်ပွဲပျမ်းမျှ တစ်ဂိုးနှုန်း သွင်းခံခဲ့ရသည်။ သို့ကလိုကြောင့် တိုက်စစ် ခံစစ်၊ ရဂိုးနှင့်ပေးဂိုး ချိန်ထိုးလိုက်လျှင် ရိုးမားတို့ ဒုတိယနေရာက အောက်ဘက်သို့ ဆင်းမသွားရခြင်းသည်ပင် ကံကောင်း လွန်းသည်။ တစ်ဖက်တွင် နာပိုလီသည် ရစ်သမ်မိပြီး တောက်လျှောက် ခြေတက်နေရာက မတ်လ ဆန်းတွင် ရုတ်တရက် အကျဘက်သို့ ယိုင်ဆင်းလာသည်။ အထူးသဖြင့် ယူရိုပါလိဂ် ပြန်လည်စတင်ချိန်၌ ပြိုင်ပွဲသုံးခု တစ်ပြိုင် နက်တည်း ဖွင့်ကစားလိုက်ရချိန်တွင် နာပိုလီခြေစွမ်းနှင့် ရလဒ်များ သိသိသာသာ ကျဆင်းသွားသည်။ မတ်လ ၂ ရက်တွင် တိုရီနိုကို ၁-၀ ဖြင့် အရေးနိမ့် ပြီးနောက် လာဇီယိုနှင့် ၁-၁၊ အင်တာမီလန်နှင့် ၂-၂ သရေကျသည်။ တစ်ဖန် ဗီရိုနာကို ၂-၀ ဖြင့် အရေးနိမ့်ပြီး နောက် အတ္တလန္တာနှင့် ၁-၁ သရေကျသည်။ တစ်ဖက်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဒိုင်နမို မော်စကို အသင်းကို နှစ်ပွဲပေါင်း ၃-၁ ဖြင့် အနိုင်ရပြီးနောက် နာပိုလီသည် ကွာတား ဖိုင်နယ်အဆင့်သို့ တက်ရောက်သွားသည်။ ကိုပါအီတာလျံ ဆီမီးဖိုင်နယ် ပကျော့တွင် လာဇီယိုကို ၁ဪ၁ သရေကျထားသောကြောင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် အခွင့်အရေးရှိနေဆဲ ဖြစ်သည်။

ခြံုကြည့်လျှင် နာပိုလီသည် ပြိုင်ပွဲသုံးခု စလုံးတွင် အရေးကြီးသော အချိန်အပိုင်း အခြားသို့ ရောက်နေသောကြောင့် ဖိအား များပြီး ပွဲပန်းသွားဖွယ်ရှိသည်။ တစ်ဖက် တွင် ရိုးမားသည် စီးရီးအေတစ်ခုတည်းကိုသာ အပြည့်အဝ အာရုံစိုက်ရမည် ဖြစ် သည်။ အစောပိုင်းက ဒဏ်ရာကြောင့် လူမစုံ ခဲ့သော ရိုးမားတိုက်စစ်မှူးများလည်း ယခု အခါတွင် လူစုံ ပြန်လည်ကစားနိုင်ပြီ ဖြစ် သည်။ သို့ကလိုကြောင့် အိမ်ရှင်အားသာချက်ရှိသော ရိုးမားကို ရွေးချယ်သင့်ပြီး ဂိုးနည်းသောပွဲ ဖြစ်လာနိုင်သည်။



ဖတ်ရှုမှုအများဆုံး